ပေါင်မြို့နယ် အင်းဗြောင်ကုန်ထုတ်စခန်းတွင် အကျဉ်းသား ၁ ဦး ကျောက်တုံးပိသေဆုံး

April 10, 2018

ပေါင်မြို့နယ် အင်းဗြောင်ကုန်ထုတ်စခန်းတွင် အကျဉ်းသား ၁ ဦး ကျောက်တုံးပိသေဆုံး

  မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာရှိ အင်းဗြောင်ကုန်ထုတ်စခန်းမှာ  အကျဉ်းသားတစ်ဦး ကျောက်တုံးပိသေဆုံးခဲ့တယ်လို့ ပေါင်မြို့မရဲစခန်းက သိရပါတယ်။ ဧပြီ ၉ ရက် မနက်က အင်းဗြောင်ကျေးရွာရှိ အင်းဗြောင်အကျဉ်းဦးစီးဌာန ကျောက်မိုင်းအတွင်း အကျဉ်းစီးဌာနမှ ဝန်ထမ်းတွေနဲ့အတူ အကျဉ်းသား ၂၅၀ ဦးဟာ အဖွဲ့ ၅ ဖွဲ့ခွဲပြီး ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေစဉ် အမြင့်ပေ ၂၀၀ ခန့်ရှိ တောင်ပေါ်မှ ကျောက်တုံးတွေ ပြိုကျမှုဖြစ်ပွားခဲ့တာပါ။ ကျောက်တုံးတွေဟာ အကျဉ်းသား ဝင်းသူရိန် (ခ) မောင်ဝင်း(၂၂)နှစ်ပေါ်သို့ ပြုတ်ကျပိမိခဲ့လို့ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ခြေသလုံးကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးကပြောပါတယ်။ "မနက် ၉နာရီလောက်မှာ သူတို့တပ်ခွဲ ၅ က အကျဉ်းသား ၂၅၀ လောက်က ကျောက်ထုတ်ဖို့ တောင်ခြေမှာအလုပ်လုပ်နေကြတာ။ အဲ့ဒီ အချိန်မှာ အောက်မှာရှိနေတဲ့ ဝင်းသူရိန်အပေါ်ကို အပေါ်ကကျောက်တုံးပြုတ်ကျပြီး ထိမှန်ခဲ့တာပါ။ ထိတဲ့အရှိန်နဲ့ သူ့ရဲ့ခြေသလုံးကကြေမွသွားပြီး ဦးခေါင်းနောက်စေ့က ပေါက်ပြဲသွားပါတယ်။ လောလောဆယ်တော့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်" သေဆုံးသူမှာ မြဝတီခရိုင်တရားရုံးမှ ရာဇသတ်ကြီးအမှတ် ၅၉/၂၀၁၆ မူး/ယစ်ပုဒ်မ ၁၅ က အမှုဖြင့် ထောင်ဒဏ် ၄ နှစ်ကျခံနေရသူဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ပေါင်မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈ /၂၀၁၈ နဲ့ အမှုရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် /မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။ သတင်း - ယူမင်းစိုး
3 years Ago
Up