နေပြည်တော်တွင်

June 22, 2019

ကလေးသူငယ်ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်

ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဇွန် ၂၂ ရက်နေ့က နေပြည်တော်၊ ရွှေနံ့သာရပ်ကွက် ဘောလုံးကွင်းထဲမှာ လူအင်အား ၃၀၀ အပါအ၀င် ဝန်းရံသူတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုတိုးတက်ရေးပါတီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက “ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်အလက်ပုဒ်မအချို့က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုး ဆန့်ကျင်နေတယ်လို့ တွေ့ရှိရတဲ့ အတွက် ကျမတို့က အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ ဆန့်ကျင်ကန့်ကွက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။ မွေးစားခွင့်နဲ့ဆိုင်တဲ့ ဥပဒေပုဒ်မ၊ အခမဲ့ မှတ်ပုံတင်ခြင်းတွေ၊ အမွေဆက်ခံတာတွေဆိုတဲ့ ပုဒ်မတွေအပေါ်မှာ ကန့်ကွက်ကြတာလို့ သိရပါတယ်။ မွေးစားခွင့်ဆိုတဲ့ ပုဒ်မမှာဆိုရင် နိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ မွေးစားခွင့်ရှိတယ်ဆိုတဲ့ သဘောပေါ်ပေါက်နေပြီး တခြားဥပဒေပုဒ်မတွေကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် အရမ်းကို အန္တရာယ်များတယ်လို့ သူတို့က ဆိုပါတယ်။ အခုလို ကန့်ကွက်ရှုတ်ချပွဲတွေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းကတော့   ဥပဒေမှာ မြန်မာပြည်အတွင်း မွေးဖွားတဲ့ ကလေးငယ်တွေကို မွေးစာရင်း ထုတ်ပေးရမယ်လို့ ဆိုလိုရင်းဖြစ်ကြောင်းနဲ့ နိုင်ငံသားဖြင့်ခွင့်ကတော့ နိုင်ငံသား ဥပဒေအရပဲ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ “ဥပဒေထဲမှာ မွေးဖွားခြင်းကို မှတ်ပုံတင်တယ်ဆိုတာက မွေးစာရင်းကို ပြောတာပါ။ နိုင်ငံသားစိစစ်ရေးကတ်မဟုတ်ပါဘူး။ ဘယ်နေရာမှာမွေးမွေး မြန်မာနိုင်ငံထဲမှာ မွေးရင် မွေးစာရင်းထုတ်ပေးရမယ်ပြောတာ။ မိဘမဲ့ကလေးတွေ၊ ရင်ခွင်မဲ့ကလေးတွေအတွက် လွယ်ကူအောင်ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကတော့ နိုင်ငံသား ဥပဒေနဲ့ပဲ သွားမှာပါ။ သူတို့ပြောသလို မဖြစ်နိုင်ပါဘူး။ ပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တာမှာလည်း အခု လူပြောများနေတဲ့ မွေးစားတဲ့ ကိစ္စ မပါပါဘူး”  လို့ ပြောပါတယ်။
2 years Ago

April 1, 2018

နေပြည်တော်တွင် လေပြင်းကြောင့် စေတီတဆူ ထီးတော်မြေခ (ရုပ်သံ)

နေပြည်တော်မှာ မတ်လ ၃၁ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပုဗ္ဗသီရိမြို့နယ်ထဲက နေရောင်ပြအင်း စေတီတော်ရဲ့ ထီးတော်မြေခခဲ့ပါတယ်။ အဲဒီလို မြေခခဲ့တာကြောင့် စိန်ဖူးတော်အပါအ၀င် ရတနာပစ္စည်းတွေဟာ ဘုရား ပုရဝုဏ်အတွင်းသာမကပဲ အပြင်ထိပါ လွင့်စင်ခဲ့တယ်လို့ စေတီတော် ဆက်လက်တည်ဆောက်ရေး ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောပါတယ်။ “အထက်က ဘုံသုံးဆင့်ပြုတ်ကျတာပေါ့။ ပြုတ်ကျတဲ့အကြောင်းအရင်းကို ညှိနှိုင် ဆွေးနွေးလိုက်တဲ့အခါမှာ စေတီတော်ရဲ့ ထီးတော်ကို မထားတဲ့ မဏ္ဍိုင်ရဲ့ အပေါ်ဆုံးအဆင့် ဂဟေဆော်ထားတာ မသေချာတာပေါ့။ ဆိုင်းထားတဲ့ ကြိုးတွေကလည်း ခပ်ကားကားမဟုတ်ဘဲ အတွင်းကို နည်းနည်းစုနေတဲ့အတွက် ဆိုင်းတဲ့အားလည်း နည်းတာပေါ့။ အဲဒါကြောင့် အထက်မှာက ငှက်မြတ်နားတော်ကို လေကတိုက်တော့ ယိမ်းပြီးတော့ အထက်က ဘုံသုံးဆင့် ပြုတ်ကျတယ်။ ညက စိန်ဖူးတော် ပြုတ်ကျတာတော့ ရှာတာ မတွေ့ဘူး၊ အခုမနက်မှ တွေ့တယ်။” စေတီတော်ရဲ့ ထီးတော်ကို သုံးလအတွင်း ပြန်လည်တင်လှူနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာလည်း ပြုတ်ကျခဲ့တဲ့ ရတနာပစ္စည်းတွေကို ဒေသခံတွေနဲ့ ရှာဖွေနေတယ်လို့ ဦးသိန်းဇော်က ဆက်ပြောပါတယ်။ “နောက် သုံးလ၊ လေးလအကြာမှာ ပြန်တင်နိုင်အောင် ကြိုးစားတဲ့အခါမှာ အခုလက်ရှိ ထီးတော်တင်တဲ့ အဖွဲ့က ကျွမ်းကျင်မှုလည်း အားနည်းတယ်ပေါ့။ ပြောရရင်တော့ ထီးတင်တဲ့ တာဝန်ယူတဲ့အဖွဲ့ပေါ့။ အဲဒါကြောင့် ကျွမ်းကျင်တဲ့သူတွေနဲ့ စနစ်တကျပြန်တင်နိုင်အောင် ဆောင်ရွက်မယ်။ မဏ္ဍိုင်ဆိုရင်လည်း နိုင်ငံခြားက မှာမယ်။ အဓိက မဏ္ဍိုင်က ပြဿနာတက်တာလေ”လို့ ဦးသိန်းဇော်က ပြောပါတယ်။ စေတီတော်ကို ထီးတော်တင်လို့မရတဲ့ တဘောင် ဆိုရိုးတွေ၊ ထီးတော်တင်ရင် နေပြည်တော် ရေမြုပ်မယ်ဆိုတာတွေ၊ ထီးတော် အခုလို မြေခခဲ့တော့ ဒေသခံတွေအကြားမှာ ကောလာဟလတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ “အများပြောနေသလိုပေါ့ ထီးတင်ရင်ရေကြီးမယ်ပေါ့။ ရေကြီးစရာလည်း အကြောင်းမရှိပါဘူး။ ဒီဉာဏ်တော်ရဲ့ အမြင့်က ၁၆၂ ပေရှိတယ်။ ဒါကြောင့် ယုတ္တိရှိရှိ စဉ်းစားမယ်ဆိုရင်ပေါ့။ နေရောင်ပြအင်း ဘုရားဖြစ်တဲ့အတွက် အင်းအလယ်က ဘုရားပဲ။ အင်းဆိုတော့ ရေတက်တာတော့ ရှိတာပေါ့။ ဒါကလည်း ၉ နှစ်၊ ၁၀ နှစ်လောက်မှ တကြိမ်ပေါ့။ ဒါကလည်း ဘုရားရင်ပြင်တော်အထိ မရောက်ပါဘူး” လို့ သူကပြောပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိပြီးတော့ ဒေသခံတွေနဲ့ အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ ဇန်န၀ါရီလ ၄ ရက်နေ့က ထီးတော်တင်လှူခဲ့တာ ဖြစ်ပါတယ်။
4 years Ago
More News
Up