ပေါ်တူဂီနိုင်ငံအလယ်ပိုင်း တောင်ထူထပ်တဲ့ ပေဒရိုဂေါင် ဂရန်ဒီဒေသမှာ တောမီးလောင်ကျွမ်းလို့ ဇွန် ၁၈ ရက်နေ့အထိ အနည်းဆုံး လူ ၆၂ ဦး သေဆုံးခဲ့ပြီးပြီလို့ အစိုးရက ပြောပါတယ်။
သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်ပြီး သေဆုံးသူအများစုက လမ်းပေါ်မှာ ကားအသီးသီးနဲ့ သွားလာရင်း မီးဝိုင်းခံရသူတွေ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဂျော့ခ်ျ ဂိုမဲ့ဇ်က ပြောပါတယ်။
“မီးသတ်သမားတွေ အပါအဝင် လူ ၅၄ ယောက် ဒဏ်ရာရလို့ ဆေးရုံကို တင်ပို့ထားပါတယ်။ လူ ၄ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ မီးသတ်သမား အယောက် ၆၀၀ က ကြိုးစားငြှိမ်းသတ်နေပေမယ့် မီးကို ခုချိန်ထိ မထိန်းချုပ်နိုင်သေးပါဘူး။ အရေးပေါ်ကယ်ဆယ်ရေးသမားတွေကို ကူညီဖို့ အစိုးရက စစ်တပ် တပ်ရင်း ၂ ရင်းကို စေလွှတ်ထားပါတယ်။ မီးသတ်လေယာဉ်တွေ စေလွှတ်ကူညီမယ်” လို့ ဥရောပသမဂ္ဂက ပြောပါတယ်။
ဒေသခံတွေကတော့ သူတို့အိမ်တွေ မီးလောင်ပြီးနောက် နာရီနဲ့ချီကြာတဲ့အထိ မီးသတ်သမားတွေကို မမြင်ရသေးဘူးလို့ ပြောပါတယ်။
သစ်တောထိန်းသိမ်းရေး စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး ဝေးလံသီခေါင်တဲ့ ရွာတွေမှာ လူဦးရေ နည်းပါးလို့ သစ်တောဧရိယာ အတော်များများကို လက်လှမ်းမမီ ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီတောမီးဟာ ဆယ်စုနှစ်တွေအတွင်း ပေါ်တူဂီနိုင်ငံမှာ လူသေမှုအများဆုံး တောမီးတွေထဲက တခု ဖြစ်လာပါတယ်။
ဒေသတွင်း အပူလှိုင်း ပြင်းထန်နေပြီး လေပြင်းတွေကြောင့် မီးလောင်ရာလေပင့် ဖြစ်ခဲ့ပါတယ်။ တောမီးကြောင့် လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဂိုမဲ့ဇ်က ပြောခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံတလွှား နေရာ ၆၀ လောက်မှာ တောမီးလောင်ကျွမ်းနေပြီး မီးသတ်သမား အယောက် ၁၇၀၀ က နိုင်ငံအဝှမ်းမှာ ကြိုးစားငြှိမ်းသတ်နေပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို မသိသေးပေမယ့် မိုးကြိုးမုန်တိုင်းတွေဟာလည်း အကြောင်းရင်းတခု ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် အန်တိုနီယို ကို့စ်တာက ခန့်မှန်းပြောဆိုပါတယ်။ အစိုးရက ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ် ကြေညာခဲ့ပါတယ်။
6 years Ago