နေရပ်ပြန်ခွင့်ရပြီ

February 12, 2017

အိန္ဒိယတွင် ၅၄ နှစ်ကြာ သောင်တင်ခဲ့သည့် တရုတ်အမျိုးသား နေရပ်ပြန်ခွင့်ရပြီ

အိန္ဒိယနိုင်ငံမှာ ၅၄ နှစ်ကြာ တရုတ်ပြည်ကိုမပြန်နိုင်ဘဲ သောင်တင်ခဲ့တဲ့ တရုတ်အမျိုးသားတဦးဟာ စနေနေ့က တရုတ်အစိုးရရဲ့အကူအညီနဲ့ နေရပ်ရင်းဒေသကို ပြန်ခွင့်ရရှိခဲ့ပါတယ်။ အသက် ၇၀ ကျော်အရွယ် ၀မ်ချီဟာ ၁၉၆၃ ခုနှစ်က မြေတိုင်းတပ်ဖွဲ့ဝင်တဦးအဖြစ်နဲ့ အိန္ဒိယနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီး အဲဒီမှာ အိန္ဒိယစစ်တပ်က သူ့ကို ထောင် ၇ နှစ် ချခဲ့တာပါ။ ထောင်ကပြန်လွတ်တော့လည်း အိန္ဒိယအလယ်ပိုင်း ပြည်နယ်တခုကို အပို့ခံရပြီး အဲဒီမှာ ဒေသခံအိန္ဒိယသူတဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ကလေး ၄ ယောက်ထွန်းကားခဲ့ပြီး တရုတ်နိုင်ငံကိုပြန်ဖို့ လိုအပ်တဲ့စာရွက် အထောက်အထားတွေ အိန္ဒိယအစိုးရက မထုတ်ပေးခဲ့အကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြခဲ့တာပါ။ အဲဒီမှာ တရုတ်သံရုံးက သိရှိသွားပြီး ၀မ်ချီ တရုတ်ပြည်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ စနေနေ့မနက်ပိုင်းက သူ့ရဲ့သားသမီးတွေနဲ့အတူ ပေကျင်းနိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာခဲ့ပြီး သူ့ရဲ့ မိသားစုဆွေမျိုးတွေက ကြိုဆိုခဲ့ကြပါတယ်။ သူ့ရဲ့မွေးရပ်မြေ ရှင်းရန် Xianyang မြို့မှာလည်း သူ့ကို ကြိုဆိုတဲ့စာတမ်းတွေ ချိတ်ဆွဲ ကြိုဆိုခဲ့ကြပါတယ်။ ၀မ်ချီနဲ့အတူ သားသမီးမြေးတွေ လိုက်ပါခဲ့ကြပေမယ့် ဇနီးဖြစ်သူကတော့ ကျန်းမာရေးသိပ်မကောင်းလို့ အိန္ဒိယနိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မတက်ခင် ဒေလီမြို့တော် Shopping Mall တခုမှာ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူနိုင်ဖို့လည်း တရုတ်သံရုံးအရာရှိတွေက လိုက်ပို့ပေးခဲ့ပါတယ်။
4 years Ago
Up