နေအိမ် ၄၄ လုံး အမိုးလန်ပျက်စီး

May 3, 2019

လေပြင်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် နေအိမ် ၄၄ လုံး အမိုးလန်ပျက်စီး

ပြည်နယ်နဲ့တိုင်းအချို့မှာ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့်  နေအိမ် ၄၄ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အတွင်း မေ ၂ ရက်နေ့ ညနေ ၄ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံကုန်း ကျေးရွာပါ ၅ ရွာတို့မှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၉ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အုတ်ဖိုမြို့နယ်အတွင်းမှာလည်း မေ ၂ ရက်နေ့ ညနေ ၆ နာရီလောက်က လေပြင်းတိုက် ခတ်တာကြောင့် ကွေ့ချောင်းရပ်ကွက်နဲ့ နှောကုန်းကျေးရွာပါ ၂ ရွာတို့မှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မင်းလှမြို့နယ်မှာလည်း မေ ၂ ရက်နေ့ည ၆ နာရီခွက်လောက်က လေပြင်းတိုက်ခတ် တာကြောင့် စိန်ကန့်လန့်ကျေးရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အလားတူ ကြို့ပင်ကောက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မကျီးပင်ကျေးရွာအပါအ၀င် ၃ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်မှာလည်း မေ ၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က လေပြင်းတိုက်ခတ်တာကြောင့် မိုးဖုန်းကျေးရွာမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် ၁ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းမှာ မေ ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က လေပြင်းတိုက်ခတ်တာကြောင့် အောင်မြေအင်း ကျေးရွာမှာ စာသင်ကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး/ ပြည်နယ် ၅ ခု၊ မြို့နယ် ၈ ခု၊ ရပ်ကွက်/ကျေးရွာ ၁၅ ခုတို့မှာ စုစုပေါင်း နေအိမ် ၄၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ စားသောက်ဆိုင် ၁ ဆိုင် အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာလည်း တောင်ကမ်းပါးယံပြိုကျလို့ အမျိုးသား ၂ ဦး ဒဏ်ရာရပြီး  ၃ ဦး (ကျား ၂၊ မ ၁) တို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
2 years Ago
Up