ပျောက်ဆုံး MH370 မလေးရှား

January 18, 2017

ပျောက်ဆုံး MH370 မလေးရှား လေယာဉ် ရှာဖွေမှု ရပ်ဆိုင်း

လူ ၂၃၉ ဦးနဲ့ ပျောက်ဆုံးသွားတဲ့ MH370 မလေးရှားလေကြောင်းလိုင်းလေယာဉ် ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီး တချိန်ချိန်မှာ ပြန်လည်ရှာဖွေနိုင်ပေမယ့် အထောက်အထားခိုင်လုံမှပဲ ရှာဖွေတော့မယ်လို့ သြစတြေးလျအစိုးရက ပြောဆိုပါတယ်။ ၃ နှစ်နီးပါး လေယာဉ်ပျောက်ကို ရှာဖွေခဲ့ပေမယ့် လေယာဉ်နဲ့ ပတ်သက်လို့ ဘာမှ ရေရေရာရာ ရှာဖွေမတွေ့ခဲ့ကြတဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေကို  သြစတြေးလျ၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့က အင်္ဂါနေ့က ရပ်ဆိုင်းလိုက်ပါတယ်။ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ဧရိယာစတုရန်းမိုင် ၄၆၀၀၀ ကျော် ပင်လယ်ပြင်မှာ လေယာဉ်ပျောက်ကို ရှာဖွေခဲ့ကြပေမယ့်လည်း ဘာမှ မတွေ့ခဲ့လို့ အခုလို စိတ်မကောင်းစွာပဲ ဆုံးဖြတ်ခဲ့ရတယ်လို့ လေယာဉ်ပျောက်ပူးပေါင်းရှာဖွေရေးအဖွဲ့ကပြောဆိုပါတယ်။ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ ဒါဟာ တာဝန်မဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ တောင်းဆိုထားကြပါတယ်။ ခရီးစဉ် MH 370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ်၊ မတ်လဆန်းမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်ကို ပျံသန်းချိန် ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ကလို့ ယူဆရတဲ့အစိတ်အပိုင်း အခု ၂၀ လောက် တွေ့ရှိခဲ့တာမှာ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ လုံးဝသေချာတယ်။ ဒါမှမဟုတ် ဖြစ်နိုင်ချေ များတယ်ဆိုတဲ့ အစိတ်အပိုင်း ၇ ခုလောက်ပဲ တွေ့ရှိခဲ့ကြတာပါ။ လေယာဉ်နဲ့ ပျောက်ဆုံးသွားကြတဲ့ ခရီးသည် ၂၂၇ ဦးမှာ အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
5 years Ago
Up