နေရာ

A d v e r t i s e m e n t With Us

June 29, 2018

မစ္စယန်ဟီးလီ နေရာတွင် အသစ်အစားထိုး ခန့်အပ်ရန် မြန်မာ ထပ်မံတောင်းဆို  

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ နေရာမှာ လူသစ်တဦး အစားထိုးခန့်အပ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မြန်မာအစိုးရက ထပ်မံ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၂၇ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၃၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ  မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီရဲ့ တင်ပြချက်အပေါ် မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက တုံ့ပြန်ပြောကြားလိုက်တာပါ။ “လက်ရှိ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ဓမ္မဓိဋ္ဌာန်မကျမှုနဲ့ ကုလသမဂ္ဂ ဝန်ထမ်း ကျင့်ထုံးတွေကို လိုက်နာမှုအားနည်းတာတွေကြောင့် ဆက်လက်ပူးပေါင်းပါက အကျိုးမရှိဘူးလို့  မြန်မာပြည်သူတွေက သုံးသပ်ခဲ့တာကြောင့် မိမိတို့အနေနဲ့ ၎င်းအစား အထူးအစီရင်ခံစာ တင်သွင်းသူ အသစ်ခန့်အပ်ပေးဖို့ လူ့အခွင့်အရေးကောင်စီအား အရင်ကတည်းက တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ဒီမေတ္တာရပ်ခံချက်အပေါ် လျစ်လျူရှုနေတာ ဝမ်းနည်းစရာ ဖြစ်တယ်”လို့  အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ လုံခြုံရေးအခြေအနေဟာ အကြမ်းဖက်အုပ်စု ARSA အဖွဲ့က မောင်တောဒေသရှိ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ပြီးနောက် ယိုယွင်းလာနေတယ်၊ အိုးပစ်အိမ်ပစ် ထွက်ပြေးရသူတွေထဲမှာ မူဆလင်နဲ့ ရခိုင်တွေသာမက လူနည်းစု ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူတွေ ပါဝင်နေပေမယ့် နိုင်ငံတကာက ဥပေက္ခာပြုထားကြတယ်၊  တချို့ဆိုရင် အကြမ်းဖက်အုပ်စုကိုတောင် အမွှန်းတင် ကာကွယ်ပြောကြားနေကြတယ်၊၊ အထူး အစီရင်ခံစာတင်သွင်းသူရဲ့ မိန့်ခွန်းမှာ ARSA ရဲ့တိုက်ခိုက်မှုတွေနဲ့ ဟိန္ဒူ ၉၉ ယောက်ကို သတ်ဖြတ်မှုတွေကို မဖော်ပြခဲ့တာဟာ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ဘက်လိုက်မှုနဲ့ မမျှတမှုကို ပြသနေတာ ဖြစ်တယ်လို့လည်း မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ လျစ်လျူရှုနေမှာ မဟုတ်ဘဲ အထောက်အထား ခိုင်လုံပါက ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်၊ အစိုးရအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်သူတွေ ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ရေးကော်မရှင် ဖွဲ့စည်းသွားမယ်လို့လည်း ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ စပ်လျဉ်းပြီး အစီရင်ခံစာကို နှုတ်နဲ့ တင်သွင်းသွားခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး အိုင်စီစီမှာ စုံစမ်းစစ်ဆေးဖို့ အခိုင်အမာ တောင်းဆိုတယ်လို့ မစ္စယန်ဟီးလီက လူ့အခွင့်အရေး ကောင်စီမှာ ပြောသွားပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာပြည် တခြားဒေသတွေမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်ဖွယ်ရှိတဲ့ အမှုတွေ အများကြီး ကျူးလွန်တဲ့ အချက်အလက် အထောက်အထားတွေ ရှိထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကို ဖျက်သိမ်းဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ကန့်သတ်ချုပ်ချယ်ထားတဲ့ စနစ်တွေကို ဖျက်သိမ်းဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုသွားပါတယ်။ ဓာတ်ပုံ-UN
3 years Ago

August 12, 2016

နေရာ

အစိုးရအဖွဲ့သစ်၏ ပြန်ကြားရေးဝန်ကြီးအသစ်နှင့် စာပေအဖွဲ့အစည်းများ တွေ့ဆုံခဲ့ကြလေသည်။ မြန်မာနိုင်ငံစာရေးဆရာများအသင်းကမူ ယခင့်ယခင်ကတည်းက ဖွဲ့စည်းထားခဲ့သော ယခင် စစ်အစိုးရက ကမကထပြုပြီး ဖွဲ့စည်းခဲ့သော စာရေးဆရာ အဖွဲ့အစည်းဖြစ်၍ အထွေအထူး ပြောစရာမလိုသော်လည်း  ကျန်အဖွဲ့ကြီး ၃ ခုကမူ ပါတီစုံဒီမိုကရေစီခေတ်တွင် ဖွားသန့်စင်လာသော စာပေအဖွဲ့များဟု ဆိုရပေမည်။ ဆရာဂုဏ်ထူးဦးသိန်းနိုင်တို့၏ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှာလည်း ယခင်အစိုးရအဖွဲ့တွင် ဖွဲ့စည်းထားခဲ့သလို မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂနှင့် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂတို့မှာ ၂ဝ၁၂ လောက်က ရှေ့ဆင့်နောက်ဆင့် ဖွဲ့စည်းခဲ့သော စာပေအဖွဲ့အစည်းများ ဖြစ်သည်။ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂကမူ ရန်ကုန်မြို့မှ ကဗျာဆရာများနှင့် နယ်မှ ထက်သန်သော ကဗျာဆရာများကို စုစည်းကာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခုအချိန်အထိ ကဗျာဆရာသမဂ္ဂမှာ အမှုဆောင် ၃ ခု ပြောင်းခဲ့ပြီး စဖွဲ့စဉ်က ဥက္ကဋ္ဌ မောင်စိမ်းနီဖြစ်ပြီးနောက် ဆရာသစ္စာနီ ဥက္ကဋ္ဌဖြစ်လာသည်။ ယခု ဆရာပြည့်မင်းက ဥက္ကဋ္ဌတာဝန်ယူလိုက်၏။ အမှုဆောင်အဖွဲ့သစ်လည်း ထပ်မံရွေးချယ်လိုက်၏။ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ခဲ့ကြစဉ်က ကဗျာဆရာသမဂ္ဂနှင့် စာရေးဆရာများသမဂ္ဂတို့ အဓိက တင်ပြချက်တို့မှာ ပြန်ကြားရေးဝန်ကြီးက ထိုအဖွဲ့အစည်းများအတွက် ရုံးခန်းများဖွင့်လှစ်ဖို့ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံချက် ဖြစ်ပါသည်။ သမဂ္ဂနှစ်ဖွဲ့စလုံးမှာ ယခင်အစိုးရ လက်ထက်ကတည်းက အဖွဲ့အစည်းမှတ်ပုံတင်အဖြစ် အဖွဲ့အစည်းများကို တင်ပြခဲ့၏။ သို့သော် သမဂ္ဂဆိုသော နာမည်မပါမှ တင်ခွင့်ပြုမည်ဆိုသောကြောင့် ယခုထက်တိုင် မှတ်ပုံတင်ခွင့်မရပေ။ ယခု အဖွဲ့အစည်းမှတ်ပုံတင်ကို နှစ်ဖွဲ့စလုံးက ထပ်မံကြိုးစားကြပေလိမ့်မည်။ ကဗျာဆရာသမဂ္ဂမှာ ကဗျာဆရာများအတွင်း၌ အခြေခံပြီး ယေဘုယျထောက်ခံပြီးသော စာပေအဖွဲ့အစည်းတခု ဖြစ်သလို စာရေးဆရာများသမဂ္ဂမှာလည်း မြို့နယ်ပေါင်း ၆ဝ ခန့် ဖွဲ့စည်းထားနိုင်ခဲ့သည်။ စာရေးဆရာအဖွဲ့ကြီးတခု ဖြစ်လာပါသည်။ တချို့ စာရေးဆရာအားကောင်းသော နယ်မြို့များက သူတို့မြို့နယ်ရှိ စာရေးဆရာများအားလုံး စုပေါင်းကာ သမဂ္ဂကို ဖွဲ့စည်းလိုက်၏။ ဖွဲ့စည်းပြီးမှ ရန်ကုန်ရှိ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ သူတို့မြို့နယ်ကို  စာရေးဆရာများသမဂ္ဂ ဖွဲ့စည်းပြီးသော မြို့နယ်အဖြစ် တင်ပြလာခဲ့၏။ ထိုအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း သွားရောက် အသိအမှတ်ပြုကြသလို မြို့နယ်များမှ ရောက်လာသောအခါတွင်လည်း အသိအမှတ် ပြုခဲ့ကြသည်။ လေးနှစ်တာကာလအတွင်း မြို့နယ်အတော်များများကို ဖွဲ့စည်းထားနိုင်ခဲ့သော်လည်း မြို့နယ်များနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ထိတွေ့မှုမှာ အားနည်းနေသည်။ အားနည်းနေရသည်မှာ စာပေလှုပ်ရှားမှုများနှင့် စာပေဟောပြောပွဲကအစ သတင်းပြန်ကြားရေးများကို ဗဟိုအထိ ထိထိရောက်ရောက် မလုပ်နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အမှုဆောင်များက ပြောကြားကြသည်။ မှန်လည်းမှန်သည်။ ဗဟိုအလုပ်အမှုဆောင်များနှင့် မြို့နယ်များ အဆက်အသွယ် ခိုင်ခိုင်မာမာရှိရန် လိုအပ်သလို မြို့နယ်များသို့ ဗဟိုကဆင်းပြီး ညီလာခံအတွက် ပြင်ဆင်ရန်လည်း အရေးကြီးလှပေသည်။ လေးနှစ်တာကာလအတွင်း ညီလာခံမခေါ်နိုင်သည်မှာ စည်းရုံးရေးအရ ကျစ်ကျစ်လျစ်လျစ် မရှိသလို ဘဏ္ဍာရေး အခက်အခဲကြောင့်လည်း ဖြစ်ပေသည်။ ယခုလောလောဆယ် သမဂ္ဂအတွက် ရုံးခန်းပြဿနာ ဖြစ်လာသည်။ ရွေးကောက်ပွဲတွင် ပြောင်းလဲချိန်တန်ပြီဆိုသော လှုံ့ဆော်ချက်ဖြင့် အန်အယ်လ်ဒီပါတီက လူထုထောက်ခံမှုကို ယူခဲ့၏။ ပညာတတ် ဓနရှင်လူငယ်များ၊ အလယ်များ၊ လယ်သမားများ၊ ပညာတတ်များ၊ ခေါင်းရွက်ဗျပ်ထိုးများ၊ ဈေးသည်များ၊ စာရေးဆရာ၊ ကဗျာဆရာများ စသည်စသည့် အခြေခံလူတန်းစားများ အပါအဝင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာရှိသော ပြည်သူတရပ်လုံးက အန်အယ်လ်ဒီကို ထောက်ခံမဲပေးပြီး ရွေးချယ်လိုက်ကြသည်။ ထိုအခါ စာပေလောကကလည်း အပြောင်းအလဲအတွက် မျှော်လင့်ခဲ့ပါသည်။ ယခင် စာပေအဖွဲ့အစည်းများအပြင် ယခုလည်း အဖွဲ့အစည်းများ ပေါ်လာသည်။ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂအား မှတ်ပုံတင်ခွင့်ပြုပြီး အစိုးရက အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ နယ်စာရေးဆရာများနှင့် စာရေးဆရာများကမူ စာပေအဖွဲ့အစည်းတခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုအခါ အဖွဲ့အစည်းတခု၏ ဂုဏ်အင်္ဂါနှင့် ကိုက်ညီသော ရုံးခန်းလို၊ အဆောက်အဦလို နေရာမျိုးတခုကို ဒီမိုကရေစီအစိုးရက တာဝန်ရှိရှိ ပေးရမည်ဖြစ်သည်။ ရှေးပါလီမန်ဒီမိုကရေစီခေတ်ကဆိုလျှင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး ရှိခဲ့၏။ ထိုအချိန်က ပန်းဆိုးတန်းရှိ ယခင် စိန်ဘရားသားဆိုင်၏ ဘေးရှိရာ နေရာတွင် စာရေးဆရာအသင်း အဆောက်အဦတခု ရှိခဲ့လေသည်။ ယခုမူ အထက်မြင့် အဆောက်အဦဆောက်၍ စာရေးဆရာအသင်းက နေရာရထားလေသည်။ စာရေးဆရာအသင်းမှာ ၆၂ အာဏာသိမ်း၊ မဆလတပါတီစနစ်၌ ထိုအသင်းကို ဖျက်သိမ်းပြီး စာပေလုပ်သားအဖွဲ့ဟုဆိုကာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသော၊ လွတ်လပ်မှုကို တောင်းဆိုသော စာပေသမားများက ထိုစာပေလုပ်သားအဖွဲ့တွင် မပါဝင်ခဲ့ပေ။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာမောင်နေဝင်း၊ ဆရာနတ်နွယ် စသည်စသည့် စာရေးဆရာများသည် စာပေလုပ်သားနှင့် မပတ်သက်ခဲ့ပေ။ စင်စစ်အားဖြင့် စာပေလုပ်သားအဖွဲ့မှာ စစ်အာဏာရှင်နှင့် မဆလ၏ လက်ကိုင်တုတ် ဖြစ်လာခဲ့တော့သည်။ မဆလအစိုးရကို ဘုန်းတော်ဖွဲ့သော စာပေမျိုးကိုသာ ရေးလာခဲ့၏။ အဖွဲ့ဝင်များကိုလည်း မိမိတို့ကို ထောက်ခံသည့်အတွက် မြေကွက်ကအစ ပေးကာ ဗိုလ်နေဝင်း စစ်ကောင်စီက စည်းရုံးထားခဲ့လေသည်။ နောက် ဗိုလ်သန်းရွှေ စစ်အစိုးရ တက်လာသောအခါ၌ စာပေလုပ်သားအဖွဲ့မှာ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖြစ်လာသည်။ စာနယ်ဇင်းဆိုသည်မှာလည်း စစ်အစိုးရ သိမ်းပိုက်ထားသော ကြေးမုံ၊ မြန်မာ့အလင်းနှင့် အင်္ဂလိပ်ဘာသာ မြန်မာ့အလင်းတို့ ဖြစ်ပေတော့သည်။ နယ်မှသတင်းထောက်များ ထိုသတင်းစာတိုက်မှ အယ်ဒီတာကအစ အားလုံးက စာပေသမားများအဖြစ် စာပေနှင့် စာနယ်ဇင်းတွင် ဦးဆောင်လာကြပါသည်။ စစ်အစိုးရနှင့် စစ်ကောင်စီအပေါ် ဆန့်ကျင်ရေးသားခြင်း၊ ကင်းကွာခြင်းမျိုး မလုပ်နိုင်ပေ။ ထိုစာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးမှာ စာပေဗိမာန်ကိုလည်း သူတို့လွှမ်းမိုးထားခဲ့သလို ယခင်စာပေလုပ်သားတို့၏ လုပ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုတို့ကိုလည်း လွှမ်းမိုးထားခဲ့၏။ ထို့နောက် ၂ဝဝ၈ ဖွဲ့စည်းပုံအရ ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပပြီး ၂ဝ၁၁ အစိုးရဖွဲ့လိုက်သောအခါ ပါတီစုံအစိုးရ ဒီမိုကရေစီအစိုးရဟု စစ်ကောင်စီက သတ်မှတ်၍ စစ်တပိုင်းအုပ်ချုပ်သော အချိန်၌ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးကို စာရေးဆရာအသင်းက တဖွဲ့၊ သတင်းစာဆရာအသင်းကတဖွဲ့၊ ပုံနှိပ်ထုတ်ဝေသူများအသင်းက တဖွဲ့ သုံးဖွဲ့ ဖွဲ့လိုက်လေသည်။ ထိုအချိန်၌ ပန်းဆိုးတန်းရှိ ယခင်စာရေးဆရာအသင်းပိုင်၊ နောက်စာပေလုပ်သားပိုင်၊ နောက် စာပေနှင့်စာနယ်ဇင်းအဖွဲ့ပိုင်နေရာနှင့် အဆောက်အဦမှာ စာရေးဆရာအသင်းပိုင် ဖြစ်လာလေ၏။ အစိုးရအဖွဲ့သစ် ပြန်ကြားရေးဌာနက ပြန်ကြားရေးဌာနပိုင် အဆောက်အဦ  တော်တော်များများရှိ၏။ ယခု စာရေးဆရာအသင်းပိုင်ဟု ဆိုနိုင်သော အထပ်မြင့် အဆောက်အဦကြီးမှာ ပြန်ကြားရေးဌာနက ပိုင်သလား၊ စာရေးဆရာအသင်းက ပိုင်သလား ဆိုသည်ကို မိမိတို့ အတိအကျမသိပါ။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်နိုင်ပေသည်။ ထိုသို့ဆိုလျှင် စာရေးဆရာ၊ ကဗျာဆရာများ ထောက်ခံမှုလည်းရှိ၊ အခိုင်အမာလည်း ဖွဲ့စည်းထားနိုင်သော စာပေအဖွဲ့အစည်းများအတွက် ရုံးခန်းတခန်း (သို့) နေရာတနေရာကို ပြန်ကြားရေးဝန်ကြီးက ဖန်တီးပေးနိုင်မည်ဆိုလျှင် ပြောင်းလဲချိန်တန်သော ယနေ့ခေတ်တွင် အမှန်တကယ် ပြောင်းလဲပြီဟု သတ်မှတ်ရပေလိမ့်မည်။ ထိုသို့ အပြောင်းအလဲကို သတ်မှတ်ရာတွင် ယခင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးစားပေးမှု၊ အခွင့်အရေးပေးမှု၊ ခွဲခြားဆက်ဆံမှုများကို ယခု ပြန်ကြားရေးဝန်ကြီးဌာနက လွှမ်းခြုံမှုရှိသော ဆက်ဆံမှုကို ပြုလုပ်မလုပ်ကို တိုင်းတာရပေလိမ့်မည်။ ဥပမာ ယခင်က စာရေးဆရာ၊ ကဗျာဆရာများ နိုင်ငံခြားခရီးသွားမည်ဆိုလျှင် စာရေးဆရာအသင်းကချည်း သတင်းစာဆရာများချည်း သွားကြသည်။ သူတို့သည် အစိုးရ၏ အဖွဲ့အစည်းဖြစ်သော စာပေနှင့် စာနယ်ဇင်းအဖွဲ့ကချည်း ဖြစ်နေတော့သည်။ ယခု ဤကဲ့သို့ လုပ်ဆောင်စရာမလိုတော့ဟု ယူဆပါသည်။ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် စာပေဆိုလျှင် စာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာများသမဂ္ဂ၊ မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်းတို့လည်း နိုင်ငံတကာ ဖိတ်ကြားမှုများကို လက်ခံဆက်သွယ်ပေးဖို့လိုသလို အစိုးရကပေးသော အခွင့်အရေးတိုင်း၊ အဖွဲ့အစည်းအားလုံး တန်းတူရှိဖို့ လိုပေလိမ့်မည်။ အာရှစာရေးဆရာများ၊ စာရေးဆရာအသင်းများ၊ ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက၊ မြောက်အမေရိက စသည့် စာပေအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး သူတို့နိုင်ငံသို့ အလည်သွားပြီး စာပေအဖွဲ့အစည်းများကို တန်းတူခေါ်မည်ဆိုမှသာ ယခင်လို လက်သင့်ရာ စားတော်ခေါ်သည့် အကျင့်စရိုက် မဟုတ်တော့ကြောင်း ဆုံးဖြတ်သတ်မှတ်ရပေလိမ့်မည်။ ထိုအခြေအနေကို ပြန်ကြားရေးဝန်ကြီးဌာန အသစ်က ဘယ်လိုဆောင်ရွက်မလဲ ဆိုသည်ကို စောင့်ကြည့်ရပေလိမ့်မည်။ ထက်မြက်
5 years Ago
Up