နေပြည်တော်၏ နိုင်ငံရေးအပြောင်းအလဲကာလ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး

August 22, 2017

နေပြည်တော်၏ နိုင်ငံရေးအပြောင်းအလဲကာလ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး

  ရေတို-အကျိုးစီးပွားနှင့် ရေရှည်တန်ဖိုးရှိမှုများအပေါ် ပီကင်းက မည်သို့ ထိန်းညှိနိုင်မည်နည်း။ လီချန်ယန်းနှင့် ဂျိမ်းစ်ချားအက်စ် ရာဂျာရတ်နမ် နိုင်ငံတကာလေ့လာရေးဌာန စင်ကာပူ ( China-Myanmar relations since Naypyidaw’s political transition : How Bejing can balance short-term interest and long-term values ) ဘာသာပြန်သူ၏ အမှာ… စင်စစ်အားဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် ဆက်သွယ်ဆက်ဆံမှု အများဆုံးနှင့် မြန်မာတို့၏ သမိုင်းကြောင်းကို သက်ရောက်မှု အပေးဆုံးသော အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်သည်။ ပျူခေတ်၊ ပုဂံခေတ်မှစ၍ ၁၈ ရာစု ကုန်းဘောင်ခေတ်တိုင်အောင် အရှေ့မြောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံ၏ ဝင်ရောက်စွက်ဖက် တိုက်ခိုက်မှုများ ခံခဲ့ရသလို အပြန်အလှန် ဆက်သွယ်ဆက်ဆံမှု အများအပြားလည်း ရှိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ပျူနှင့်ဗမာတို့ အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးအားလုံးနီးပါး၏ လာရာ မူရင်းဒေသမှာ ရှေးဟောင်းတရုတ်နိုင်ငံ ဖြစ်နေသောကြောင့် ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် လူအဖြစ် စတင်ပေါက်ဖွားရာဒေသမှာ တဒေသတည်း အတူတူလိုပင် ဖြစ်၏။ သို့ဖြစ်၍ ဆွေမျိုးပေါက်ဖော် ဖြစ်သည်ဟု ဆိုလေ့ရှိသည်။ နှစ်နိုင်ငံနယ်နိမိတ်ကို ခွ၍ ဟိုဘက်ဒီဘက် နေထိုင်နေကြသော တိုင်းရင်းသားလူမျိုး အများအပြား ယနေ့တိုင် ရှိနေကြသည်။ ထို့ပြင် တရုတ်နိုင်ငံမှာ ယခုအခါ ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံ ဖြစ်နေပြီး ဆက်လက်ကြီးထွားလာနေဆဲ ဖြစ်ကာ တနေ့တချိန်တွင် ကမ္ဘာ့ပထမအင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်လာဖွယ်ရာ ရှိနေပေသည်။ တရုတ်ပြည်အနေဖြင့် မြန်မာပြည်၏ မဟာဗျူဟာမြောက် တည်ရှိနေသည့် အနေအထားကို တွက်ချင့်မိ၍ မြန်မာနှင့် ဆက်ဆံရေးကို အလေးထားသည်။ ထို့ကြောင့် မြန်မာပြည်အကြောင်း လေ့လာမည့် မြန်မာလေ့လာရေးသိပ္ပံ (Institute of Myanmar Studies) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ယူနန်ပြည်နယ်၊ ခွန်မင်းမြို့ရှိ ယူနန်တက္ကသိုလ်တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ အမှန်တကယ်အားဖြင့် IMS မှာ ၂၀၁၁ ခုနှစ်က တည်ထောင်ခဲ့သော Center for Myanmar Studies ကို အခြေခံခြင်းဖြစ်သည်။ ပါမောက္ခ လီချန်ယန်းမှာ အဆိုပါဌာန၏ ဌာနမှူး ဖြစ်သည်။ ယခုဘာသာပြန် ဖော်ပြမည့် ဆောင်းပါးမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက သူနှင့် စင်ကာပူ S. Rajaratnam နိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ဂျိမ်းစ်ချားတို့ ပူးပေါင်းရေးသားထားသော စာတမ်းဖြစ်သည်။ ကျနော့်အနေဖြင့် အဆိုပါစာတမ်းမှာ မြန်မာနိုင်ငံအပေါ် ပီကင်းက ထားရှိမည့် အနာဂတ်သဘောထား ဖြစ်သဖြင့် အလေးထား လေ့လာသင့်သည်ဟု ယူဆမိသောကြောင့် စာဖတ်ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါသည်။ (လီချန်ယန်းသည် ဒေါက်တာဘွဲ့ အကြံပေး ပါမောက္ခတယောက် ဖြစ်ပြီး ယူနန်တက္ကသိုလ် လူမှုရေးနှင့် လူသားသိပ္ပံ သုတေသနကိစ္စများဆိုင်ရာ ရုံး၏ ဒုတိယတာဝန်ခံ ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်၏ အရှေ့တောင်အာရှ လေ့လာရေး အဖွဲ့အစည်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်း ဖြစ်ပြီး တရုတ်ပြည် နိုင်ငံတကာ ချစ်ကြည်ရေး အဖွဲ့အစည်း၏ ကောင်စီဝင်လည်း ဖြစ်သည်။ ဒေါက်တာလီသည် PLA နိုင်ငံခြားဘာသာတက္ကသိုလ်တွင် မြန်မာစာဖြင့် B.A ဘွဲ့ကို ရရှိခဲ့ပြီး ပီကင်းတက္ကသိုလ်တွင် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုတို့ဖြင့် M.A ဘွဲ့နှင့် ဒေါက်တာဘွဲ့ကို ယူနန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြားကာလတွင် ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျု၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS) အရှေ့အာရှ အင်စတီကျု၏ ဧည့်သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူက မြန်မာနိုင်ငံအကြောင်း၊ အရှေ့တောင်အာရှ၏ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအကြောင်း၊ တရုတ်ပြည်၏ အနောက်တောင်ဘက် ပြည်နယ်များနှင့် ၎င်းတို့၏ အိမ်နီးချင်း တိုင်းပြည်များအကြား ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းများကို လေ့လာ သုတေသနပြုခဲ့သည်။ ပါမောက္ခ လီချန်ယန်းသည် တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် စာအုပ် ၂၀ ကျော်နှင့် ဂျာနယ်ဆောင်းပါး ၁၅၀ ကျော် ရေးသားပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ဂျိမ်းချားသည် S.Rajaratnam နိုင်ငံတကာ လေ့လာရေးတက္ကသိုလ်မှ တရုတ်ပြည်ဆိုင်ရာကို လေ့လာသည့် သုတေသနမှူး ဖြစ်ပါသည်။ သူသည် နန်ယန် နည်းပညာတက္ကသိုလ်မှ စာပေနှင့် ဒစ်ဖရင်ရှယ်ထရိမင့် ဘာသာရပ်ဖြင့် B.A ဘွဲ့ ရခဲ့သည့်ပြင် သင်ကြားရေး လက်တွေ့ဘာသာရပ်တွင် ဂုဏ်ထူးရခဲ့သူ ဖြစ်သည်။ ထို့ပြင် နန်ယန် နည်းပညာတက္ကသိုလ်၊ M.A တန်းတက်ရာတွင် မျက်မှောက်ခေတ် တရုတ်ပြည်အကြောင်း ဘာသာရပ်ဖြင့် ပထမဆုံးအပတ် “ဝုန်ဝေလင်း” စကောလားရှစ်ကို လက်ခံရရှိခဲ့သူ ဖြစ်သည်။) ၂၀၁၁ ခုနှစ်က စခဲ့သည့် အရပ်သားအသွင်ပြောင်း စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်အပေါ် ဆွေးနွေးကြသည့်အခါ လေ့လာသုံးသပ်သူ အများစုက ပီကင်းနှင့် နေပြည်တော်အကြားရှိ ရှုပ်ထွေးသော အပြန်အလှန် ဆက်ဆံရေးအပေါ်ကို အာရုံစိုက်လေ့ရှိကြသည်။ တိတိကျကျဆိုရလျှင် မြန်မာ့နိုင်ငံရေးတံခါး ဖွင့်လှစ်လာမှုနှင့် အတူ မြန်မာအနေဖြင့် (မြန်မာ့ခေါင်းဆောင်မှုအပေါ် အကျိုးသက်ရောက်မှုများ ရှိစေသည့်) နိုင်ငံခြားတိုင်းပြည်များနှင့် အပြိုင်အဆိုင် သံတမန်ဆက်ဆံရေး မဟာဗျူဟာကို ပြန်လည်ထိန်းညှိမှု ပြုလာသကဲ့သို့ တရုတ်ပြည်အနေဖြင့်လည်း အစိုးရမဟုတ်သည့် ကဏ္ဍများမှ ပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးကို ပိုမိုဂရုစိုက်လာခဲ့လေသည်။ တရုတ်ပြည်၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို ပြင်ဆင်လျက် စခန်းသွားနေသည်ကို သတိချပ်ကာ မြန်မာ့အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်မည့် အနာဂတ် မျှော်မှန်းချက်များအပေါ် အထောက်အကူပြုနိုင်သည့် ပီကင်း၏ သက်ရောက်နိုင်မှုကို ဤဆောင်းပါးက သုံးသပ်ဆွေးနွေးထားပါသည်။ ယခင်က တည်ရှိခဲ့သော ခိုင်မာကောင်းမွန်သည့် အပြန်အလှန် ဆက်ဆံရေးမျိုးမှာ အနာဂတ်ကာလတိုအတွင်း ပြန်လည်ရရှိရန် မဖြစ်နိုင်သော်လည်း နေပြည်တော် နိုင်ငံရေးအကူးအပြောင်း၏ ရေရှည် တဖြည်းဖြည်း ဖြစ်ပေါ်ပြောင်းလဲလာမှုများနှင့်အညီ ထွက်ပေါ်လာမည့် စိန်ခေါ်မှုများကို ကျော်လွှားရန် ပီကင်းအနေဖြင့် မျှော်လင့်နိုင်သေးကြောင်း ဤဆောင်းပါးက သုံးသပ်ထားပါသည်။ ၁။ နိဒါန်း တရုတ်ပြည်နှင့် ကုန်းမြေနယ်နိမိတ် ကီလိုမီတာ ၂၂၀၀ ကျော် ဆက်စပ်နေသော မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သံတမန်ဆက်ဆံရေး အခန်းကဏ္ဍတွင် အလွန်တရာ အရေးကြီးသည့်အခန်းမှ ပါဝင်ပါသည်။ အင်အားကြီးနိုင်ငံများအကြား အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းခံရသော အနေအထားတွင် တည်ရှိသည့် အရှေ့တောင်အာရှနိုင်ငံသည် ပထဝီအရ မဟာဗျူဟာကျကျ တည်ရှိသည်။ အထူးသဖြင့် တရုတ်ပြည် ကွန်မြူနစ်ပါတီက တရုတ်ပြည်ကို ၁၉၄၉ ခုနှစ်တွင် စတင် တည်ထောင်လိုက်ချိန်မှ တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည်တည်ဆောက်ခဲ့သည့် ၁၉၇၁ ခုနှစ် မော်ခေတ် တရုတ်ပြည်၏ အနောက်ဆန့်ကျင်ရေး ကာလအတွင်း မြန်မာသည် ပထဝီမဟာဗျူဟာအရ ကြားခံအဖြစ် ဆောင်ရွက်ခဲ့ရသည်။ အနောက်အုပ်စုက တရုတ်ပြည်ကို ဝိုင်းပတ်ပိတ်ဆို့သည့် ကာလကလည်း တရုတ်ပြည်အတွက် နိုင်ငံရေးကွက်လပ်တခု ဖန်တီးပေးကာ တိန်ခေတ် တရုတ်ပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကာလ မတိုင်ခင် တရုတ်ခေါင်းဆောင်များနှင့် ပြင်ပကမ္ဘာ ဆက်သွယ်ရေးအတွက် မြန်မာက လမ်းကြောင်းတခုအဖြစ် ဆောင်ရွက်ခဲ့ရလေသည်။ ပီကင်းက နိုင်ငံတကာ အသိုက်အဝန်းသို့ သူကိုယ်တိုင် တံခါးဖွင့်လှစ်လိုက်သည့်နောက်ပိုင်း မြန်မာ၏အခန်းကဏ္ဍသည် တရုတ်နိုင်ငံခြားရေးပေါ်လစီတွင် တစုံတရာ သေးကျုံ့သွားခဲ့လေသည်။ ထိုသို့ သေးကျုံ့လာနေစဉ်မှာပင် တရုတ်ပြည်၏ မဟာဗျူဟာ တွက်ချက်မှုများတွင် မြန်မာ၏ အရေးပါမှုမှာ တဖန်ပြန်၍ နိုင်ငံတကာ အာရုံစိုက်မှုကို ခံလာရပြန်သည်။ ဤသို့ဖြစ်ရခြင်းမှာ ပီကင်းက မြန်မာနှင့် အရှေ့တောင်အာရှကုန်းမြေမ၊ အရှေ့တောင်အာရှ ကျွန်းဆွယ်တို့အပေါ် သံတမန်ရေးနှင့် စီးပွားရေးသြဇာ ဖြန့်ကြက်လာနေစဉ် အမေရိကန်ကလည်း အာရှဒေသအပေါ် ပြန်လည်ထိန်းညှိမှုများ ပြုလုပ်ခြင်းဖြင့် ဒေသဆိုင်ရာ သြဇာလွှမ်းမိုးရေး အင်အားများ ပြောင်းလဲလာမှုကြောင့် ဖြစ်သည်။ များမကြာသေးမီက တရုတ်၏ လုပ်ဆောင်ချက်များ ဖြစ်သော မာလက္ကာ ရေလက်ကြားကို ရှောင်ကွင်းရန်၊ ဘင်္ဂလားပင်လယ်ကွေ့ရှိ မြန်မာ့အနောက်ဘက် ကမ်းရိုးတန်းမှ တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်ခြင်း၊ (အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်သြဇာ ဖြန့်ကြက်လာနေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည့်ကြားမှ) မြန်မာ့အနေအထားကို မဟာဗျူဟာ အချက်အချာအဖြစ် ထပ်မံထင်ရှားလာစေသည်။ နေပြည်တော်အနေဖြင့် ပီကင်း၏ ဒေသဆိုင်ရာ နိုင်ငံခြားရေးပေါ်လစီတွင် ဆုံချက်ကျသော အဓိကနေရာမှ ပါဝင်ကပြလိမ့်မည်ဟု အများက ယူဆခဲ့ကြသည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်နှင့် ၂၀၁၁ ခုနှစ် မတ်လ အရပ်သား အသွင်ပြောင်း စစ်အစိုးရ ပေါ်ပေါက်လာစေသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက တချိန်က အလွန်ကောင်းမွန်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးအပေါ် မမျှော်လင့်သော သက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့သလို မြန်မာအပေါ်ထားရှိသည့် ပီကင်း၏ ပေါ်လစီအပေါ်လည်း အခက်အခဲများ ဖြစ်ပေါ်စေလေသည်။ ဤစာတမ်းကို အပိုင်းလေးပိုင်းခွဲ၍ တင်ပြထားသည်။ နေပြည်တော်၏ နိုင်ငံရေး အကူးအပြောင်းကာလ၊ တရုတ်-မြန်မာ ဆက်ဆံရေးအတွင်း မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများအပေါ် သုံးသပ်ချက်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွင်း စိန်ခေါ်မှုအသစ်များအပေါ် ပီကင်း၏ တုံ့ပြန်ချက်များကို အကဲဖြတ်ချက် ဖြစ်သည်။ ဤမိတ်ဆက်ချက်နောက်တွင် ၂၀၁၁ ခုနှစ် မြန်မာ့ပြုပြင်ပြောင်းလဲရေး နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်မှုကို သုံးသပ်လျက် တရုတ်ပြည်၏ ကိုလိုနီလက်သစ် အလိုရမ္မက်များ (တရုတ်နိုင်ငံပိုင် စီးပွားရေးကုမ္ပဏီကြီးများ၏ လူမှုအဖွဲ့အစည်းအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု သိသိသာသာ နည်းပါးသည့် ပေါ်လစီနှင့် လုပ်ဆောင်ချက်များ၊ တရုတ်ပြည်၏ စီးပွားရေး တက်ကြွလှုပ်ရှားမှု ရလဒ်အဖြစ် အိမ်ရှင်နိုင်ငံ ခံစားရသည့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ) နှင့် ပတ်သက်၍ ဝေဖန်ထားမှုများအပေါ် အာရုံစိုက်ထားသည့် တရုတ်အစိုးရ၏ ပေါ်လစီ ထိန်းညှိမှုကို ဤဆောင်းပါးက သုံးသပ်ချက် ပေးထားသည်။ ပီကင်းအနေဖြင့် သူ၏ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံရှိ တရုတ်မဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို အန္တရာယ်ပေးနိုင်သည့် ပေါ်လစီဆိုင်ရာ အရှုပ်အထွေးများကို လျှော့ချရှောင်ရှားရန် မည်သို့ ပြန်လည်ညှိနှိုင်း သတ်မှတ်နိုင်ပုံကို ဗဟိုပြု ဆွေးနွေးထားသည်။ နောက်ဆုံးအခန်းမှာ နိဂုံးချုပ် မှတ်ချက်များ ဖြစ်သည်။ မြန်မာနိုင်ငံကို တရုတ်၏ စိတ်ဝင်စားမှုမှာ အခြေခံအားဖြင့် စီးပွားရေး အကျိုးအမြတ်က တွန်းဆော်သော သဘာဝသယံဇာတ လုံခြုံမှု ရရှိလိုခြင်း ဖြစ်သော်လည်း (တဖြည်းဖြည်း ကြီးထွားလာနေသော တရုတ်၏ မဟာဗျူဟာ အကျိုးစီးပွားကို တန်ပြန် အကျိုးသက်ရောက်စေမည့်) တရုတ်စီးပွားရေး လုပ်ငန်းများအား ဒေသခံ ပြည်သူလူထုက မလိုလားမှုကြောင့် ဖြစ်လာသော လူထုအမြင် မကြည်လင်မှုအပေါ် ပီကင်း၏ချဉ်းကပ်ပုံ အပြောင်းအလဲတခု ဖြစ်ပေါ်နေကြောင်း သင်္ကေတများက ပြဆိုနေသည်။ သို့ဖြစ်၍ မြန်မာနှင့်ပတ်သက်သော ပေါ်လစီကို ပြန်လည်ညှိနှိုင်းရန် ပီကင်း၏ ဆုံးဖြတ်ချက်သည် အချိန်မီ၍ အရေးပါလှသည်။ ထိုသို့ ဆိုသော်ငြားလည်း ပီကင်းအနေဖြင့် နေပြည်တော်နှင့် အစဉ်အလာအရ ရှိခဲ့သော အပြန်အလှန် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဆိုးရွားလာနေမှု ပြဿနာကို ဖြေရှင်းနိုင်ပါ့မလား စောင့်ကြည့်ရပေဦးမည်။ မြန်မာအစိုးရ တပ်မတော်နှင့် တရုတ်ပြည်၏ အနောက်တောင်ဘက် နယ်စပ်ဒေသတလျှောက် နေထိုင်ကြသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ဒေသကို မတည်မငြိမ် ဆက်လက်ဖြစ်နေစဉ်တွင် ယခုနှစ် ၂၀၁၅ ကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲရလဒ်က အသစ်ပွင့်လင်းလာမည့် တိုင်းပြည်၏ အစိုးရအဖွဲ့အစည်းကို သိသာထင်ရှားစွာ အပြောင်းအလဲ ဖြစ်စေနိုင်ပြီး အဆင်မပြေဖြစ်နေသော ဆက်ဆံရေးအပေါ် ထပ်မံ၍ သက်ရောက်မှု ဖြစ်စေနိုင်ပေသည်။ ၂။ မြန်မာ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်မှု ၂၀၁၀ ခုနှစ် စက်တင်ဘာလက မြန်မာ့စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့်အချိန်တွင် ထိုစဉ်က တရုတ်သမ္မတ ဟူကျင်းတောင်က တရုတ်-မြန်မာ ဆက်ဆံရေးမှာ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးကတည်းက ပေါ်ပေါက်ခဲ့သော ကမ္ဘာ့အပြောင်းအလဲများ၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တိုးတက်လာမှုကို ထပ်မံအတည်ပြုခြင်းနှင့် မတူညီသော လူနေမှုစနစ်များအကြား စံနမူနာပြ မိတ်ဆွေရင်းချာ ဆက်ဆံရေး တည်ရှိမှုကို ဖော်ညွှန်းလျက် နှစ်နိုင်ငံ ခေါင်းဆောင်များက သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်သွားလိုသည့် ဆန္ဒများကို ထပ်မံဖော်ပြခဲ့ကြသည်။ နောက်တနှစ်အကြာတွင် အရပ်သား အသွင်ပြောင်း အစိုးရ၏ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် နိုင်ငံတကာမီဒီယာနှင့် တရုတ်မီဒီယာများ၊ နိုင်ငံတကာ ပညာရှင်နယ်ပယ်တို့မှ ပီကင်း၏ လက်ရှိ မြန်မာ့ရေးရာ ပေါ်လစီကို ပြန်လည်သုံးသပ်မှု စတင်ရန် လိုအပ်နေပြီဟု ပြောဆိုကြသလို အချို့ကလည်း တရုတ်ပြည်အနေဖြင့် မြန်မာကို လက်လွတ်ဆုံးရှုံးသွားပြီ ဆိုသည်အထိ ဖော်ပြကြလေသည်။ နောက်တပတ် ဆက်လက်ဖော်ပြပါမည်။ ရဲထွန်း (သီပေါ)
4 years Ago
Up