နောက်ပြန်ကန်ချက်

May 27, 2018

ဘေးလ်၏ နောက်ပြန်ကန်ချက်ဂိုးကို ကစားသမားများ ၀ိုင်းဝန်းချီးကျူး (ရုပ်သံ)

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရက်ဘေးလ်ရဲ့ နောက်ပြန်ကန်ချက်ဂိုးကို ကစားသမားအများစုက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။ ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးအဖြစ် ပွဲကစားချိန် ၆၄ မိနစ်မှာ လီဗာပူးနောက်ခံလူတွေကြားကနေ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မြင်ဖူးသမျှ ဂိုးထဲမှာ အကောင်းဆုံးဂိုးဖြစ်ပြီး အချိန်ကိုက်သွင်းယူနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ ရီယိုဖာဒီနန်ကတော့ ငါမြင်တွေ့ခဲ့ပြီဆိုပြီး ရေးသားခဲ့ပါတယ်။ တင်ကာဟေးလ်ကတော့ ဘယ်လိုဂိုးကြီးလဲဆိုပြီး သူ့ရဲ့အကောင့်ကနေရေးသားခဲ့ပါတယ်။ အခြားကစားသမားတွေဖြစ်တဲ့ ဘာကလေ၊ ဟမ်းမဲလ် အစရှိတဲ့ ကစားသမားတွေကလည်း အံ့အားသင့်ဖွယ်ကောင်းကြောင်း ရေးသားခဲ့ပါတယ်။ ဂါရက်ဘေးလ်ဟာ အခုနှစ်ရာသီအစောပိုင်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသလို အခုဖိုင်နယ်ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားဖြစ်ခဲ့ပေမယ့် အသင်းအတွက် အကောင်းဆုံးကစားပေးပြီး သူ့အတွက် ၄ ကြိမ်မြောက် ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားလည်း ဖြစ်ပါတယ်။
4 years Ago
Up