ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်၏ ဂီတဖျော်ဖြေပွဲတွင်း ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး ၁၉ ဦး သေဆုံး

May 23, 2017

ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်၏ ဂီတဖျော်ဖြေပွဲတွင်း ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး ၁၉ ဦး သေဆုံး (ရုပ်သံ)

မေလ ၂၂ ရက် ညပိုင်းက ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန် ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်ရဲ့ ဂီတဖျော်ဖြေပွဲမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး ၅၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီဖျော်ဖြေပွဲကို မန်ချက်စတာမြို့မှ ပရိသတ် ၂ သောင်း ၁ ထောင်လောက်ဆန့်တဲ့ အားကစားရုံတခုတွင်းမှာ ပြုလုပ်ခဲ့တာပါ။ ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိလာနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားချိန်မှာပဲ ဒီပေါက်ကွဲမှုက အချိန်ကိုက်ဖြစ်ခဲ့တာလို့ ဗြိတိန်ရဲတွေက ပြောပါတယ်။ ဒီပွဲကို သွားရောက်ကြည့်ရှုခဲ့တဲ့ မျက်မြင်သက်သေတဦးကတော့ ဂီတဖျော်ဖြေပွဲအပြီး ညပိုင်း ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ဒီပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပရိသတ်တွေဟာ ထိတ်လန့်တကြား အော်ဟစ်ပြေးလွှားခဲ့ကြတယ်လို့ ဆိုပါတယ်။ “ကျမတို့ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်ကို အပြေးအလွှားရှာခဲ့ရတယ်။ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးတော့ လူတွေ ကြောက်လန့်ပြီး အော်ခဲ့ကြပါတယ်” လို့ ဖျော်ဖြေပွဲကိုသွားခဲ့တဲ့ ကက်သရင်း မက်ခ်ဖာလိန်းက ပြောပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အဆိုတော် အေရီယန်နာ ဂရဲန်းဒ်ကတော့ ထိခိုက်ဒဏ်ရာ တစုံတရာ မရရှိခဲ့ဘူးလို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။ ဒီဂီတဖျော်ဖြေပွဲအတွင်းမှာ ကလေးတွေလည်း အများအပြား လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေထဲမှာတော့  လူတွေ ထိတ်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးနေခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီပေါက်ကွဲမှုနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ရုပ်သံ - ThaiVisaNewsFacebook
4 years Ago
Up