ဒေါ်အောင်ဆန်းစုကြည် လက်မခံ

May 3, 2017

ကုလအချက်အလက်စုံစမ်းရေးအဖွဲ့ မြန်မာပြည်စေလွှတ်ဖို့ကိစ္စ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ အချက်အလက်ရှာဖွေစုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ တောင်းဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  ဥရောပ၃ နိုင်ငံ ခရီးရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  ရိုဟင်ဂျာမွတ်စလင်တွေကို နှိပ်စက်၊ ညှဉ်းပန်း၊ သတ်ဖြတ် အဓမ္မပြုကျင့်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် နိုင်ငံတကာ လွတ်လပ်တဲ့ အချက်လက်ရှာဖွေစုံစမ်ရေးမစ်ရှင်အဖွဲ့ စေလွှတ်ဖို့  ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီက  ဆုံးဖြတ်ချက်ချမှတ် ထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း သတင်းထောက်တွေရဲ့မေးမြန်းချက်ကို  ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အီးယူသံတမန်ရေးဆိုင်ရာ အကြီးအကဲ ဖက်ဒရစ်ကာမိုဂါရီနီနဲ့အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။ “အချက်အလက်စုံစမ်းရေးအဖွဲ့ စေလွှတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။  ဒီဆုံးဖြတ်ချက်ဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်နေတာနဲ့ ကိုက်ညီမှုရှိတယ်လို့ မထင်တဲ့အတွက် လက်မခံတာဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ရခိုင်ဒေသရဲ့အမှန်တကယ်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကြံပြုချက်တွေကိုတော့ ၀မ်းမြောက်ဝမ်းသာလက်ခံမှာဖြစ်တယ်၊ ဒါပေမယ့် ဒီအကြံပေးချက်တွေဟာ ရခိုင်ပြည်နယ်မှာ နှစ်ဖက်အသိုင်းအ၀န်းကို ပိုပြီးကွဲစေမယ်ဆိုရင်တော့ အရင်ကတည်းက တချိန်လုံးဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းရာရောက်မှာမဟုတ်တဲ့အတွက် လက်မခံမှာ မဟုတ်တဲ့အကြောင်းလည်း ပြောသွားပါတယ်။ ရခိုင်ပြည်နယ်ကို သတင်းသမားတွေ သွားရောက်ခွင့်ပေးဖို့  သတင်းသမားတွေရဲ့ မေးမြန်းချက်နဲ့ပတ်သက်ပြီး မောင်တောဒေသကို သတင်းသမားအဖွဲ့တွေကို ၂ ကြိမ်တိုင်တိုင် သွားရောက် သတင်းရယူခွင့်ပေးခဲ့ရာမှာ ဖြေကြးခဲ့တဲ့ ဒေသခံ ၂ ဦးကို အကြမ်းဖက်သမားတွေက ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ဥရောပ(၃)နိုင်ငံခရီး စဉ်အဖြစ် တရားဝင်သွားရောက်နေရာမှာ မနေ့က   ဘယ်လ်ဂျီယံ  ဘုရင်ဖိလစ်၊  ဝန်ကြီးချုပ် ချားလ်မိုက်ကယ်၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တုဆပ်တို့နဲ့လည်း  သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ  မြန်မာရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုကိစ္စရပ်တွေ၊ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ  ဆက်လက်အကူ အညီပေးနိုင်ရေးကိစ္စတွေနဲ့ နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဥရောပကောင်စီ ဥက္ကဋ္ဌနဲ့တွေ့ဆုံရာမှာတော့  မြန်မာ-ဥရောပသမဂ္ဂဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံမှာ ကူးပြောင်းရေးကာလ ကြုံတွေ့နေရတဲ့အခက်အခဲများ အောင်မြင်မှုရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့  အီတလီနိုင်ငံ ရောမမြို့မှာ ရောက်ရှိနေပြီး အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိသလို မနက်ဖြန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
4 years Ago
Up