ပေါလ်မန်နာဖို့တ်

March 8, 2019

ထရမ့်၏လက်ထောက်ဟောင်း ပေါလ်မန်နာဖို့တ်ကို ထောင်ဒဏ် ၄၇ လ ချမှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ထောက်ဟောင်းဖြစ်သူ ပေါလ်မန်နာဖို့တ်ကို ဘဏ္ဍာရေးပြစ်မှုတွေအတွက် မတ်လ ၇ ရက်နေ့က ထောင်ဒဏ် ၄၇ လနဲ့ ဒဏ်ငွေ အမေရိကန် ဒေါ်လာငါးသောင်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒါဟာ အထူးစုံစမ်းရေးမှူး ရောဘတ်မူလာရဲ့ စုံစမ်းရေးမှာ ပေါ်ပေါက်တဲ့ ပြစ်မှုတွေအတွက် ဖက်ဒရယ်ပြစ်ဒဏ်ချမှတ်ရေး လမ်းညွှန်ချက်တွေထက် လျှော့ပြီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဗာဂျီးနီးယားပြည်နယ် အလက်ဇန်းဒရီးယားမြို့ တရားရုံးစီရင်ချက်အတွင်း တရားသူကြီး တီအက်စ်အဲလစ်က မန်နာဖို့တ်ကို အခုလို ထောင်ဒဏ်နဲ့ ငွေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ မန်နာဖို့တ်ဟာ အခွန်လိမ်လည်မှု ငါးမှု၊ ဘဏ်လိမ်လည်မှု နှစ်မှုနဲ့ နိုင်ငံခြားငွေစာရင်းတွေ အကြောင်း ထိန်ချန်မှု တမှုနဲ့ အပြစ်ရှိတယ်လို့ ဂျူရီအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သီးခြားပြစ်ဒဏ် ချမှတ်ပေးဖို့ မတောင်းဆိုပေမယ့် ထောင်ဒဏ် ၁၉ နှစ်ခွဲကနေ ၂၄ နှစ်အထိ ကျခံရနိုင်တဲ့ ဖက်ဒရယ်ပြစ်ဒဏ်ချမှတ်ရေး လမ်းညွှန်ချက်တွေကို ရည်ညွှန်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီး အဲလစ်ကတော့ အဲဒီလမ်းညွှန်ချက်တွေဟာ ပြစ်ဒဏ်လွန်ကဲပြီး တခြားအမှုတွေနဲ့ နှိုင်းယှဉ်ရင် မလိုလားအပ်တဲ့ ကွဲပြားမှုတွေ ဖြစ်စေတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
2 years Ago
Up