ပေါင်မြို့နယ်တွင်

November 25, 2017

ပေါင်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးများနှင့် သေနတ်တလက်ဖမ်းမိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းရွာ၊ ၁၄ ရပ်ကွက်ရှိ နေအိမ်တအိမ်ကို နိုဝင်ဘာ ၂၃ ရက်က သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနကရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာလူကြီးတို့ ပူးပေါင်းပြီး သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မူးယစ်ဆေးပြားတွေနဲ့အတူ တရုတ်နိုင်ငံလုပ် လေသေနတ်တလက် ဖမ်းဆီးရမိခဲ့ပါတယ်။ သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနက ရဲအုပ်အောင်သူက “သတင်းကြားလို့ ခရိုင်ရဲတပ်ဖွဲ့မှူး ထုတ်ပေးတဲ့ ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ အိမ်ရှင် ကျော်နိုင် (၄၂-နှစ်)နဲ့အတူ မုဒုံက ရောက်နေတဲ့ ဧည့်သည်တယောက်ကိုလည်း တွေ့ခဲ့ပါတယ်။ အိမ်ပေါ်မှာ တက်ရှာတော့ စိတ်ကြွဆေးပြား ၈၆ ပြားနဲ့ အခြားဆက်စပ်ပစ္စည်းတွေရယ်၊ တရုတ်နိုင်ငံလုပ် လေသေနတ် တလက်ရယ်၊ ခဲသီးတွေရယ်ကို ဖမ်းဆီးရမိခဲ့ပါတယ်” လို့ပြောပါတယ်။ ကျော်နိုင်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ နေအိမ်အပေါ် နောက်ဘက်ခန်းထဲက အပြာရောင် ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၆ ပြား၊ အလေးချိန် ၈ ဒသမ ၆ ဂရမ်ခန့်၊ ခန့်မှန်းတန်ဖိုး ၄၃၀,၀၀၀ ကျပ်၊ ပလတ်စတစ်ဘူးကို ခါးလယ်ကဖောက်ပြီး အအေးစုပ်ပိုက်တပ်ထားတဲ့ စိတ်ကြွဆေးပြား ရှူရာမှာ အသုံးပြုတဲ့ ကိရိယာ ၄ ခု၊ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် Oppo ဟန်းဆက် ၁ လုံး၊ အရှည် ၃ ပေ × ၄ လက်မခန့်ရှိ တရုတ်နိုင်ငံထုတ် အောက်ဆွဲလေသေနတ် ၁ လက်၊ အဖြူရောင် ကော်ဘူးအဝိုင်းနဲ့ ထည့်ထားတဲ့ လေသေနတ်ခဲသီး ၂၅၀ လုံး၊ ဆေးပြားရောင်းရငွေလို့ ယူဆရတဲ့ ငွေစက္ကူရောရာ ၃၀,၀၀၀ ကျပ်၊ MSX အမျိုးအစား၊ အစိမ်းရောင် မော်တော်ဆိုင်ကယ် ၁ စီးနဲ့ သော့ ၁ ချောင်းတို့ကိုလည်း ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျော်နိုင်နဲ့ အောင်ကျော်ကျော်တို့ ၂ ဦးကို ပေါင်မြို့မရဲစခန်းက မယ (ပ)၉/၂၀၁၇၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၅/၁၉(က)၊ ဖြန့်ဖြူးရောင်းချရငွေ တွေ့ရှိမှုပုဒ်မ ၂၀(က)၊ လက်နက်ခဲယမ်းနဲ့ အတူတွေ့ရှိမှု ပုဒ်မ ၂၁(ခ)/၂၂(ခ) နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း
3 years Ago

September 14, 2017

ပေါင်မြို့နယ်တွင် အမျိုးသားတဦး ဆွဲကြိုးချ သေဆုံး

ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အလှပ်ရဲကင်းစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာနေ မောင်အောင်ဝင်း (ခ) မောင်အာဒီဂျီးနားဟာ စက်တင်ဘာ ၁၃ ရက်နေ့၊ မနက် ၉ နာရီက ကဏန်းနှိုက်ဖို့ နေအိမ်က ထွက်သွားပြီးနောက် ညနေ ၃ နာရီလောက်မှာ အမြင့် ၁၂ ပေလောက်ရှိတဲ့ သမဲ့ပင်ကိုင်းကို ချည်နှောင်ပြီး ကြိုးအရှည် ၆ ပေလောက်နေရာမှ လည်ပင်းကို ချည်နှောင်ကာ ပါးစပ်မှသရေကျပြီး ပြင်ပဒဏ်ရာတစုံတရာမရှိဘဲ ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲစခန်းကသိရပါတယ်။ အလှပ်ရဲကင်းစခန်းမှူး ရဲအုပ်တင့်လွင်က “အုပ်ချုပ်ရေးမှူးဖုန်းဆက်ခေါ်လို့ အခင်းဖြစ်နေရာကို လိုက်သွားတော့ သစ်ပင်ကိုင်းမှာကြိုးတန်းလန်းနဲ့ တွေ့ခဲ့တာပါ။ သူ့ရဲ့စိတ်ကလည်း ပုံမှန်မရှိဘူး လို့ပြောတယ်။ ကဏန်းနှိုက်ဖို့ ထွက်သွားရာကနေ ခုလိုကြိုးဆွဲချ သေဆုံးခဲ့တာပါ။ ရဲလုပ်ငန်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ပြောပါတယ်။ ကြိုးဆွဲချသေဆုံးခဲ့သူ မောင်အောင်ဝင်း(ခ)မောင်အာဒီဂျီးနားသည် အရက်အလွန်အကျွံ သောက်စားတတ်သူတဦးဖြစ်ပြီး တခါတရံမှာ စိတ်ဖောက်ပြန်တတ်သူတဦးဖြစ်တယ်လို့ မိခင်ဖြစ်သူဒေါ်လှထွေး(ခ)ဒေါ်ဖိုးစွတ်ပါးက ပြောပါတယ်။ ပေါင်မြို့မရဲစခန်းက သေမှုသေခင်းနှစ်စဉ်အမှတ် ၄၈/၂၀၁၇ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago
More News
Up