နော်ဝေတွင် သမင်အကောင် ၃၀၀ ကျော် မိုးကြိုးထိမှန် သေဆုံး (ရုပ်သံ)

August 30, 2016

နော်ဝေတွင် သမင်အကောင် ၃၀၀ ကျော် မိုးကြိုးထိမှန် သေဆုံး (ရုပ်သံ)

နော်ဝေနိုင်ငံ တောင်ပိုင်းမှာ သြဂုတ် ၂၆ ရက်နေ့က တိုက်ခတ်တဲ့ မိုးကြိုးမုန်တိုင်းတခုအတွင်း ရေခဲပြင်ဒေသတွေမှာ နေထိုင်ကျက်စားတဲ့ သမင်ရိုင်း အကောင် ၃၀၀ ကျော် မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။ ကြမ်းတမ်းတဲ့ မုန်တိုင်းအတွင်း ဟာဒန်ဂါဗစ်ဒါ ကုန်းပြင်မြင့်မှာ သမင်ရိုင်းတွေ မိုးကြိုးထိ သေဆုံးခဲ့တယ်လို့ နော်ဝေ သဘာဝပတ်ဝန်းကျင် အေဂျင်စီက ဆိုပါတယ်။ သစ်တောတာဝန်ရှိသူတဦးက တကောင်နဲ့တကောင် နီးနီးကပ်ကပ် လဲနေတဲ့ သမင်သေတွေကို သြဂုတ် ၂၇ ရက်နေ့ နှောင်းပိုင်းက တွေ့ခဲ့တာပါ။ ဒဏ်ရာရတဲ့ တိရစ္ဆာန် လေးကောင်ကိုလည်း သယ်လာခဲ့ပါတယ်။ ဒါမျိုး အရင်က မတွေ့ဖူးဘူးလို့ နော်ဝေ သဘာဝသုတေသနအဖွဲ့က သုတေသန ပညာရှင် မော်တန် ရှိုရှတာ့ဒ်က TV2 ရုပ်သံကို ပြောပါတယ်။ သမင်တွေဟာ အစုအဝေးလိုက် နေတတ်တဲ့ သတ္တဝါမျိုးဖြစ်ပြီး မိုးကြိုးပစ်ချိန်က သူတို့ချင်း နီးနီးကပ်ကပ် ရပ်နေခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ တချို့ သမင်တွေဆီက နမူနာတွေကို ယူပြီး သုတေသန ပညာရှင်တွေ လေ့လာနေကြပါပြီ။ ဟာဒန်ဂျာဗစ်ဒါ ကုန်းပြင်မြင့်မှာ ရေခဲပြင်ဒေသမှာ ကျင်လည်ကျက်စားတဲ့ သမင်ရိုင်း အကောင်ရေ တသောင်းလောက် ရှိပါတယ်။
5 years Ago
Up