မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ပေါင်သန်း ၁၂၀ တန်ကြေးပေးပြီး တရုတ်စူပါလိဂ်မှာ ကစားဖို့ ကမ်းလှမ်းချက်ကို ပယ်ချပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ အီဘရာဟီမိုဗစ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး တရုတ်စူပါလိဂ်အဆင့်အတန်းကို မြှင့်ဖို့ ကြိုးပမ်းနေခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မိုဗစ်ကို ၁ နှစ် ပေါင် ၅၆ သန်းနီးပါးပေးပြီး လာရောက် ကစားစေဖို့လည်း မက်လုံးပေးထားခဲ့ပါတယ်။
ဒါပေမယ့် နည်းပြ မော်ရင်ဟိုနဲ့ အသင်းကတော့ မိုဗစ်ကို နောက်ထပ် ၁ ရာသီ ထပ်မံကစားဖို့အတွက် အတည်ပြုထားခဲ့ပြီး တရုတ်ဘက်ကတော့ ၂၀၁၈ ခုနှစ်မှာ ခေါ်ယူဖို့လည်း မျှော်လင့်နေပါသေးတယ်။
အီဗရာဟီမိုဗစ်ဟာ ကစားအားမကျသေးတဲ့သူ ဖြစ်တယ်လို့ နည်းပြမော်ရင်ဟိုက ချီးကျူးထားပြီး ကစားသမား ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အသက် ၂၀ ပဲ ရှိသေးတဲ့ ကစားသမားတယောက်လို့ ထင်နေကြောင်း ဝက်စ်ဘရွန်းနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ရှိအချိန်ထိ ကစားခဲ့တဲ့ ပွဲပေါင်း ၂၅ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။
6 years Ago