နေအိမ်တွင်း

August 25, 2017

နေအိမ်တွင်း ၈၄ နှစ်အရွယ် အဘွားအိုအား ဝင်ရောက်ရိုက်နှက်လုယက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ၃ မှာ သြဂုတ် ၂၄ ရက် မနက် ၂ နာရီလောက်က အသက် ၈၄ နှစ်အရွယ် အဘွားအိုတဦးကို နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက် လုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ ဖြစ်ပွားပုံမှာ တရားလိုဟာ အဲဒီနေ့ မနက် ၆ နာရီက တဦးတည်း နေထိုင်တဲ့ မိခင်ဖြစ်သူ ဒေါ်လိုခွမ်းရီရဲ့ နေအိမ်ကို ထမင်းကျွေးဖို့ သွားခဲ့ရာ မိခင်ရဲ့မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေ ရှိနေတာကို တွေ့ရတာကြောင့် မေးမြန်းရာ မနက် ၂ နာရီလောက်က အပေါ်ထပ် အခန်းအတွင်း အိပ်ပျော်နေချိန် အမည်မသိ လူငယ်တဦး နေအိမ်ပေါ်တက်လာပြီး လည်ပင်းညှစ် ပိုက်ဆံတောင်းရာ မပေးတာကြောင့် မျက်နှာကို လက်သီးနဲ့ ထိုးလို့ ဒဏ်ရာတွေ ရရှိခဲ့ကာ အိပ်ခန်းထဲက သော့ခတ်မထားတဲ့ သေတ္တာထဲက ငွေ ၅ သိန်း ၆ သောင်းကျော်ကို ယူဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။ “နေအိမ်ထဲဝင်ပြီး သက်ကြီးရွယ်အိုတွေကို ရိုက်လုတာ သြဂုတ် ၁၄ ရက်နေ့တုန်းက ၇၆ နှစ်အရွယ် အဘွားဒေါ်လှသိန်းပေါ့၊ ၁၁ ရက်ပဲ ခြားပါတယ်။ မိုးညှင်းမြို့မှာ လုယက်တာတွေဟာ အဘွားအရွယ်တွေကိုလည်း မကျန်ရ တော်တော်ဆိုးနေပြီ၊ မူးယစ်ဆေးကြောင့်ပဲ နေမှာလို့” ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ တရားခံ ဝင်းမြင့်အောင်(ခ)ရန်ကျိန်ရှင်း (၁၉-နှစ်)ကို မိုးညှင်းနယ်ထိန်းအဖွဲ့က ၁ နာရီ အတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး တရားလို ဟော်ကျင်းလှံရဲ့ တိုင်ကြားချက်ကို အမှုစစ် ရဲအုပ်ညွန့်လှိုင်က မိုးညှင်းမြို့မရဲစခန်းမှာ (ပ)၁၂၈/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
4 years Ago
Up