ပေါင်မြို့နယ်...

March 23, 2018

ပေါင်မြို့နယ် မြေနုကျွန်းခွဲဝေချထားမှုတွင် အဂတိလိုက်စားမှုရှိဟု လွှတ်တော်ကိုယ်စားလှယ် ပြော

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း သောင်ထွန်းမြေ(ခေါ်) မြေနုကျွန်း ခွဲဝေချထားရာမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ နယ်မြေခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ ပေါင်မြို့နယ် သံလွင်မြစ်ဝထဲက ကိုတေးကျွန်းလို့ခေါ်တဲ့ မြေနုကျွန်း ၁၃၇ ဧကကို ခွဲဝေပေးရာမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့  မတ်လ ၂၂ ရက်က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မှတ်တမ်းမှတ်ရာတွေနဲ့တကွ တင်ပြဆွေးနွေးနေခဲ့တာပါ။ “ကျေးရွာလယ်ဆည်က မသိဘူးဆိုတာ မရှိဘူး။ သူတို့က နှစ်တိုင်း လုပ်နေကျပဲ။ ရပ်ကွက်နေ လယ်မဲ့သူတွေ လာလျှောက်နိုင်အောင် ကြေညာရမယ်။ အဲဒီလိုမျိုးတွေ ပွင့်လင်းမြင်သာစွာ မဖြစ်ဘဲနဲ့ လူတဦးတယောက်က ၄၁ ဦး စာရင်းထည့်ပေးလိုက်တာကို စာရင်းစီချပြီး မြို့နယ်ပို့တယ်ဆိုတာ အဲဒါ ထင်ရှားနေပြီ။ အဲဒါက ဆန္ဒဂတိပဲ။ အဲဒီ နောက်ကွယ်က ဘာကြောင့် သူလက်ခံလဲ။” ၂၀၁၂ လယ်ယာမြေဥပဒေအရ မြေနုကျွန်း ခေါ် သောင်ထွန်းမြေတွေ ပေါ်ထွန်းလာရင် အနီးအနားက ဒေသခံ လယ်မဲ့ယာမဲ့တွေကို တန်းစီဇယားပြုစုပြီး ခွဲဝေချပေးထားရမှာ ဖြစ်ပါတယ်။ ပေါင်မြို့နယ်ထဲက ကိုတေးကျွန်း ခေါ် မြေနုကျွန်း ခွဲဝေချထားရာမှာတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ နီးစပ်ရာ ၅၈ ဦးကို တန်းစီဇယားပြုလုပ်ပြီး ခွဲဝေပေးဖို့ စီစဉ်နေတာကို အရေးယူဖို့ ရှိ၊ မရှိနဲ့ ပြန်လည်စိစစ်သွားဖို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။  သက်ဆိုင်ရာဝန်ကြီးကတော့ အဲဒီမေးခွန်းကို တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ လယ်ဆည်ဝန်ကြီး ဦးထွန်းဌေးက “အဂတိလိုက်စားမှုကို ဘယ်လို အရေးယူမလဲဆိုတော့ အဂတိလိုက်စားမှု ရှိတာ၊ မရှိတာ ဆိုတာက အားလုံးက စေတနာနဲ့ လုပ်နေကြတာပဲ။ ဥပဒေနဲ့ ညီ မညီကိုပဲ ကိုယ်စားလှယ်အနေနဲ့ မြေပြင်အခြေအနေကို ကြည့်ပြီးတော့ ဘယ်နေရာမှာ မှားယွင်းနေတာ မြင်ရင် တခါတည်း တင်ပြစေချင်ပါတယ်။ သူက ဘာမှ ပေါင်းစပ်ခြင်းမရှိဘဲ စာရွက်ပဲ တောင်းကြည့်ပြီး မညီဘူးလို့ ပြောနေတယ်” လို့ ပြောပါတယ်။ သံလွင်မြစ်ဝထဲက မြေနုကျွန်းကို အနီးစပ်ဆုံးကျေးရွာဖြစ်တဲ့ မုတ္တမကျေးရွာက ၅၈ ဦးကို တဦး ၂ ဧကကျော် ခွဲဝေချထားပေးဖို့ ၂၀၁၇ ခုနှစ်ကတည်းက ညွှန်ကြားထားတာ။ အခုချိန်အထိ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတွေက စိစစ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ပိုင်ခွင့် ရရှိရေး ဦးဆောင်နေသူတွေဟာ  အဲဒီသောင်ထွန်းမြေပေါ်မှာ စက်ယန္တရားတွေနဲ့ မြေယာပြုပြင်တာတွေ လုပ်နေကြတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်က ဓာတ်ပုံအထောက်ထားတွေနဲ့ ပြောပါတယ်။ ဓာတ်ပုံ - မွန်ပြည်နယ်လွှတ်တော်
3 years Ago

March 1, 2018

ပေါင်မြို့နယ်တွင် ၆၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာ မတ်လ ၁ ရက် (တပေါင်းလပြည့်နေ့) ကျရောက်တဲ့ ၆၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဗဟိုအဆင့် ကျင်းပခဲ့ပါတယ်။ မွန်ပြည်​နယ်​ ဝန်​ကြီးချုပ် ​ဒေါတ်​တာ​အေးဇံက “ပြည်​နယ်​အတွင်းမှာ ​နေထိုင်​ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ ရိုးရာစာ​ပေ၊ ယဉ်​​ကျေးမှုဖွံ့ဖြိုးတိုးတက်​​ရေးအတွက် ​ကြိုးစား​ဆောင်​ရွက်​​နေသလို ​ကောင်းမွန်​စွာ ပညာသင်​ယူနိုင်​​ရေး၊ ကျန်းမာ​ရေးဝန်​​ဆောင်​မှု၊ လမ်းပန်းဆက်​သွယ်​​ရေးနဲ့ အလုပ်​အကိုင်​ အခွင့်အလမ်းများ ​ဖော်​​ဆောင်​​ရေး လုပ်​ငန်း​တွေကိုလည်း ပြည်​နယ်​အစိုးရအ​နေနဲ့ စွမ်းစွမ်းတမံ ​ဆောင်​ရွက် ​အ​ကောင်​အထည်​​ဖော်​​နေပါတယ်​” လို့ အခမ်းအနားမှာ ပြောပါတယ်။ ပအိုဝ်းတိုင်းရင်းသားတွေအ​နေနဲ့ မိမိတို့၏ စိုက်​ပျိုး​ရေးထွက်​ကုန်​တွေကို တန်​ဖိုးမြှင့် ထုတ်​ကုန်​တွေအဖြစ် အရည်​အ​သွေးမြှင့် ထုတ်​လုပ်​နိုင်​​ရေး၊ ​ဒေသ၏​ ရေ​မြေ​တော​တောင်​ သဘာဝအလှများကို အ​ခြေခံသည့် ခရီးသွားလုပ်​ငန်း ​ဈေးကွက်​ချဲ့ထွင်​နိုင်​​ရေး၊ သဘာဝသယံဇာတတွေကို အ​ခြေခံတဲ့ တခြားစီးပွား​ရေးလုပ်​ငန်းတွေ ​ပေါ်ထွက်​လာ​ရေး စတာတွေကို ပိုမိုတိုးတက်​ပွားများ​စေ​ရေးအတွက် ​နိုင်​ငံ​တော်​အစိုးရနဲ့ လက်​တွဲပြီး ဆက်​လက်​ကြိုးပမ်း​ပေးကြရန် ​တိုက်​တွန်းလိုကြောင်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ပေးပို့တဲ့ သဝဏ်​လွှာမှာ ဖော်ပြထားပါတယ်။ မွန်ပြည်နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက “ပအိုဝ်း တိုင်းရင်းသားတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနဲ့ ဘာသာစကား စတာတွေကို မေ့ပျောက်သွားခြင်း မရှိစေရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဆီသို့ လျှောက်လှမ်းရမယ့် အသိအမြင်တွေ နိုးကြားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်တယ်”လို့ ပြောပါတယ်။ ပအိုဝ်းလူမျိုးတို့အတွက် ရွှေရောင်လွှမ်းသောခေတ်ကို ဖန်တီးပေးခဲ့သော ပအိုဝ်းမင်းတပါး ဖြစ်သည့် သူရိယစန္ဒာမင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က သထုံပြည်မှာ တပေါင်းလပြည့်နေ့၊ နေအထွက် လအဝင်အချိန်မှာ မွေးဖွားခဲ့ပြီး အဲဒီမင်းက သထုံမှာ ထင်ရှားတဲ့ ရွှေစာရံစေတီတော်ကြီးကို တည်ထားကြောင်း၊ အဲဒီမင်းရဲ့ ကျေးဇူးတရားတို့ကို အောက်မေ့ပြီး ရှေးအခါကတည်းက တပေါင်းလပြည့်နေ့ရောက်တိုင်း စေတီတော်ကုန်းမြေတွင် ကောက်ဦး ပူဇော်ကပ်လှူခြင်း၊ အဝေး အနီး ဆွေမျိုးတွေ တွေ့ဆုံတာတွေကို နှစ်စဉ် ပြုလုပ်ခဲ့ရာက ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာရတာ ဖြစ်ကြောင်း၊ အခမ်းအနားနဲ့ ကျင်းပတာကို ပါလီမန်ဒီမိုကရေစီခေတ်က ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တို့မှာ စတင်ကျင်းပခဲ့ရာက အခုအခါ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နှစ်စဉ် ကျင်းပနေကြောင်း ကျင်းပရေး ကော်မတီဝင်တဦးဖြစ်သူ ခွန်ချစ်စံဝင်းက ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ စာပေနှင့် ယဉ်ကျေးမှု မြင့်မားရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီအခမ်းအနားကို မွန်ပြည်နယ်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ကျေးရွာအသီးသီးမှ တိုင်းရင်းသား ယိမ်းအဖွဲ့တွေက ရိုးရာယဉ်ကျေးမှု အကတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
3 years Ago
More News
Up