နေတိုးတပ်ဖွဲ့

July 13, 2018

အီရတ်နှင့် အာဖဂန်သို့ နေတိုးတပ်ဖွဲ့များ ပိုမိုစေလွှတ်ရန် သဘောတူ

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေကို ရင်ဆိုင်နေရတဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေဆီ တပ်ဖွဲ့တွေ ပိုစေလွှတ်သွားဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ သဘောတူလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ဇူလိုင် ၁၂ ရက်နေ့မှာ နေတိုးအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေ အခုလို သဘောတူလိုက်တာပါ။ နေတိုးတပ်ဖွဲ့ဝင်တွေဟာ အီရတ်တပ်ဖွဲ့တွေကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ သင်တန်းပေးမှာဖြစ်ပြီး ဒီသင်တန်းကို အီရတ်ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး အရာရှိတွေ၊ အီရတ်စစ်တပ် နည်းပြတွေကို မနှစ်ကတည်းက စပေးနေတဲ့ သင်တန်းနဲ့ ပေါင်းကူးမှာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကိုတော့ ၂ နှစ်ကြာ သင်တန်းပေးဖို့ စီစဉ်ထားပြီး နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ ကာတာနဲ့ ယူအေအီးနိုင်ငံတွေက တပ်ဖွဲ့တွေကိုလည်း စေလွှတ်သွားမယ်လို့ နေတိုးခေါင်းဆောင်တွေက ပြောပါတယ်။ နေတိုးခေါင်းဆောင်တွေဟာ ကာတာနဲ့ ယူအေအီးတို့ရဲ့ ပါဝင်မှုကို ချီးကျူးထားပြီး တခြားနိုင်ငံတွေ အနေနဲ့လည်း အခုလိုပါဝင်ဖို့ တိုက်တွန်းပါတယ်။ အီရတ်ကိုပေးမယ့် သင်တန်းအသစ်မှာ တပ်ဖွဲ့ ၅ဝဝ ပါဝင်မှာဖြစ်ပြီး သူတို့ထဲက ပထမအသုတ်ဟာ လာမယ့်လတွေအတွင်း ရောက်ရှိမယ်လို့ အီရတ်မှာရှိတဲ့ နေတိုး ထိပ်ပိုင်းအရာရှိ ပေါလ်စမစ်ကို ကိုးကားပြီး The Wall Street Journal က သတင်းဖော်ပြပါတယ်။ ကနေဒါဝန်ကြီးချုပ်ကတော့ သူ့အစိုးရဟာ တပ်ဖွဲ့ဝင်အသစ်တွေရဲ့ တဝက်နီးပါးကို စေလွှတ်သွားမယ်လို့ ပြောထားပါတယ်။
3 years Ago
Up