နေပြည်တော်ရောက်ရှိ

June 21, 2017

မိုင် ၁၀၀၀ ကျော် ခရီးရှည်လမ်းလျှောက်သူ နေပြည်တော်ရောက်ရှိ

ပြင်ဦးလွင်ကနေ ရန်ကုန်အထိ အသွားအပြန် မိုင် ၁၀၀၀ ကျော်ခရီးကို တကိုယ်တော် လမ်းလျှောက်ခဲ့သူ ကိုကျော်ကျော်ဝင်းဟာ ဇွန် ၂၁ ရက်နေ့မနက်ပိုင်းက နေပြည်တော်ကောင်စီ၊ ဇေယျာသီရိမြို့နယ်ကို ရောက်ရှိလာပါတယ်။ ကိုကျော်ကျော်ဝင်းဟာ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ နှိုးဆော်ခြင်းနဲ့ လူငယ်တွေအကြား မူးယစ်ဆေးဝါးကင်းစင်ရေးကို ရည်ရွယ်ပြီး လမ်းလျှောက်လှုံ့ဆော်နေတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်ကနေ ဇွန် ၁၂ ရက်က စထွက်ခဲ့တာဖြစ်ပြီး ပုသိမ်ကြီး၊ မန္တလေး၊ တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့တွေကို ဖြတ်သန်းပြီး နေပြည်တော် နယ်နိမိတ်အတွင်း တပ်ကုန်းမြို့ကို ဇွန် ၂၀ ရက်က ရောက်ရှိခဲ့တာပါ။
4 years Ago

March 15, 2017

စင်ကာပူ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင် နေပြည်တော်ရောက်ရှိ

စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ နေပြည်တော်ကို မနေ့ညပိုင်းက လေကြောင်းနဲ့ ရောက်ရှိ လာပါတယ်။ စင်ကာပူဝါရင့်ဝန်ကြီးနဲ့  အဖွဲ့ကို  ပညာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မစ္စတာဂိုချောက်တောင်ဟာ  မတ်လ ၁၄ရက်နေ ၁၆ ရက်ထိ ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ နာယက ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့နဲ့ လည်းတွေ့ဆုံဖို့ရှိနေတယ်လို့  စင်ကာပူနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ခရီးစဉ်မှာ မြန်မာကို တဖြည်းဖြည်းလွှဲပြောင်းပေးနေတဲ့ စင်ကာပူ-မြန်မာအသက်မွေးပညာ သင်တန်းကျောင်းနဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။ စင်ကာပူ ၀ါရင့် ၀န်ကြီးနဲ့အတူ စင်ကာပူဝန်ကြီးချုပ်ရုံးနဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေအပါအ၀င် လွှတ်တော်အမတ်တွေလည်းလိုက်ပါလာပါတယ်။
5 years Ago
Up