ပေါ့အဆိုတော်အဖွဲ့

July 11, 2015

ရေပန်းစားလာသည့် ၈၄ နှစ်အရွယ် ဂျပန်အဘွားအိုများ ပေါ့ပ်အဆိုတော်အဖွဲ့ (ရုပ်သံ)

ဂျပန်ပင်စင်စားအဘွားအိုတွေ ပါဝင်ဖွဲ့စည်းထားတဲ့ “ခေဘီဂျီ၈၄” အဖွဲ့ဟာ လတ်တလောမှာ ရေပန်းစားတဲ့ အမျိုးသမီးပေါ့ပ်အဆိုတော်အဖွဲ့ ဖြစ်နေပါတယ်။ ပျမ်းမျှအသက် ၈၄ နှစ်သက်တမ်းရှိတဲ့ အဲဒီအဖွဲ့ဟာ အိုကီနာဝါ၊ ကိုဟားမားကျွန်းစု ဒေသကဖြစ်ပြီး ဂျပန်ဂီတဖျော်ဖြေရေးပွဲတွေမှာ လက်မှတ်တွေအားလုံး ရောင်းချခဲ့ရပြီး သူတို့ရဲ့ ပထမဆုံးဓာတ်ပြား အောင်မြင်မှုအတွက် အနည်းငယ် စိုးရိမ်ပူပန်ခဲ့တယ်လို့ ပြောပါတယ်။ “တယောက်ယောက်က ကျမတို့ကို ပြည်သူ့အချစ်တော်တွေလို့ ပြောတာကို ကြားရတဲ့အခါ ဒါဟာ ကျမတို့ဖြတ်သန်းတဲ့ဘ၀မှာ ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်ဘုံတံခါးဝကို ရောက်သွားခဲ့ရသလိုပါပဲ။” လို့ အသက် ၉၂ နှစ်အရွယ် သေးသေးညှက်ညှက် အဆိုတော် အဘွားအို တိုမီမင်နာကာက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ တိုမီမင်နာကာဟာ လမ်းလျှောက်တောင်ဝှေးကိုကိုင်ပြီး ရော့ခ်စတားတဦးပုံစံ စင်ပေါ်မှာ ရိုးရာအိုကီနာဝါကြိုးတပ် တူရိယာနဲ့အတူ စိတ်လွတ်လက်လွတ် ရယ်မောပျော်ရွှင်စရာ ကကွက်တွေနဲ့ သီဆိုကပြလေ့ ရှိပါတယ်။ “ကျမတို့ ခုလို အတူတူဖျော်ဖြေကြတဲ့ အခါလောက် တခါမှ မပျော်ဖူးဘူး။ တိုကျိုကို ပထမအကြိမ်သွားရတော့ ကျမ မွေးဖွားလာတာ ကံကောင်းတယ်လို့ တွေးမိတယ်။ ကျမမြေးတွေနဲ့လည်း တွေ့ချင်တယ်။ သူတို့ကို ဘယ်တော့မှမမေ့ဘူး။ မျက်ရည်တောင်လည်မိပါတယ်။” အိုကီနာဝါကျွန်းသူကျွန်းသားတွေဟာ ကမ္ဘာ့မျှော်မှန်း သက်တမ်းအမြင့်ဆုံး နိုင်ငံတွေထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။ သူတို့ပုံမှန်စားနေကျ အစားအစာတွေဟာ ဂျပန်ပြည်မမှာ စားသုံးတဲ့ အစားအစာတွေထက် သကြားပမာဏနည်းပြီး အသီးအရွက်တွေကို ပိုမိုစားသုံးလေ့ ရှိကြတယ်လို့ သတင်းကဆိုပါတယ်။ ဂျပန်ဘွားဘွားများအဖွဲ့ “ခေဘီဂျီ၈၄” ရဲ့ ခေါင်းဆောင် တိုမီမင်နာကာဟာ အသက် ၈၀ ရှိနေပြီဖြစ်ပေမယ့် ခုချိန်ထိ သွက်လက်ဖျတ်လတ်စွာ အိမ်ထောင်မှုအလုပ်တွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ ၉၇ နှစ်အရွယ် အဘွားအို ဟာယုရာမာရှိယိုက အသားနဲ့ ချိုတဲ့ အစားအစာတွေကို ကြိုက်တယ်လို့ ပြောပါတယ်။ “ကျမ ကျန်းမာရေးကို ထမင်းချက်၊ ကြမ်းတိုက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ထိန်းသိမ်းတယ်။ ရာသီဥတု အရမ်းပူရင် အပြင်မထွက်ဘူး။ အသားအရေ နေလောင်မှာစိုးလို့။ ကျမအသားအရေကို ထိန်းသိမ်းရမယ်။ ခုချိန်ထိ ကျမကိုယ်ကျမ ငယ်သေးတယ်လို့ ခံစားရတယ်။” သက်ကြီးရွယ်အို ပေါ့ပ်ဘုရင်မတွေရဲ့ ဘ၀ဟာ အရင်ကထက် အနည်းငယ် ပြောင်းလဲသွားပါပြီ။ သူတို့ဟာ အချင်းချင်း စကားစမြည်တွေ ပြောကြဆိုကြ ပြောင်ကြနောက်ကြရင်းနဲ့ ပျော်ရွှင်နေကြပါတယ်။
6 years Ago
Up