ပေါ့ပ်ဘုရင်မ

August 16, 2018

ပေါ့ပ်ဘုရင်မ မက်ဒေါနားရဲ့ အရောင်အသွေးစုံ နှစ် ၆၀ ခရီးအကြောင်း တစေ့တစောင်း (ဓာတ်ပုံ)

မက်ဒေါနားလို့ ပြောလိုက်တာနဲ့ နာမည်ကြီး ပေါ့ပ်စတား အဆိုကျော်၊ မင်းသမီး၊ စာရေးဆရာ၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ စတဲ့အလုပ်တွေနဲ့ ထင်ရှားတဲ့ ငွေကြယ်ပွင့်တဦးအဖြစ် အားလုံးက ပြေးမြင်မိကြမှာပါ။ ဒီနေ့ကတော့ သူ့ရဲ့ အသက် ၆၀ ပြည့်ခဲ့ပြီဖြစ်သလို ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် အရောင်အသွေးစုံတဲ့ ခရီးလမ်းမထက်က အနုပညာပုံရိပ်တွေကို တစေ့တစောင်း ဖော်ပြပေးလိုက်ပါတယ်။ ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ဖော်ပြထားချက်အရ မက်ဒေါနားဟာ ကြီးကျယ်ခမ်းနားတဲ့ နယ်လှည့်ဖျော်ဖြေပွဲ ၁၀ ပွဲ ဖျော်ဖြေခဲ့ပြီးဖြစ်သလို အယ်လ်ဘမ်ချပ်ရေ သန်း ၃၀၀ ကျော် ရောင်းချခဲ့ရတဲ့ အရောင်းရဆုံး အမျိုးသမီး အနုပညာရှင်တဦးအဖြစ် စံချိန်တင်ထားနိုင်သူ ဖြစ်ပါတယ်။ နယူးယောက်မှာ အကပညာကို စတင်သင်ယူခဲ့ပြီးနောက်မှာ မိသားစုဘဝနဲ့ ရုပ်ရှင်နယ်ပယ်ထဲ ဖြတ်သန်းဝင်ရောက်လာခဲ့တဲ့ သူ့ရဲ့ ဖြတ်သန်းမှုပုံရိပ်တွေကို ဒီဓာတ်ပုံတွေထဲကတဆင့် မြင်တွေ့ကြရမှာပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံကတော့ မီချီဂန်ပြည်နယ်၊ ရိုချက်စတာမြို့မှာ ကြီးပြင်းခဲ့သူ မက်ဒေါနားရဲ့ အထက်တန်းကျောင်း မှတ်တမ်းထဲက ဓာတ်ပုံတပုံ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ နယူးယောက်မြို့ကို ရွှေ့ပြောင်းခဲ့ပြီးနောက် အကပညာကို သင်ယူခဲ့ကာ မော်ဒယ်တယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။   ဂီတလောကဆီ ခြေဦးတည်ခဲ့တာကတော့ ချစ်သူဖြစ်တဲ့ စတီဖင်ဘရေးနဲ့အတူ အကြမ်းတီးခတ် အသံသွင်းထားတဲ့ သီချင်းတွေက စတင်ခဲ့တာပါ။ ဒါပေမယ့် ၁၉၈၁ ခုနှစ်မှာ အစောပိုင်းကာလ ငြင်းပယ်ခံခဲ့ရတဲ့ စာတစောင်ကို ရရှိခဲ့ပြီး ဒီစာကို နယူးယောက်မှာ ၂၀၀၁ ခုနှစ်က လေလံအောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မက်ဒေါနားဟာ Sire Records ကနေ ပထမဆုံး သီချင်းတပုဒ်ဖြစ်တဲ့ Holiday ကို စတင်ထုတ်လွှင့်ခဲ့ပြီး ဒီသီချင်းဟာ ၁၉၈၃ ခုနှစ်မှာ ရောင်းတန်းဝင်သီချင်းတပုဒ် ဖြစ်သွားခဲ့ကာ ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ အမှတ်စဉ် ၁၆ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ တကိုယ်တော်အယ်လ်ဘမ်တွေဖြစ်တဲ့ Like A Virgin နဲ့ Material Girl တေးအယ်လ်ဘမ်တွေဟာလည်း အစောပိုင်းထွက်ခဲ့တဲ့ စာရင်းထဲမှာ ပါနေခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်ကတော့ မက်ဒေါနားရဲ့ အမှတ်သင်္ကေတ တခုလို့ ပြောစမှတ်ပြုရမယ့် နှစ်တနှစ် ဖြစ်လာခဲ့ပါတယ်။ သူဟာ အီသီယိုးပီးယား အငတ်ဘေးဒဏ်ခံ ဒုက္ခသည်တွေအတွက် ရန်ပုံငွေမြှင့်တင်မယ့် ဂီတဖျော်ဖြေပွဲတခု လုပ်ခဲ့လို့ပါပဲ။ အဲဒီနှစ်မှာပဲ သူဟာ Desperately Seeking Susan အမည်ရတဲ့ ဟာသဒရာမာ ရုပ်ရှင်ကားကို အမေရိကန်မင်းသမီး ရိုဆန်နာ အားခက်တ်နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေရော၊ ချီးကျူးမှုတွေပါ ရရှိခဲ့ပါတယ်။ မက်ဒေါနားဟာ ၁၉၈၅ ခုနှစ်မှာပဲ အမေရိကန် သရုပ်ဆောင်မင်းသား ရှောင်ပင်းနဲ့ လက်ထပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်က​ ရုပ်ရှင် Shanghai Surprise ကို အတူရိုက်ကူးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာပဲ တတိယမြောက် တေးအယ်လ်ဘမ်အဖြစ် ထွက်ရှိလာခဲ့တဲ့ True Blue အမည်ရတဲ့ တေးအယ်လ်ဘမ်ကတော့ သူ့ကို ပေါ့ပ်စတားတဦးအဖြစ် အသိအမှတ်ပြုလာစေပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ ထိပ်တန်းမှာ ရပ်တည်နေခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာတော့ ခင်ပွန်းဖြစ်သူ ရှောင်ပင်းနဲ့ ကွာရှင်းခဲ့ပြီးနောက် ရေပန်းစားသီချင်းတပုဒ်ဖြစ်တဲ့ Like A Prayer သီချင်း ထွက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်တွေမှာ သူဆိုနေတဲ့ သီချင်းတွေထဲမှာတော့ လိင်မှုကိစ္စနဲ့ အမျိုးသမီးတွေရဲ့ စွမ်းအားတွေအကြောင်းကို အသားပေး သီဆိုခဲ့တာမျိုးတွေ အများစုဖြစ်နေခဲ့ပြီး အငြင်းပွားဖွယ် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။   ဒါပေမယ့် အဲဒီလိုအခြေအနေတွေကြားကပဲ ၁၉၉၂ ခုနှစ်မှာတော့ Coffee Table အမည်ရတဲ့ စာအုပ်တအုပ်ကို ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြပြီး ထွက်ရှိလာခဲ့ကာ ဝေဖန်မှုတွေ ဆက်တိုက်ခံခဲ့ရပါတယ်။ ပုံတွေထဲမှာတော့ နာမည်ကြီး ဗြိတိန်မော်ဒယ် နာအိုမီ ကမ့်ဘဲလ်နဲ့ အမေရိကန်ရက်ပ်ပါ ဗနီလာအိုက်စ်တို့နဲ့အတူ လိင်ဆွဲအားပြင်းပုံရိပ်တွေ ပါဝင်နေတာပါ။ ၁၉၉၆ ခုနှစ်မှာတော့ မက်ဒေါနားရဲ့ ရုပ်ရှင်ခေတ်တခေတ်ဖြစ်စေမယ့် နာမည်ကြီး ဒါရိုက်တာ အလန်ပါ့ခ်ကာ ရိုက်ကူးတဲ့ Evita အမည်ရတဲ့ ဂီတဒရာမာ ရုပ်ရှင်ကားမှာ စပိန်မင်းသား အန်တိုနီယို ဘန်းဒရတ်စ်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ မက်ဒေါနားဟာ ကိုယ်ကာယလေ့ကျင့်ရေးဆရာ ကားလို့စ် လီယွန်နဲ့ သူ့ရဲ့သမီးဦးဖြစ်တဲ့ လော့ဒ်စ်ကို မွေးဖွားခဲ့ပြီး အကနဲ့ အီလက်ထရောနစ်စတိုင် သီချင်းအမျိုးအစားတွေ ပါဝင်တဲ့ Ray Of Light တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။   အဲဒီနောက် သူ့ဘဝထဲကို ထပ်ပြီး ဝင်ရောက်လာခဲ့သူကတော့ နာမည်ကြီး ဗြိတိန် ဒါရိုက်တာတဦးဖြစ်တဲ့ ဂိုင်းရစ်ချီဖြစ်ပြီး ပါတီတခုမှာ စတင်ဆုံခဲ့ကြကာ ရိုကိုအမည်ရတဲ့ သားတယောက် ထွန်းကားခဲ့ပါတယ်။ ဂိုင်းရစ်ချီဟာ ဇနီးဖြစ်သူကို ၂၀၀၂ ခုနှစ်ရုပ်ရှင် Swept Away မှာ အီတလီမင်းသား အက်ဒရီယာနို ဂီယန်နီနီနဲ့ တွဲဖက်သရုပ်ဆောင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်ကားဟာလည်း နာမည်ကျော်သွားခဲ့ပြီး Box Office ရဲ့ ထိပ်တန်းရုပ်ရှင်ကား စာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။   ၂၀၀၃ ခုနှစ်မှာတော့ မက်ဒေါနားနဲ့ အဆိုတော် ဘရစ်တ်နေစပီးယားစ်တို့ နှုတ်ခမ်းချင်း ဖလှယ်အနမ်းပေးနေတဲ့ ဓာတ်ပုံတပုံ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေကြား ဂယက်ရိုက်သွားခဲ့ပါသေးတယ်။ အဲဒီတနှစ်တည်းမှာပဲ သူဟာ ကလေးဖတ်စာအုပ်တအုပ်ဖြစ်တဲ့ Mr Peabody's Apples အမည်ရတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေခဲ့ပြီး အောက်ကပုံမှာတော့ နယူးဂျာစီမှာ ကလေးတွေကို ဖတ်ပြနေခဲ့တာကို တွေ့ကြရမှာပါ။ ၂၀၀၄ ခုနှစ်မှာတော့ Re-Intervention World Tour အမည်နဲ့ ဂီတဖျော်ဖြေပွဲတခုကို ကျင်းပခဲ့ပြီး လက်မှတ်ရောင်းရငွေဟာ ပေါင် ၆၂ သန်းခွဲကျော် ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။ မက်ဒေါနားဟာ မိသားစုထဲကို မာလာဝီနိုင်ငံက ၁၃ လသား ကလေးငယ် ဒေးဗစ်ကို ခေါ်ဆောင်လာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ တရားဝင် မွေးစားခွင့်ရခဲ့ကာ တချိန်တည်းမှာပဲ ၈ နှစ်ကြာ သက်တမ်းရှိတဲ့ ခင်ပွန်း ဂိုင်းရစ်ချီနဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပါတယ်။ Hard Candy အမည်ရတဲ့ တေးအယ်လ်ဘမ်ကိုလည်း ၂၀၀၈ ခုနှစ်မှာ ထုတ်ဝေခဲ့ကာ  Filth and Wisdom အမည်ရတဲ့ ရုပ်ရှင်ကားကိုလည်း ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တာပါ။ အဲဒီအချိန်မှာတော့ အသက် ၅၀ ပြည့်မွေးနေ့နဲ့အတူ Sticky And Sweet World Tour အမည်ရတဲ့ နယ်လှည့်ဂီတဖျော်ဖြေပွဲကိုပါ ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲအပြီး ၂၀၁၂ ခုနှစ်မှာတော့ MDNA အမည်ရတဲ့ တေးအယ်လ်ဘမ်အသစ် ထွက်ရှိခဲ့ပါတယ်။   ၂၀၁၄ ခုနှစ်မှာတော့ မက်ဒေါနားဟာ သားဖြစ်သူ ဒေးဗစ်နဲ့အတူ လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ ၅၆ ကြိမ်မြောက် ဂရမ်မီဂီတဖျော်ဖြေပွဲကို တက်ရောက်လာခဲ့တဲ့ ကော်ဇောနီပေါ်က ပုံရိပ်တွေကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူဟာ ခင်ပွန်းဟောင်း ရစ်ချီနဲ့ သားဖြစ်သူ အသက် ၁၆ နှစ် အရွယ် ရီကိုကို အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲဒီတနှစ်တည်းမှာပဲ တရုတ်နိုင်ငံမှာ Rebel Heart Tour အမည်နဲ့ ကျင်းပတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ နာမည်ကြီး ဖို့ဘ်မဂ္ဂဇင်းက ရွေးချယ်တဲ့ အချမ်းသာဆုံးအမျိုးသမီး အနုပညာရှင်အဖြစ် ဖော်ပြခဲ့ပြီး သူ့ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာသန်း ၅၈၀ ရှိတယ်လို့ ဆိုပါတယ်။ သူ့နောက်မှာတော့ တေးသံရှင် ဆလင်းဒီယွန်က သန်း ၃၈၀ နဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up