နေရပ်စွန့်ခွာသူများကို တွေ့ဆုံ

April 7, 2018

ကုလအကြီးအကဲ ကချင်နှင့်ရခိုင် နေရပ်စွန့်ခွာသူများကို တွေ့ဆုံ

ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် မစ္စ အာရ်ဆူလာမြူလာဟာ ကချင်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ နေရပ်စွန့်ခွာသူတွေကို သွားရောက်တွေ့ဆုံနေပါတယ်။ အရေးပေါ် အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ မစ္စ မြူလာဟာ ဧပြီ ၆ ရက် မနေ့က ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုင်းနား ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ စခန်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာ လူဦးရေ ၂၅၀၀ ကျော်နေထိုင်ပြီး အများစုဟာ ၂၀၁၁ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာသူတွေ ဖြစ်ပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာဟာ ၇ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ကချင်ပြည်နယ်မှာ လူဦးရေ ၉၀၀၀၀ ကျော်ဟာ ဆက်လက် နေရပ်စွန့်ခွာရတုန်း ဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။ နေရပ်စွန့်ခွာ အမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်တွေနဲ့ အခက်အခဲတွေအကြား ကြံ့ကြံ့ခံရပ်တည်တာတွေကို မစ္စ မြူလာက ချီးကျူးခဲ့တယ်လို့လည်း ဆိုပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ ပြောပြတဲ့စခန်းမှာ နေထိုင်ရတဲ့ သူတို့ရဲ့ ဘဝတွေနဲ့ မူလ နေရပ်တွေကို ပြန်ဖို့ မျှော်လင့်ချက်တွေအကြောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ် စောင့်ရှောက်မှု၊ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လိုအပ်ချက်တွေ၊ မူလနေရပ်က မြေယာပိုင်ဆိုင်မှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ၊ မြေမြှုပ်မိုင်းအန္တရာယ်တွေ၊ အသက်မွေးဝမ်းကျောင်းအတွက် မြေယာတွေမှာ လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း မစ္စ မြူလာက နားထောင်ခဲ့ပါတယ်။ မစ္စမြူလာဟာ ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေရဲ့ စခန်းတွေ၊ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် သူတွေကို လက်ခံမယ့် ယာယီစခန်းဆောက်လုပ်နေတဲ့ နေရာတွေ၊ ပြန်လည်နေရာချထားတဲ့ နေရာတွေကို သွားရောက်သလို ရခိုင်၊ ဟိန္ဒူ၊ မြို၊ မွတ်စလင်တွေ အပါအဝင် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဧပြီ ၃ ရက်ကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေက ပြည်ထောင်စု ဝန်ကြီးတွေ၊  ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် မစ္စ အာရ်ဆူလာမြူလာဟာ ဧပြီ ၂ ရက်ကနေ ၁၁ ရက်အထိ လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စတွေအတွက် မြန်မာနိုင်ငံကို လာရောက်နေတာ ဖြစ်ပါတယ်။
3 years Ago
Up