ပေါ့ဂ်ဘာ ၃ လခန့် နားရမည့်သတင်း မဟုတ်မှန်ကြောင်း မော်ရင်ဟိုပြော

September 18, 2017

ပေါ့ဂ်ဘာ ၃ လခန့် နားရမည့်သတင်း မဟုတ်မှန်ကြောင်း မော်ရင်ဟိုပြော

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် ၃ လ အနားယူရမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက မဟုတ်မှန်တဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ တံကောက်ကြောဒဏ်ရာ ရခဲ့တာကြောင့် အနားယူနေရသူဖြစ်ပြီး ၁၂ ပတ် အနားယူရမလား၊ ၁၂ ရက် အနားယူရမလားဆိုတာ မသိရသေးဘူးလို့ မော်ရင်ဟိုက ဆိုပါတယ်။ အပြင်မှာ သတင်းတွေ ထွက်ပေါ်နေသလို ပေါ့ဂ်ဘာ ၃ လလောက် အနားယူရမယ်ဆိုတာ မှားယွင်းနေပြီး မန်ယူအသင်းကလည်း အဲဒီလို ကြေညာချက်ထုတ်ပြန်ထားတာ မရှိဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။ ပေါ့ဂ်ဘာရဲ့ဒဏ်ရာဟာ တံကောက်ကြောမှာ ကြွက်သားဒဏ်ရာ ရထားတာဖြစ်ပြီး နောက်ထပ်တပတ်လောက်ရှိမှ အနားယူရမယ့်ရက် အတိအကျ သိရှိနိုင်မယ်လို့လည်း မော်ရင်ဟိုက ဆက်ပြောပါတယ်။ အသက် ၂၄ နှစ်ရှိ ပေါ့ဂ်ဘာဟာ ဘေဆယ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ ပွဲချိန် ၁၉ မိနစ်မှာပဲ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
4 years Ago
Up