နေခြည်ဖူး ဒေါင်းတွန်ကျူး ပျားရည်လူးသော နေ့သစ်ဆီ

A d v e r t i s e m e n t With Us

October 22, 2015

နေခြည်ဖူး ဒေါင်းတွန်ကျူး ပျားရည်လူးသော နေ့သစ်ဆီ

မြန်မာနိုင်ငံနဲ့ တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပြုပေးနိုင်သလို စနစ်ဟောင်းဖြိုဖျက်ပြီး ခေတ်ကောင်းကို ပန္နက်ရိုက်ပေးနိုင်တဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်အနည်းငယ်သာ ကျန်ပါတော့တယ်။ ဒီပွဲကြီးဟာ စစ်ဂျပိုး လူ့ဂျပိုးတွေ လက်အောက်မှာ မချိမဆန့် ငရဲကျခံရင်း ခေတ်ဆိုးခေတ်ပျက်ကြီးထဲ နှစ်ရှည်လများ အညွန့်ကျိုး နွမ်းရော်ခဲ့ရတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တပြည်အတွက်တော့ ပြန်လည်လန်းဆန်း ရှင်သန်ခွင့်ရလာဖို့ အခွင့်အလမ်းကောင်းလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ပြည်တွင်းစစ်ကင်ဆာရောဂါဆိုးကြီး နာတာရှည် စွဲကပ်ဖိစီးနေခဲ့လို့ ညှိုးခြုံးပိန်ခြောက် နိုင်ငံရုပ်ပျောက်နေတဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ တဗိုလ်ဆင်းတဗိုလ်တက် နိုင်ငံရဲ့ အိမ်ဦးခန်းထက်မှာ စိတ်တိုင်းကျ အနိုင်ကျင့် အုပ်ချုပ်လာခဲ့တာ ရာစုနှစ်ဝက်ကျော်သွားပြီ မဟုတ်လား။ တော်လောက်ပါပြီ။ ပြောင်းလဲချိန်တန်ရုံမက နောက်တောင် အတော်ကျနေပါပြီ။ မျက်မှောက်ကာလဟာ ခေတ်ပြောင်းဖို့ အချိန်ကောင်းပါပဲ။ ပြည်သူလူထု အများစုကလည်း ပြောင်းလဲမှုကို ပြင်းပြင်းပျပျ လိုချင်ဆန္ဒလည်း ရှိနေပြီ။ အပြောင်းအလဲ မှန်မှန်ကန်ကန်ဖြစ်အောင် ဦးဆောင်မှုပေးမယ့် လူထုခေါင်းဆောင်ကလည်း အဆင်သင့်ရှိနေပြီ။ နိုင်ငံတကာ မိသားစုတွေကလည်း အားတက်သရော ကူညီအားပေးနေပြီလေ။ ထီးလိုမင်းလို မဟုတ်လား။ ကမ္ဘာကြီး ဆိုက်ရောက်နေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ပုံစနစ်တွေနဲ့ စီးပွားရေးအခြေအနေ အရပ်ရပ်မှာလည်း အာဏာရှင်တွေ တဖြုတ်ဖြုတ်နဲ့ နိဂုံးကမ္မသတ်နေကြပြီမဟုတ်လား။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကစလို့ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယိုးဒယား၊ အမေရိကား စတဲ့နိုင်ငံတွေမှာ နေထိုင် အသက်မွေးဝမ်းကျောင်းနေကြတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ လက်မှတ်တွေကို ဘယ်လို ခက်ခက်ခဲခဲ ပင်ပန်းဆင်းရဲကြီးစွာ ပေးခဲ့ရတဲ့ သတင်းတွေကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေပေါ်မှာသာမက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ပြွတ်ထအောင် ပါခဲ့တာကို စာဖတ်သူတွေ မြင်ခဲ့ရ ဖတ်ခဲ့ရမှာပါ။ စင်ကာပူရဲ့ အသည်းနှလုံး ရှော့ပင်နိဗ္ဗာန်ဘုံ ကမ္ဘာကျော် အောချာဒ် (Orchard) လမ်းမကြီးဘေး ပလက်ဖောင်းပေါ်မှာ မြန်မာပညာတတ်လူငယ်လူရွယ် လူကြီးကအစ ကလေးတွေအဆုံး အတုံးအရုံး ညအိပ်စောင့်လို စောင့်ရ၊ နှစ်ကီလိုမီတာကျော်တဲ့ လူတန်းကြီးဟာ နေပူကြဲကြဲအောက် အရှင်လတ်လတ် ငရဲရောက်အောင်ပို့ခဲ့တဲ့ အစီအစဉ်ညံ့ဖျင်းမှုအတွက် မြန်မာအစိုးရ ရှက်တတ်မယ်ဆိုရင် အလွန်ရှက်စရာ ကောင်းပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ပြည်တွင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ မိမိအကျိုး၊ နိုင်ငံအကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမယ့် အစိုးရတရပ် ပေါ်ထွက်လာအောင် မဲပေးကြဖို့ ဘယ်လို စီမံပြင်ဆင်ထားသလဲဆိုတာ မြင်ကြရတော့မှာပါ။ ဒီဆောင်းပါးမှာ ရေးပြချင်တာက အရည်အသွေး မပြည့်မီသူတွေ နိုင်ငံတော်အဆင့် စီမံခန့်ခွဲခွင့်ကို မထိုက်တန်ဘဲ ရယူပြီး တိုင်းပြည်ကို အုပ်ချုပ်စီမံကြတဲ့အခါမှာ တတိုင်းတပြည်လုံးမှာ ရှိရှိသမျှ ပြည်သူပြည်သားအားလုံးသာမက အခြား သက်ရှိ ဇီဝသတ္တ၀ါတွေအပြင် သက်မဲ့အရာဝတ္ထု၊ ရေမြေ တောတောင်၊ မြစ်ချောင်းတွေပါမကျန် ကြီးစွာဒုက္ခရောက် ပျက်စီးတတ်ကြောင်းကို ထင်ရှားစေချင်တာပါ။ ပြည်သူတွေမှာ မလိုအပ်ဘဲ စိတ်နွမ်း ကိုယ်ပန်းကြရ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများရ၊ မလိုအပ်ဘဲ အချိန်ကုန်ကြရ၊ ဒုက္ခအမြဲခံကြရတာပါ။ အသိဉာဏ်အား ချို့တဲ့သူတွေ ပြောတတ်တဲ့ အလွန်မိုက်မဲနံချာပြီး ကျွန်စော်နံတဲ့ စကားတခွန်းကို ကြားဖူးကြမှာပါ။ “ဘယ်အစိုးရတက်တက် ... ကိုယ်လုပ်မှ ကိုယ်စားရတာပါ။ ကိုယ့်မှာမရှိရင် ဘယ်သူမှ လာမကျွေးဘူး။ ကိုယ့်ရှိမှ ကိုယ်စားရတာကွ” ဆိုတဲ့စကားပါ။ မိမိရှင်သန်နေထိုင်တဲ့ တိုင်းပြည်ရဲ့အရေး၊ မိမိနဲ့ မိသားစုရဲ့ ကျန်းမာရေး၊ ပညာရေး၊ ဘ၀လုံခြုံရေး၊ အနာဂတ်ရေး စတဲ့ ကိစ္စရပ်တွေသာမက နိစ္စဓူဝ စားဝတ်နေရေး၊ စီးပွားရေး ဘ၀တွေအပေါ် တိုက်ရိုက်သက်ဆိုင်နေတဲ့  နိုင်ငံရေးဆိုတာကို မပတ်သက်ရဲအောင် စစ်အာဏာရှင်တွေက ကောက်ကျစ်ယုတ်မာစွာ မှိုင်းတိုက် ရိုက်သွင်းခဲ့တဲ့ အတွေးမှားတွေပါ။ တနေ့နေ့တချိန်ချိန် ကိုယ့်အပေါ်ကျရောက်လာမယ့် မတရားမှုတွေကို ကိုယ်နဲ့မဆိုင်သလို မျက်ကွယ်ပြုတတ်အောင်၊ တာဝန်မဲ့နေတတ်အောင် လမ်းမှားပို့ခဲ့ကြတာပဲမဟုတ်လား။ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားအများစုက နိုင်ငံရေးကို စိတ်မ၀င်စားတဲ့အခါ အရည်အသွေးမမီတဲ့ အစိုးရတွေ အုပ်ချုပ်ခွင့်ရလေ့ ရှိပါတယ်။ အဲ့ဒီအခါမှာ အကျည်းတန်ပြီး ညံ့ဖျင်းတဲ့ အုပ်ချုပ်ပုံ စနစ်ဆိုးတွေအောက်မှာ တနိုင်ငံလုံးက လူသန်းပေါင်းများစွာဟာ ဒုက္ခဆင်းရဲ ရောက်ရတော့တာပါပဲ။ လောလောလတ်လတ်ပြီးသွားတဲ့ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားတွေ မလိုအပ်ဘဲ အလုပ်ပျက် အအိပ်ပျက်ခံ ပင်ပန်းဆင်းရဲကြီးစွာ နာရီပေါင်းများစွာ တန်းစီဒုက္ခခံပြီးမှ တချို့ပေးခွင့်မရတဲ့ ကြိုတင်မဲပေးပွဲကို အကဲဖြတ်ကြည့်လိုက်ပါ။ ဒီအစီအမံဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရှက်စရာကောင်းတဲ့ အရည်အသွေးနိမ့်ပါးမှု၊  မယုံကြည်ရမှု၊ တာဝန်မခံလိုမှု၊ မရိုးသားမှု၊ စေတနာနည်းပါးမှု၊ အမြော်အမြင် နည်းပါးမှုတွေ တပြိုင်နက် ပြသလိုက်တာပဲ မဟုတ်လား။ ဒီလို ရုပ်ပျက်ဆင်းပျက်နိုင်လှတဲ့ နိုင်ငံတော်အဆင့် အရည်အသွေး နိမ့်ကျမှုတွေမှာ လက်ရှိအုပ်ချုပ်နေတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရမှာ အတိအကျ တာဝန်ရှိပါတယ်။ တကယ်တော့ အဲ့ဒီလို အရည်အသွေးမမီဘဲ တိုင်းပြည်ကို စစ်ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ကျအုပ်စီးလာတာ အခုမှမဟုတ်ပါဘူး။ နှစ်ပေါင်း ၅၀ ကျော်လို့ တိုင်းပြည်လည်း ဖြူခါပြာခါကျ နစ်နာလှပါပြီ။ ဒီနေရာမှာ ကြားဖြတ်လို့ အရည်အသွေးရှိတဲ့ စင်ကာပူအစိုးရရဲ့ စနစ်တကျ လေ့လာပြင်ဆင်ပြီးမှ စီမံကိန်းချ အကောင်အထည်ဖော်မှုတချို့ကို မျှဝေချင်ပါတယ်။ စစ်မှန်တဲ့ အုပ်ချုပ်သူ အစိုးရကောင်းတရပ်ဆိုတာ ဘာပဲလုပ်လုပ် တိုင်းပြည်အတွက် အကျိုးရှိစေဖို့၊ ပြည်သူပြည်သားတွေ ပိုလို့ အဆင်ပြေချောမွေ့လာစေဖို့၊ တိုးလို့ သက်သာချောင်ချိလာရေးကိုသာ ဦးတည်ချက်ထားရတာပါ။ စင်ကာပူဆိုတာ အားလုံးသိတဲ့အတိုင်း ကျွန်းအရှေ့ဖျားကနေ အနောက်ဖျားကို ရထားစီးသွားရင် ကွမ်းတယာမညှက်ခင်ရောက်တဲ့ ကျွန်းပေါက်စလေးပါ။  Singapore Land Transport Authority (LTA) ကထုတ်ပြန်တဲ့ Land Transport Statistics 2014 စစ်တမ်းမှာပါတဲ့ အချက်အလက်အရဆိုရင် ဒီလောက်သေးတဲ့ နေရာလေးမှာ ၂၀၁၃ ခုနှစ်မှာတင်ကို ကားအစီးရေ ၁ သန်းနီးပါး ရှိနေပါပြီ။ အဲ့ဒီအထဲမှာ ပျမ်းမျှအားဖြင့် ကားအစီးရေ ၃ သိန်းနီးပါးဟာ နေ့စဉ်လမ်းတွေပေါ် စဉ်ဆက်မပြတ် သွားနေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကားသစ်အစီးရေကလည်း တနှစ် ၄ သောင်းကျော် ပုံမှန်တိုးလာနေတာပါ။ တနိုင်ငံလုံးလူဦးရေ ၅ သန်းကျော်အနက်က ၄ သန်းကျော်ဟာ နေ့စဉ်ခရီးသွားလာနေကြတာပါ။ တကယ်လို့များ အရည်အသွေးမမီတဲ့ အုပ်ချုပ်သူတွေသာ ဒီလို အမှားမခံနိုင်တဲ့ကိစ္စကို စီမံကိုင်ကွယ်မယ်ဆိုရင် စင်ကာပူမှာ ဘာဖြစ်သွားမယ် ထင်ပါသလဲ။ ကားတွေ မရွေ့နိုင်တော့ဘဲ လမ်းတွေပိတ်၊ လူတွေ ခရီးမသွားနိုင်တော့ဘဲ အကုန်ဒုက္ခရောက်ကုန်မှာပါ။ ဒီအန္တရာယ်နဲ့ ဖြစ်လာမယ့်အရေးကို ကောင်းကောင်းကြိုမြင်ခဲ့တဲ့ စင်ကာပူအစိုးရဟာ စနစ်တကျ ပြင်ဆင်လုပ်ကိုင်ခဲ့ပါတယ်။ မြေအောက်ရထား၊ ကောင်းကင်ရထားတွေ၊ အမြန်လမ်းမကြီးတွေ၊ မြေအောက်၊ ရေအောက် ဥမင်လိုဏ်ခေါင်းကြီးတွေ၊ မိုးပျံလမ်းမကြီးတွေ၊ မိုးပျံတံတားကြီးတွေကို ဘယ်လိုအမြော်အမြင်နဲ့ ဘယ်လိုစီမံ ဆောင်ရွက်ခဲ့သလဲဆိုတာ အသေးစိတ် ရေးပြနေရင် ဒီဆောင်းပါးဟာ အလွန်ရှည်လျားသွားလိမ့်မယ်။ ဒါပေမယ့် ဒီလောက်များပြားတဲ့ မော်တော်ကားတွေနဲ့ အလွန်ကျဉ်းမြောင်းတဲ့ နေရာလေးမှာ ယာဉ်ပိတ်ဆို့မှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ခဲ့မှုများစွာအနက်က တခုအပါအ၀င်ဖြစ်တဲ့ မီးပွိုင့်တွေ တပ်ဆင်တာနဲ့ ပတ်သက်ပြီး နည်းနည်းရေးပြချင်ပါတယ်။ အထက်မှာရေးခဲ့တဲ့ စစ်တမ်းအရ စင်ကာပူကျွန်းမြို့လေးမှာ ၂၀၁၃ ခုနှစ်မှာတင်ကို မီးပွိုင့်ပေါင်း ၂၂၂၇ ခု တပ်ဆင်ပြီးနေပါပြီ။ နိုင်ငံအကျယ်အ၀န်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကမ္ဘာမှာ မီးပွိုင့်အများဆုံးနိုင်ငံလို့ ဆိုရမှာပါ။ အဲ့ဒီလောက်များတဲ့ မီးပွိုင့်တွေကို တပ်ဆင်ရာမှာ ပြီးကပျစ် တပ်ဆင်တာ မဟုတ်ပါဘူး။ လမ်းဆုံဖြစ်ရုံ၊ လူကူးရုံသက်သက်အတွက် အကြမ်းဖျင်းမှန်းဆပြီး တတ်တာမဟုတ်ဘူး။ လပေါင်းများစွာ အချိန်ယူပြီး ရုံးတက်ချိန်မှာ ယာဉ်ဘယ်နှစ်စီးဖြတ်တယ်၊ လူဘယ်နှစ်ယောက် ကူးတယ်၊ ရုံးဆင်းချိန်မှာ ဘယ်လောက်၊ ရုံးပိတ်ရက်မှာ ဘယ်လောက်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မှတ်သားစုဆောင်းပြီး သေသေချာချာ ပိုင်းခြားသုံးသပ်ပြီး တပ်ဆင်ဖို့ သင့်မသင့်၊ တခြားနည်းလမ်း ဥပမာ မြေအောက်လူကူးလမ်း (သို့) ခုံးကျော်လူကူးတံတား စတဲ့ ရွေးချယ်စရာ နည်းလမ်းတွေနဲ့ နှိုင်းယှဉ်တွက်ချက်ပြီးမှ စဉ်းစားဆုံးဖြတ်ကြတာပါ။ တပ်ဆင်ပြီဆိုရင်လည်း အနီးနားမှာရှိတဲ့ တခြားမီးပွိုင့်တွေနဲ့ အဖွင့်အပိတ် အချိန်ကိုက်ညီမှု (Synchronize) ဖြစ်အောင် ချိတ်ဆက်ညှိယူ တပ်ဆင်ကြတာပါ။ လိုအပ်ရင် ယာဉ်တိုက်မှုနည်းအောင်၊ ယာဉ်ပိတ်ဆို့မှုတွေ ကာကွယ်နိုင်အောင် red light camera, over speed camera မြေအောက် Sensors စတဲ့ ခေတ်မီနည်းပညာတွေ အသုံးပြု တပ်ဆင်ကြတာပါ။ ပြောချင်တဲ့သဘောက ဘာကိုလုပ်လုပ် အချက်အလက်တွေစုဆောင်း လေ့လာပြီး အရည်အသွေးရှိရှိ သေသေချာချာ စီမံကိန်းချ လုပ်ကိုင်ကြတဲ့အကြောင်း ထင်ရှားစေလိုရင်းပါ။ တိုင်းပြည်ကို အုပ်ချုပ်စီမံမယ့် အစိုးရဟာ အရည်အသွေးကောင်းဖို့၊ အမြော်အမြင်ရှိဖို့၊ အများအတွက် စေတနာကောင်းရှိဖို့၊ တာဝန်ခံလိုစိတ်ရှိဖို့ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် အခုလာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကြီးမှာ မြန်မာပြည်သူတွေဟာ မိမိတို့ကို ဒုက္ခပေးမယ့် အရည်အချင်းနိမ့်ပါးတဲ့၊ စေတနာချို့တဲ့ပြီး တာဝန်မခံလိုတဲ့၊ အမြော်အမြင်မရှိတဲ့၊ သမိုင်းကြောင်းမကောင်းတဲ့ ပါတီကို ယောင်လို့မှ မဲမပေးမိဘို့ ပြတ်ပြတ်သားသား သတိပေးလိုပါတယ်။ ပြီးတော့ မဲပေးတဲ့အခါ လူကိုကြည့်ရွေးမလား၊ မူကိုကြည့်ရွေးမလားဆိုတဲ့ ပြောဆိုဆွေးနွေး ငြင်းခုံချက်တွေအပေါ်မှာ ပြည်သူလူထုကြီးကို အကြံပြုချင်တာက အခုချိန်ဟာ လူကိုကြည့်ရမယ့် အချိန်မဟုတ်သလို မူတွေကို လိုက်ဖတ်ကြည့် ခေါင်းရှုပ်ခံရမယ့်အချိန်လည်း မဟုတ်ဘူးဆိုတာပါပဲ။ လူကိုကြည့်ပြီး အရည်အချင်းတွေ နှိုင်းယှဉ်အကဲဖြတ်နိုင်ဖို့ ဆိုတာကလည်း အခုချိန်မှာ မလွယ်ပါဘူး။ မူဆိုတာကလည်း ဘယ်ပါတီမဆို ကောင်းတာတွေ ရေးကြမှာပါပဲ ကိုယ်ကြိုက်တဲ့မူကို လူတိုင်းက ကြည့်ရွေးမယ်ဆိုရင် မဲပြားသွားဖို့ပဲ အကြောင်းရှိပါတယ်။ အခုချိန်မှာ မဲပြားသွားရင် စုစုစည်းစည်းလုပ်ဖို့ ခဲယဉ်းသွားမှာဖြစ်သလို ရည်မှန်းချက်တွေ မအောင်မြင်ဘဲ အချိန်တွေ ထပ်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကြီးမှာ မဲပေးတော့မယ်ဆိုရင် အောက်ပါအချက် ၂ ချက်ကိုသာ ကြည့်ပါ။ ၁။ ဖိနှိပ်တဲ့သူတွေလား၊ အဖိနှိပ်ခံ ဘ၀တူတွေလားဆိုတာ ခွဲကြည့်လိုက်ပါ၊ ၂။ အဖိနှိပ်ခံ ဘ၀တူတွေထဲကမှ ထပ်ရွေးရရင် ဖိနှိပ်မှုက လွတ်မြောက်အောင် ဆောင်ရွက်နိုင်မယ့် အင်အားရှိသလား၊ မရှိဘူးလားဆိုတာ ထပ်ပြီး ခွဲထုတ်လိုက်ရင် အဖြေက ရှင်းပါတယ်။ ရွေးရမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးသားပါ။ နောက်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြမှ လူကိုကြည့်၊ မူကိုလည်းကြည့် အသေးစိတ်ကြည့်တာပေါ့။ မြန်မာပြည်သူပြည်သားအပေါင်းဟာ တညီတညွတ်တည်း မိမိအသည်းကြားက မဲပြားများနဲ့ အားကိုးယုံကြည်ထိုက်သော အရည်သွေးမြင့် အစိုးရကောင်းတရပ်ကို ရွေးချယ်နိုင်ပြီး နေခြည်ဖူး၊ ဒေါင်းတွန်ကျူး၊ ပျားရည်လူးသော နေ့သစ်များဆီ ဦးတည်နိုင်ပါစေကြောင်း ဆုမွန်တောင်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်ပါရစေ။ မင်းကောင်းချစ် အောက်တိုဘာ (၂၂) ရက် ၂၀၁၅ ခုနှစ်
5 years Ago
Up