အာဖဂန်နစ္စတန် နိုင်ငံအတွင်း နေတိုးခေါင်းဆောင်တဲ့ စစ်ဆင်ရေးအဖွဲ့ ယာဉ်တန်း ခရီးသွားနေချိန်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတစီးက ယာဉ်တန်းကို စက်တင်ဘာ ၁၅ ရက်နေ့က ဝင်တိုက်ခဲ့လို့ ရိုမေးနီးယား နိုင်ငံသား စစ်သည် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
စစ်သားတွေဟာ ကန်ဒဟာ ဒေသအတွင်း ယာဉ်တန်းနဲ့ ခရီးသွားနေခဲ့တာလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
အာဖဂန်စစ်တပ်ကို သင်တန်းပေးဖို့၊ အကြံပေးဖို့နဲ့ ထောက်ပံ့ကူညီဖို့ စစ်ဆင်ရေး အစိတ်အပိုင်းအနေနဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံက စစ်သည်အင်အား ၁၃၀၀၀ နီးပါး အာဖဂန် နိုင်ငံထဲမှာ ဆက်ရှိနေပါတယ်။
၂၀၀၄ ခုနှစ်တည်းက နေတိုးအဖွဲ့ဝင် နိုင်ငံ ဖြစ်လာတဲ့ ရိုမေးနီးယားဟာ နေတိုးရဲ့ အာဖဂန် စစ်ဆင်ရေးအတွက် တပ်ဖွဲ့ဝင် အင်အား ၆၂၀ ထည့်ဝင်ထားပါတယ်။
ဒီအဖွဲ့ဟာ အာဖဂန် နိုင်ငံအတွင်း တာလီဘန် တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပါတယ်။
နိုင်ငံခြား စစ်ဆင်ရေးတွေအတွင်း စစ်သည် ၂၉ ဦး ကျဆုံးပြီး အယောက် ၁၈၀ ဒဏ်ရာရခဲ့တယ်လို့ ဥရောပသမဂ္ဂက ဖော်ပြထားကြောင်း ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
4 years Ago