နောက်ဆုံးဘဏ္ဍာရေး ၃ လပတ်အတွင်း ဂျပန်စီးပွားရေး ခန့်မှန်းသည်ထက် တိုးတက်

November 15, 2016

နောက်ဆုံးဘဏ္ဍာရေး ၃ လပတ်အတွင်း ဂျပန်စီးပွားရေး ခန့်မှန်းသည်ထက် တိုးတက်

ပြီးခဲ့တဲ့ စက်တင်ဘာလအထိ နောက်ဆုံး ဘဏ္ဍာရေး ၃ လပတ်အတွင်း ဂျပန်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ခန့်မှန်းတာတက် မြင့်ခဲ့တယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစိုးရစီးပွားရေးအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လပတ်မှာ ဂျပန်နိုင်ငံရဲ့ တနှစ်စီးပွားရေးပျှမ်းမျှတိုးတက်နှုန်း ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၃ လပတ် ၃ ပတ်ဆက်တိုက် တိုးတက်မှုဖြစ်ပါတယ်။ ဧပြီ၊ မေ၊ ဇွန်လ ၃ လပတ်ထက် ၀ ဒသမ ၂ ရာခိုင်နှုန်းပဲ စီးပွားရေးတိုးတက်မယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းခဲ့ကြပေမယ့် လက်တွေ့မှာ ၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာပါ။ ပြည်တွင်းဝယ်လိုအား ကျဆင်းနေပေမယ့်လည်း ဂျပန်စီးပွားရေးကုမ္ပဏီတွေဟာ နိုင်ငံခြားကုန်တင်ပို့မှုကို အဓိက အားကိုးခဲ့ကြရပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီမှုတွေကို ဆန့်ကျင်ဝေဖန်နေတဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က အခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် သူ့ရဲ့လက်ထက်မှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို အနည်းနဲ့အများ ထိခိုက်နိုင်တာကိုလည်း ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးလည်း ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်ပြီးကတည်းက တက်နေပေမယ့် ဂျပန်ယန်းငွေတန်ဖိုးက ကျဆင်းနေပါတယ်။ ဂျပန်နိုင်ငံဟာ လက်ရှိ ကမ္ဘာ့ တတိယစီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။
5 years Ago
Up