ပွေ့ဖက်အနမ်းပေးခဲ့ကြသည့်

January 26, 2017

ပွေ့ဖက်အနမ်းပေးခဲ့ကြသည့် ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်း ပုံစံတူစုံတွဲ (ရုပ်သံ)

ဒီမြင်ကွင်းဟာ လက်တွေ့မှာ တကယ့်ကို မဖြစ်နိုင်တဲ့ အမှန်တရားတခုပါပဲ။ ဘာလို့လဲဆိုတော့ အငြင်းပွားစရာကောင်းလှတဲ့ အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ဖက်ယမ်းပွေ့ဖက် နှုတ်ဆက်မှုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးလို့ပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဇန်န၀ါရီလ ၂၅ ရက်နေ့က တရုတ်နှစ်သစ်ကူး တေး သံတွေနဲ့အတူ ဟောင်ကောင်မြို့လယ်ခေါင် လူသူရှုပ်ထွေးတဲ့ လမ်းမတွေပေါ် အတူ လမ်းလျှောက်ကာ ပွေ့ဖက်အနမ်းပေးခဲ့ကြတဲ့ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်းပုံစံတူ စုံတွဲကို တွေ့ရမှာပါ။ ကင်မ်အဖြစ် ပုံစံတူသရုပ်ပြခဲ့သူကတော့ ဟောင်ကောင်အခြေစိုက် သြစတြေးလျ နိုင်ငံသား ဂီတပညာရှင် ဟောင်းဝပ်ဒ်ဖြစ်ပြီး သူ့ရဲ့ ပုံသေအမှတ်အသားတခုဖြစ်တဲ့ အနက်ရောင် ယူနီဖောင်းကို ၀တ်ဆင်ခဲ့ပြီး တက်တက်ကြွကြွချီတက်ခဲ့တာကို တွေ့ရပါတယ်။ အသက် ၆၆ နှစ်အရွယ် အမေရိကန်ဂီတပညာရှင် ဒဲန်းနစ်စ်အယ်လဲန်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အဖြစ် ပုံစံတူသရုပ်ပြခဲ့ကြတာပါ။ အယ်လဲန်ဟာ သရုပ်ပြမှုပီပြင်စေဖို့ ဟောင်းဝပ်ဒ်နဲ့အတူ ၃ ကြိမ်ထက်မနည်း လေ့ကျင့်ခဲ့ရပြီး ထရမ့်ပုံ ပီပီသသထွက်လာစေဖို့ကိုတော့ မျက်နှာ၊ ဆံပင်နဲ့ အ၀တ်အစားတွေ ကအစ ပြင်ဆင်ချိန် ၁ နာရီနဲ့ ၁ နာရီခွဲကြား ပေးခဲ့ရတာလို့ ဆိုပါတယ်။ “သူဟာ အာဏာရှင်ခေါင်းဆောင်တယောက်လို တကယ့်ကိုပဲ တူပါတယ်။ ကျနော့်လိုပေါ့”လို့ ဟောင်းဝပ်ဒ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့တုန်းကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သူ့နိုင်ငံအနေနဲ့ တိုက်ကြီးများကြား ဒုံးကျည်ပစ်လွှတ်မှုစမ်းသပ်ဖို့ အသင့်ဖြစ်နေပြီ လို့ ပြောခဲ့တာပါ။ ဒေါ်နယ်ထရမ့်ကတော့ အဲဒီအချိန်မှာပဲ ဒါဟာ ဖြစ်လာလိမ့်မှာမဟုတ်ဘူးလို့ သူ့ရဲ့ တွစ်တာအင်တာနက်စာမျက်နှာပေါ်မှတဆင့် ပြန်ရေးခဲ့တာကို တွေ့ရပါတယ်။
5 years Ago
Up