ဒေါ်မြမေ

August 23, 2018

မင်းကတော်ကြီး ဒေါ်မြမေရဲ့ တပိုင်းတစပုံရိပ်များ (သုတကဖေး)

၁၉၂၇ ခု ဖေဖော်ဝါရီ ၁ ရက်နေ့၊ နံနက် ၉း၃၀ နာရီခန့်။ ပုသိမ်ထီးကိုယ်စီနဲ့ အမျိုးသမီး ၁၀၀ ကျော်ခန့်ဟာ ဂျူဒါအီစကယ်လမ်း (သိမ်ဖြူလမ်း) ဖရေဇာလမ်း (အနော်ရထာလမ်း) နဲ့ စပတ်ခ်လမ်း (ဗိုလ်အောင်ကျော်လမ်း) တို့မှာ စီတန်းလမ်းလျှောက်လာကြတယ်။ လက်ထဲမှာလည်း “မိန်းမတွေ မကြောက်ကြနဲ့”။ “အတွင်းဝန်ရုံးသို့ မိန်းမများ မဝင်ရလို့ အမိန့်ထုတ်ထားသည်၊ စောင့်ကြည့်ကြပါ။” ဆိုတဲ့ စာတန်းတွေ ကိုင်လို့။ ပါးစပ်ကလည်း “မိန်းမအမတ်ရရှိရေး …ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ဟစ်အော်လာတယ်။ ပုသိမ်ထီး ကိုယ်စီဆောင်းထားပေမပေါ့။ ပုသိမ်ထီးက အဲ့ဒီခေတ်ရဲ့ အမျိုးသားရေးတံဆိပ်ပေပဲကိုး။ အတွင်းဝန်ရုံးကို ဝိုင်းပြီး ပိတ်ဆို့ဆန္ဒပြခြင်းအစ အမျိုးသမီးများက ဆိုရမှာပါ။ ဟုတ်တယ်၊ ဗမာပြည်မှာ ဒါ.. ပထမဆုံး အတွင်းဝန်ရုံးကို ပိတ်ဆို့ဆန္ဒပြတာပဲ။ အဲဒီအမျိုးသမီးထုထဲမှာ ထူးထူးခြားခြား အသက် ၇၀ နီးပါးခန့် အရွယ်ရှိတဲ့ အဘွားအိုတယောက်လည်း ပါရှိနေခဲ့တယ်။ အလွန်အိနြေ္ဒကြီးပြီး တည်ကြည်တဲ့ သူ့မျက်နှာဟာ ခက်ထန်နေတာမျိုးလည်း မဟုတ်။ သိမ်မွေ့ဟန်ကို တွေ့နေရတယ်။ အမျိုးသမီးထုက သူ့ကို “ဘွားဘွားဘုရား” လို့ တလေးတစားခေါ် ပြောဆိုနေသလို မျက်နှာဖြူအရာရှိများ ကိုယ်တိုင်ကလည်း ရိုကျိုးတဲ့ဟန်နဲ့ တလေးတစား ဆက်ဆံခြင်းခံရသူ။ သူ ဘယ်သူလဲ..။ ဘာအတွက် ဆန္ဒပြတာလဲ..။ တကယ်တော့ ဒီဇာတ်လမ်းကို စခဲ့တာက သူ့မြေးမ မမြစိန် (အမ်အေ) နဲ့ အင်ဒီပင်းဒင့် ဒေါ်စန်းတို့ပဲ။ တာဝန်ရှိတာက အင်္ဂလိပ် မျက်နှာဖြူတွေနဲ့ အလိုတော်ရိ အမတ်တွေပဲ။ ဒိုင်အာခီအုပ်ချုပ်ရေးမှာ အမျိုးသမီး ဥပဒေပြုအမတ် မရှိဖို့ ပိတ်ပင်ရာက စခဲ့တာ။ ဒါကိုတော့ ဒေါ်စန်းတို့၊ ဒေါ်မြစိန်တို့က လက်မခံနိုင်ဘူး။ ၁၉၂၇ ထဲ အိန္ဒိယကွန်ဂရက်မှာ အမျိုးသမီးလွှတ်တော်အမတ်ကို ဒုဥက္ကဋ္ဌအဖြစ် အရွေးခံရတော့ ဗမာပြည်လည်း ဖြစ်သင့်တာပဲမဟုတ်လား။ ဒီတော့ ဒေါ်စန်းတို့ ဒေါ်မြစိန်တို့ မစ္စစ်ပေါ်လွန်းတို့နဲ့အတူ မျက်နှာဖြူအရာရှိကတော် ဗမာအမျိုးသမီးထုက ဗမာပြည် ပိတ်ဆို့ထားတာကို လက်မခံနိုင်တာ သဘာဝကျတယ်။ ဒါပေမယ့် သူတို့ချည်းဆိုရင် မျက်နှာဖြူတွေက သိပ်အလေးထားမှာ မဟုတ်ဘူး။ ဒါကြောင့် မျက်နှာဖြူတွေ အလေးထားတဲ့ ဘွားဘွားဘုရားကို ဦးဆောင်ဦးရွက်ပြုပေးဖို့ အကူအညီတောင်းရာက အဘွားအို ပါလာခဲ့တာ။ အဘွားပါလာပြီဆိုတော့ ကျန်မျက်နှာဖြူအရာရှိကတော်တွေလည်း ရဲဝံ့စွာ ပါလာခဲ့ဟန်ပါပဲ။ တကယ်တော့ အဘွားအိုဟာ တချိန်က အင်္ဂလန် ဝိတိုရိယ ဘုရင်မကြီးက ဘက်ကင်ဟန်နန်းတော်မှာ ဖိတ်ကြားတွေ့ဆုံခဲ့ဖူးတယ်။ ပြီးတော့ အိန္ဒိယ မဟာရာဇာများကိုသာ အပ်နှင်းတဲ့ တာရာဘွဲ့ကို ဘုရင်မကြီးရဲ့ အပ်နှင်းခြင်း ခံရသူပါ။ ဒါကြောင့် အချို့က မင်းကတော်ကြီး တာရာဒေဝီလို့ သူ့ခေတ်မှာ ခေါ်ကြတာလည်း ရှိသတဲ့။ မင်းကတော်ကြီးလို့ ခေါ်တာက မြန်မာထဲက ပထမဆုံး အိန္ဒိယမှာ ငွေတိုက်မင်းကြီးအဖြစ် အမှုတော်ထမ်းခဲ့တဲ့ ခင်ပွန်းသည် ဦးလှအောင်ကို အကြောင်းပြုပြီး ခေါ်ခဲ့တာပါ။ အများကတော့ မင်းကြီးကတော် ဒေါ်မြမေ...တဲ့။ [caption id="attachment_286757" align="alignleft" width="288"] ဓာတ်ပုံ - wakhama[/caption] မမြမေလေးကို ၁၈၅၆ ခုနှစ် မော်လမြိုင်မြို့မှာ မွေးတာ။ ဖခင်က စစ်ကဲမောင်ထော်လေးပေါ့။ တချိန်က ဒလမြို့တော်ဝန်။ ဘကြီးတော်လက်ထက်က မင်းကျော်သီဟဘွဲ့ အပ်နှင်းပြီး ဒလမြို့ဝန်ဖြစ်ခဲ့တာ။ ဖခင် ဦးထော်လေး မဆုံးမီမှာပဲ သမီးဖြစ်သူ မမြမေကို သူသေရင် စောင့်ရှောက်ပေးဖို့ တနင်္သာရီ ကော်မရှင်နာမင်းကြီးထံ အပ်ခဲ့တယ်။ ကော်မရှင်နာမင်းကြီးကလည်း သမီးအဖြစ် မွေးစားပြီး မမြမေလေး အရွယ်ရောက်တဲ့အခါမှာ ရခိုင်ကော်မရှင်နာမင်းကြီးရဲ့ မွေးစားသား မောင်လှအောင်နဲ့ ထိမ်းမြားပေးခဲ့တယ်။ မောင်လှအောင်ဟာ နောင်မှာ အိန္ဒိယ ငွေစာရင်းမင်းကြီး ဖြစ်ခဲ့သူပေါ့။ ဘလှအောင်ဆိုတဲ့ သားတယောက် မွေးခဲ့တယ်။ ငွေစာရင်းမင်းကြီး ဦးလှအောင်နဲ့ လိုက်ပြီး မဒရပ်၊ ဘုံဘေ၊ ပန်ဂျပ်တို့မှာ နေထိုင်ရင်း အက်ဒွပ်မင်းသားနဲ့လည်း ရင်နှီးခင်မင်ခဲ့ကြတယ်။ ၁၉၀၇ ခုနှစ်ထဲမှာတော့ ခင်ပွန်းသည် မင်းကြီးဦးလှအောင် ဆုံးပါးသွားခဲ့တယ်။ ဒေါ်မြမေ အသက် ၄၉ နှစ်ရှိနေပြီ။ အဲ့ဒီနောက်တော့ ဒေါ်မြမေဟာ မုဆိုးမဘဝနဲ့ အမျိုးသားရေးကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တယ်။ ရွှေတိဂုံဘုရားလမ်းမှာ နေထိုင်တယ်။ ဒေါ်မြမေဟာ ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းသူဖြစ်တယ်။ လက်ရှိ ဦးထောင်ဗိုလ်ကုန်းအနီးက အောင်မြေသာစံ ဘုန်းတော်ကြီးကျောင်းကို မြေနေရာနဲ့အတူ ကျောင်းပါ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ကျုံးကြီးလမ်းထိပ်မှာ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနဲ့ ရွှေတိဂုံဘုရာလမ်းမှာ ဗုဒ္ဓဘာသာ အမျိုးသားအထက်တန်းကျောင်းတို့ကို ၁၈၉၆ မှာ တည်ထောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အချို့မူကွဲအဆိုကတော့ ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ်ကာလ ကျောင်းတွေပိတ်ထားတာကြောင့် ဒီနှစ်ကျောင်း ဖွင့်ပေးခဲ့တာလို့ ဆိုပါတယ်။ ဘာသာရေးအပိုင်းနဲ့ ပတ်သက်ရင်လည်း အင်္ဂလန်ဘုန်းတော်ကြီး ဘိက္ခူအာနန္ဒမေတ္တေယျတို့ ဘုန်းတော်ကြီး ၂ ပါးရဲ့ ပစ္စည်းလေးပါး ဒါယိကာမအဖြစ် အထောက်အပံ့ ပြုခဲ့တယ်။ အင်္ဂလန် အောက်စ်ဖို့ဒ်မှာ ဆရာတော် မေတ္တေယျ ဦးဆောင်ပြီး သားဖြစ်သူ ဘလှအောင်တို့ ဇနီးမောင်နှံနဲ့အတူ ဓမ္မဒူတအဖွဲ့အဖြစ် ၁၉၀၈ ခုနှစ်ထဲ သွားရောက် သာသနာပြုခဲ့ရာမှာလည်း ကုန်ကျစရိတ်အားလုံး အလှူပြုခဲ့တယ်။ ဒါကိုတော့ ဆရာကြီးမင်းသုဝဏ်က “ဗြိတိသျှဓမ္မဒူတနှစ်ပါးနှင့် မင်းကတော်ကြီး ဒေါ်မြမေ” ဆိုပြီး မှတ်တမ်းတင် ရေးသားခဲ့ဖူးတယ်။ အင်္ဂလန်ကနေ ရောက်လာတဲ့ ရူပဗေဒပါမောက္ခ ကေအမ်ဝါဒ်ကလည်း သူ့အိမ်အောက်ထပ်မှာနေတော့ မကြာခနဆိုသလို ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးဖြစ်ကြတယ်။ ရန်ကုန်ကောလိပ်ရဲ့ ရူပဗေဒပါမောက္ခ ကေအမ်ဝါဒ်ရဲ့ဖခင် ဂျိန်းဝဒ်က ဒေါ်မြမေ အင်္ဂလန်မှာ ရှိစဉ်ကတည်းက ခင်မင်ရင်းစွဲ ရှိလေတော့ သားဖြစ်သူ ဝါဒ်ဟာ ဗမာပြည်ကောလိပ်မှာ ဆရာအဖြစ် လာရမယ်ဆိုတော့ ကျောင်းနဲ့နီးတဲ့ ဒေါ်မြမေအိမ် အောက်ထပ်မှာ အခန်းတခန်းပေးပြီး နေစေခဲ့တယ်။ သူကလည်း ပါမောက္ခဖြစ်သလို ပန်းချီဆရာတယောက်လည်းဖြစ်တော့ သူ့ကို အကြောင်းပြုပြီး ကျောင်းသားတချို့လည်း ဒေါ်မြမေအိမ် ရောက်လာကြတယ်။ ၁၉၁၈ ခုနှစ်ထဲရောက်တော့ ပါမောက္ခဝါဒ်နဲ့ မြန်မာလူငယ်တွေ စုပေါင်းပြီး Burma Arts Club ကို ဒေါ်မြအိမ်မှာပဲ တည်ထောင်လိုက်ကြပါတယ်။ ဗိသုကာပညာရှင် မောင်သာထွန်းက အတွင်းရေးမှူးပေါ့။ ဦးရွှေစိုး၊ ဦးမောင်မောင်ကြီး၊ ဦးစံလွင်၊ အေလှမောင်နဲ့ မခင်အေးတို့က အဖွဲ့ဝင်ပေါ့။ စုစုပေါင်း မြန်မာလူငယ် ၁၉ ယောက်ဟာ ဒေါ်မြမေအရိပ်ကို ခိုခဲ့ကြရတယ်။ အဲဒီအချိန်မှာ မောင်ဘဉာဏ်နဲ့ မောင်ဘဖန်တို့ ညီအစ်ကိုနှစ်ယောက်လည်း မောင်စံဝင်းကို အကြောင်းပြုပြီး ရောက်လာခဲ့ပါတော့တယ်။ လန်ဒန် ပန်းချီတော်ဝင်အသင်းဥက္ကဋ္ဌ ဂျယ်ရီကယ်လီ မြန်မာနိုင်ငံ ရောက်လာတော့လည်း ဒေါ်မြမေအိမ်မှာပဲ တည်းခိုပြီး ဒေါ်မြမေက မြန်မာပန်းချီဆရာတွေဖြစ်တဲ့ ဦးဘအုန်း၊ ဦးထွန်းလှတို့နဲ့တကွ မြန်မာလူငယ်ပန်းချီသမားတွေကို ဖိတ်ပြီး ကယ်လီနဲ့ ပန်းချီအကြောင်း ဆွေးနွေးစေတယ်။ ကယ်လီကလည်း အဲဒီနေ့မှာ မင်းကတော် ဒေါ်မြမေကို မော်ဒယ်အထိုင်ခိုင်းပြီး ဆီဆေးနဲ့ ပုံတူကို လက်တွေ့ရေးဆွဲပြခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ပန်းချီဆရာ ဂျီလှမောင်က “မင်းကတော် ဒေါ်မြမေသည် သူ့ပုံတူကို ဆွဲစေခြင်းဖြင့် သူမထံတွင် မှီနေသူများအား ထိုပုံသည် နတ်လမ်းညွှန် ဖြစ်စေခဲ့သည်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပန်းချီဆရာ လှတင်ထွန်းကတော့.. “၁၉၁၈ ခုနှစ် Burma Art Club တည်ထောင်ရာတွင် ပါဝင်ကူညီခဲ့သူ။ မြန်မာပန်းချီကျော်များကို မွေးဖွားပေးခဲ့သူ။ ပန်းချီမိခင်ကြီး မင်းကြီးကတော် ဒေါ်မြမေ၏ ကျေးဇူးကို အမြဲသတိရ အောက်မေ့နေကြမည်ဟု ယုံကြည်ပါသည်” လို့ အလေးထား မှတ်တမ်းတင်ခဲ့ပါတယ်။ ပန်းချီဆရာ ဦးသာထွန်း၊ ပန်းချီဆရာ ဦးဘဉာဏ်၊ ဦးစံဝင်း၊ ဦးဘဇော် အစရှိတဲ့ ပန်းချီဆရာတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဦးဘဉာဏ် အင်္ဂလန် ပညာသင်သွားဖို့အတွက် ကုန်ကျငွေအချို့အဝက်ကိုလည်း ဒေါ်မြမေက မတည်ပေးခဲ့တယ်။ ဂျာမနီ ပန်းချီကျော် ဆရာတယောက် ရောက်လာတော့ ဒေါ်မြမေဟာ ဖိတ်ကြားပြီး မြန်မာပန်းချီဆရာတွေနဲ့ အမြင်ဖလှယ် ဆွေးနွေးမှုကို ပြုလုပ်စေခဲ့ပါတယ်။ ဒေါ်မြမေသာ သဘောထားမကြီး အမြင်တိုခဲ့မယ်ဆိုရင်၊ မြန်မာလူငယ်တွေအပေါ် စေတနာကင်းမဲ့ခဲ့မယ်ဆိုရင် မြန်မာ့ပန်းချီပညာရှင် တိုးတက်မှု ဒါလောက်မြန်ဆန်လာဖွယ်ရာ မရှိဘူးလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ အဲဒီအသိ အဲဒီအမြင်တွေနဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ခဲ့တာကြောင့် မြေးမ မမြစိန်တို့ရဲ့ အမျိုးသမီးအမတ်ထားရှိရေး ဆန္ဒပြပွဲမှာ အရွယ်တော်အိုမင်းတာကို ဂရုမပြုအားဘဲ လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအကျိုးဆက် အနေနဲ့ ၁၉၃၆ ခုနှစ်မှာတော့ ဒေါ်နှင်းမြဟာ ပထမဦးဆုံး တဦးတည်းသော အမျိုးသမီးအမတ်အဖြစ် အရွေးချယ်ခံခဲ့ရတယ်။ သူ့ဘဝကို နိုင်ငံအတွက် တန်ဖိုးရှိအောင် မင်းကတော် ဒေါ်မြမေဟာ အသုံးချခဲ့သူလို့ ဆိုရမှာပါ။ သူဟာ မြန်မာပန်းချီဆရာတွေရဲ့ မိခင်အဖြစ် ပန်းချီလောကသားများက သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါဟာ သူ့ကို ထိုက်တန်စွာ ဂုဏ်ပြုလိုက်ခြင်းပါပဲ။ သူ့ဘဝမှာ အမျိုးသားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးတို့မှာလည်း စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလို ထမ်းဆောင်ရင်း ၁၉၄၅ ခုနှစ်ထဲမှာတော့ ဘဝတပါးကို ပြောင်းသွားခဲ့ပါပြီ။ သူ့ဘဝ သူ့တန်ဖိုးကတော့ မြန်မာပန်းချီလောကမှာ မိခင်အဖြစ် ထာဝရတည်ရှိနေခဲ့မှာပင် ဖြစ်ပါတော့တယ်။ ဆရာဋ္ဌေး ကိုးကား - ရွှေဥဒေါင်းစာဝင်္ကဘာ။
3 years Ago
Up