နေပြည်တော်အက်ဖ်စီ

September 14, 2017

လစာမပေးနိုင်သည့် နေပြည်တော်အက်ဖ်စီအသင်းကို ပြိုင်ပွဲမှထုတ်ပယ်

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ပြည်တွင်းဘောလုံးကလပ်အသင်း တသင်းဖြစ်တဲ့ နေပြည်တော်အက်ဖ်စီအသင်းဟာ ကစားသမားတွေနဲ့ အုပ်ချုပ်သူ၊ နည်းပြတွေရဲ့လစာကို ဧပြီလကနေ သြဂုတ်လအထိ မပေးနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ လစာမပေးနိုင်တာကြောင့် ပုံမှန်လေ့ကျင့်ရေး မလုပ်နိုင်ဘဲ ပြီးခဲ့တဲ့အပတ်က ကစားရမယ့်ပွဲကို လာရောက်မကစားနိုင်ခဲ့လို့ စက်တင်ဘာ ၁၂ ရက်နေ့ပြုလုပ်တဲ့ မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေးကနေ အများသဘောတူ ထုတ်ပယ်လိုက်တာပါ။ ဒါကြောင့် ဒီအပတ်ပွဲစဉ်ကစပြီး မပြိုင်ရတော့ဘဲ ဒီရာသီမှာ နေပြည်တော်အသင်းနဲ့ ကစားဖို့ကျန်နေတဲ့ ပွဲစဉ် ၅ ပွဲက ပြိုင်ဘက်အသင်းတွေကို သုံးဂိုး၊ သုံးမှတ်ရတယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ အသင်းသားတွေရဲ့ ရဖို့ရှိနေတဲ့ လုပ်ခတွေနဲ့ပတ်သက်ပြီး မြန်မာနေရှင်နယ်လိဂ် ကော်မတီ ရန်ပုံငွေက ထုတ်ပေးဖို့ တွေ့ဆုံညှိနှိုင်းမှု ကော်မတီဖွဲ့ပြီး စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာတော့ နေပြည်တော် ယူ-၂၁ အသင်းနဲ့ ယူ-၁၉ အသင်းသားတွေက သူတို့ရမယ့် ၅ လစာမှာ ၃ လစာနဲ့ ကျေအေးသဘောတူခဲ့ပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာလည်း နေပြည်တော်အသင်းကြီးက အသင်းသားတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ နေပြည်တော်အသင်းဟာ ၂၀၁၀ ခုနှစ်ကစပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ငွေကြေးအမြောက်အမြား အကုန်ခံ ပြိုင်ပွဲဝင်ခဲ့သလို နေပြည်တော်ပေါင်းလောင်းကွင်းကို ငှားရမ်းပြီး အိမ်ကွင်းအဖြစ် လက်ခံကျင်းပခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါ့အပြင် ချင်းယူနိုက်တက်အသင်းဟာလည်း ကစားသမားတွေကို လစာပုံမှန်မပေးနိုင်တာကြောင့် အသင်းပိုင်ရှင်၊ အသင်းဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေက စိုက်ထုတ်ကျခံဖို့ ဝန်ခံကတိပြုထားပြီး ဒီရာသီကုန်အထိ ဆက်ကစားဖို့ လိဂ်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး လက်ရှိမှာ အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
4 years Ago
Up