ပျောက်ဆုံးနေသည့် တောင်ကိုရီးယား ကုန်တင်သင်္ဘောကြီးကို ရှာဖွေ

April 3, 2017

ပျောက်ဆုံးနေသည့် တောင်ကိုရီးယား ကုန်တင်သင်္ဘောကြီးကို ရှာဖွေ

လူ ၂၄ ဦး လိုက်ပါခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောကြီးတစီးဟာ တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပျောက်ဆုံးနေလို့ ရှာဖွေရေး စတင်ဆောင်ရွက်နေပြီလို့ ဥရုဂွေးရေတပ်က ဧပြီ ၂ ရက်နေ့မှာ ပြောပါတယ်။ သင်္ဘောသား ၂၄ ဦးထဲက ဖိလစ်ပိုင်သဘောင်္သား ၂ ဦးပါတဲ့ အသက်ကယ်လှေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဥရုဂွေးရေတပ် ပြောခွင့်ရသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖြော်ပပါတယ်။ မတ် ၃၁ ရက်နေ့က အရှည်ပေ ၁၀၀၀ ကျော်ရှိတဲ့ စတဲလာဒေစီ (Stellar Daisy) ကုန်တင်သင်္ဘောကြီးက ရေယိုနေကြောင်း သင်္ဘောဝန်ထမ်းတဦးက သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဥရုဂွေးရေတပ်က အဲဒီကုန်တင်သင်္ဘောကြီးကို စတင်ရှာဖွေနေပြီး သင်္ဘောပျောက်သွားတဲ့ နေရာတဝိုက်ကို ကုန်တင်သင်္ဘောတွေ စေလွှတ်ထားတယ်၊ သင်္ဘော လောင်စာဆီကွက်တွေ၊ သင်္ဘောအစအနတွေနဲ့ ဘယ်သူမှမပါတဲ့ အသက်ကယ်လှေတွေကို တွေ့ရှိထားတယ်၊ အချိန်ကြာလာတာနဲ့အမျှ သူတို့ကိုရှာတွေ့ဖို့ အခွင့်အရေးနည်းလေပဲလို့ ဥရုဂွေးရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သင်္ဘောသား ၂၂ ဦးကို ဆက်လက်ရှာဖွေနေပြီး ဘရာဇီးလ်နဲ့ ဥရုဂွေးနိုင်ငံတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် အကူအညီတောင်းထားတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး အရာရှိက ပြောပါတယ်။ စတဲလာဒေစီ ကုန်တင်သင်္ဘောကြီးဟာ ဘရာဇီးနိုင်ငံက သံရိုင်းတန်ချိန် ၂ သိန်း ၆ သောင်းကျော်ကို တရုတ်နိုင်ငံဆီ သယ်ဆောင်လာတာပါ။ တောင်ကိုရီးယား ရေကြောင်းကုမ္ပဏီတခုရဲ့ တွင်းတွက်သတ္တု သယ်ဆောင်ရေးသင်္ဘောကြီး ဖြစ်ပြီး ဖိလစ်ပိုင်လူမျိုး ၁၆ ဦးနဲ့ တောင်ကိုရီးယားလူမျိုး ၈ ဦး ပါတယ်လို့ ဆိုပါတယ်။ ဥရုဂွေးနိုင်ငံတောင်ဘက် မိုင် ၂၃၀၀ အကွာ ကမ်းလွန်ပင်လယ်ပြင်မှာ ပျောက်ဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေက ဆိုပါတယ်။
4 years Ago
Up