နေးရှင်းလိဂ်

June 10, 2019

အင်္ဂလန်က ဆွစ်ဇာလန်ကိုနိုင်ပြီး နေးရှင်းလိဂ် တတိယနေရာ ဆွတ်ခူး (ရုပ်သံ)

နေးရှင်းလိဂ် တတိယနေရာလုပွဲအဖြစ် အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အင်္ဂလန်က ပယ်နယ်တီအဆုံးအဖြတ် ၆ ဂိုး ၅ ဂိုးနဲ့နိုင်ပြီး တတိယနေရာ ရသွားပါတယ်။ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို ရှုံးခဲ့သလို ဆွစ်ဇာလန်ကလည်း ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ဝေးပြီး တတိယနေရာလုပွဲ ကစားကြရတာပါ။ အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်ပါလာသလို စတာလင်၊ အယ်လီ၊ လင်ဂတ်၊ ဒိုင်ယာ၊ ဒက်ဖ်၊ မက်ဂွိုင်းယား စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ဆွစ်ဇာလန်မှာလည်း ရှာကွီရီ၊ ရိုဒရီဂွက်ဇ်၊ ရှာခါတို့နဲ့ လူစုံ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာရခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက် တိုင်ထိထွက်တာ၊ လွဲချော်တာတွေကြောင့် နစ်နာခဲ့ရပါတယ်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေပြီး အချိန်ပို မိနစ် ၃၀ ဆက်ကစားရာမှာလည်း ဂိုးမသွင်းနိုင်လို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာ ပထမငါးလုံးကို နှစ်သင်းစလုံး အကုန်ဝင်အောင် ကန်သွင်းနိုင်လို့ နောက်ထပ် တလုံးစီ ထပ်ကန်ရမှာတော့ အင်္ဂလန်ဘက်က ဂိုးဝင်ခဲ့ပေမယ့် ဆွစ်ဇာလန်ကစားသမားရဲ့ ကန်သွင်းချက်ကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တာကြောင့် အင်္ဂလန်က ၆ ဂိုး ၅ ဂိုးနဲ့နိုင်ပြီး တတိယဆု ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။
3 years Ago

ပေါ်တူဂီက နယ်သာလန်ကို အနိုင်ယူပြီး နေးရှင်းလိဂ်ဖလား ဆွတ်ခူး (ရုပ်သံ)

နေးရှင်းလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ နယ်သာလန်တို့ မနေ့ကယှဉ်ပြိုင်ရာ ပေါ်တူဂီက တလုံးတည်းသောဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။ အိမ်ရှင် ပေါ်တူဂီအသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ကာဗယ်လ်ဟို၊ ဒန်နီလို၊ ဂူဒက်စ် စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့သလို နယ်သာလန်အသင်းမှာလည်း ဘာဘယ်လ်၊ ဒီပေး၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဘလိုင်း၊ ဗန်ဒိုက်၊ ဒီလစ် စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။ ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်ကို ကျော်ဖြတ်လာခဲ့သလို နယ်သာလန်အသင်းကလည်း နာမည်ကြီး အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်လှမ်းလာတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ပေါ်တူဂီအသင်း ဘောလုံးပိုင်ဆိုင်မှု အသာမရပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြတ် အသာရခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာ အိမ်ရှင် ပေါ်တူဂီအသင်း ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ မသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ပေါ်တူဂီအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၆၀ မှာ ဘာနာဒိုဆေးလ်ဗားရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူး ဂူဒက်စ်က အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုဖလားကို ပေါ်တူဂီအသင်းက သိမ်းပိုက်သွားပါတယ်။
3 years Ago

June 7, 2019

နယ်သာလန်က အချိန်ပိုသွင်းဂိုးများဖြင့် အင်္ဂလန်ကိုနိုင်ပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲတက် (ရုပ်သံ)

နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် နယ်သာလန်နဲ့ အင်္ဂလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ နယ်သာလန်က ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ နယ်သာလန်အသင်းမှာ ဒီပေး၊ ဘာဘယ်လ်၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဘလိုင်း၊ ဗန်ဒိုက်၊ ဒီလစ် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာတော့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို အရန်အဖြစ် အသုံးပြုသွားသလို ဟန်ဒါဆန်၊ အယ်လီ၊ လင်ဂတ်တို့လည်း လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ စတာလင်၊ ဆန်ချို တို့နဲ့ ယှဉ်ပြိုင်သွားပါတယ်။ အဖွင့်ဂိုးကို အင်္ဂလန်အသင်းက ရယူနိုင်ခဲ့ပြီး ၃၂ မိနစ်မှာရတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်အသင်းက အပေးအယူ အချိတ်အဆက်မိမိနဲ့ ကစားနိုင်သလို ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာရခဲ့ပါတယ်။ နယ်သာလန်အတွက် ချေပဂိုးကို ပွဲချိန် ၇၃ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် နောက်ခံလူ ဒီလစ်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဒီနောက် ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တဖက်တဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ ပွဲချိန် ၉၇ မိနစ်မှာ အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိရာက တဂိုး၊ ၁၁၄ မိနစ်မှာ ပရိုမက်စ်က တဂိုး သွင်းယူပြီး နယ်သာလန် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမယ့် ဇွန်လ ၉ ရက်မှာ နယ်သာလန်နဲ့ ပေါ်တူဂီ၊ တတိယလုပွဲအဖြစ် ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up