ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံတယ်၊ နောက်တကြိမ် ညီလာခံ တက်မည် - '၀'တပ်မတော်

A d v e r t i s e m e n t With Us

September 19, 2016

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အကြောင်း တစေ့တစောင်း

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ကျင်းပခဲ့တဲ့ ၂၈ နဲ့ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်ကို ဆက်လက်ထွက်ခွာခဲ့ရာမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တထောက်နား ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၀ ရက် စနေနေ့ ဒေသစံတော်ချိန် ညနေ ၈ နာရီအချိန်မှာ ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ ၂ ရက်ကြာ နေထိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့နဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ ဖိတ်ကြားချက်အရ ၀ါရှင်တန်မြို့ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် မဲအနိုင်ရလို့ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ရော၊ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ရာထူး ရယူအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး အမေရိကန်နိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေမှာ ရောက်ရှိခဲ့ပြီး ၁၂ ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့မှာ ကြိုဆိုတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အစိုးရသစ်အနေနဲ့ အစောပိုင်းကာလ ဦးစားပေး ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။ မစ္စတာ ဂျွန်ဆင်က “မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုနဲ့ အထီးတည်း နေထိုင်ခဲ့ရတာကနေ လွတ်မြောက်ပေါ်ထွက်လာရေးမှာ ဗြိတိန်နိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခွင့်ရရှိခဲ့တဲ့အတွက် ကျေနပ်အားရ ဖြစ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲရေးမှာ ကျနော်တို့က ဆက်ပြီး ကူညီပံ့ပိုးသွားမှာပါ။ နောက် အရှေ့တောင်အာရှဒေသနဲ့ ဒေသလွန် တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဖြစ်ထွန်းစေနိုင်ဖို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကျကျ တည်ငြိမ်ကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်လာမှာကိုလည်း ကြိုဆိုပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ဒီအပြင်မှာ မကြာခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအမံတွေနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တဲ့ တိုးတက်ပြောင်းလဲလာမှုနဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ကော်မရှင် ဖွဲ့စည်းနိုင်ခဲ့တာကိုလည်း ရခိုင်ပြည်နယ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းရဲ့ ဆိုးဝါးတဲ့ အခြေအနေကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတခုအဖြစ် ကြိုဆိုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ နောက်တနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာ မေက သူ့ရဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာရှိတဲ့ ၀န်ကြီးချုပ်ရုံးမှာ ကြိုဆိုလက်ခံ တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်က နုတ်ထွက်ရတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေဆဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဗြိတိန်နိုင်ငံ တထောက်နားခရီးစဉ်အတွင်း လန်ဒန်မှာနေထိုင်စဉ်အချိန်မှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို သူ့ရဲ့သားအငယ် ကင်မ်အဲရစ်နဲ့ သူ့ရဲ့ မြေး ၂ ယောက်နဲ့လည်း အချိန်ပေး တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန် တထောက်နားခရီးစဉ် အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံကို ဆက်လက်ထွက်ခွာခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ သမ္မတအိမ်ဖြူတော် သမ္မတရဲ့ရုံးခန်းမှာ တွေ့ဆုံဆွေးနွေး ပြောဆိုခဲ့အပြီး သတင်းမီဒီယာတွေကို သမ္မတ အိုဘားမားက ပြောကြားရာမှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ပြင်ဆင်ထားပြီဖြစ်ပြီး ဒါဟာလည်း မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက်လည်း အကျိုးဖြစ်ထွန်းမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သတင်းထောက်တယောက်ရဲ့ အရေးယူပိတ်ဆို့မှုကို ဘယ်အချိန်မှာ ရုပ်သိမ်းပေးမှာလဲဆိုတဲ့ အမေးကိုတော့ “မကြာခင်” လို့ ဖြေကြားခဲ့ပါတယ်။ ဒါဟာ စစ်အာဏာရှင်အုပ်စုနဲ့ သူတို့ရဲ့လက်ဝေခံ ခရိုနီတွေက ကြားချင်နေတဲ့စကား၊ လိုချင်နေတဲ့အရာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းနဲ့ လောလောဆယ် လွှတ်တော် ရေးရာကော်မတီတခုရဲ့ ဥက္ကဋ္ဌဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းကဆို မျက်နှာပြောင်ပြောင်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် စိန်အိုးရွှေအိုးတွေ ရွက်ခဲ့ပါလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်က လှမ်းပြောလိုက်ပါသေးတယ်။ ခုထိ အလိုလောဘတွေ အတောမသတ် ပြည်သူ့အကျိုးမျက်နှာဖုံးတပ်ပြီး ပြောလိုက်တဲ့စကားဆိုတာကတော့ ရှင်းပါတယ်။ အမေရိကန် အစိုးရကလည်း သူချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု အတော်များများကို ဖယ်ရှားပေးခဲ့ပြီးဖြစ်ပေမယ့် စစ်အုပ်စုရဲ့ လိုချင်နေတာတွေကတော့ မရခဲ့သေးပါဘူး။ ခု ပထမဆုံးအကြိမ် အစိုးရတာဝန်ရှိပုဂ္ဂိုလ်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်မှာ နောက်ထူးခြားမှု တခုကတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနဲ့ အမေရိကန်ပြည်ထောင်စု ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းပြီး စက်တင်ဘာ ၁၅ ရက်နေ့ ကြာသပတေးနေ့ ညနေက ၄ ရာသီဟော်တယ်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ညစာနဲ့ ဧည့်ခံကျွေးမွေးပြီး စကားဝိုင်းဆွေးနွေးပွဲတခုလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ညစာနဲ့ ဧည့်ခံတည်ခင်းဖို့ ဖိတ်ကြားမှုကိုတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အစိုးရအဖွဲ့အတွင်း ဘာတွေ ဦးစားပေးချမှတ်ထားတယ်ဆိုတာ၊ လောလောဆယ် အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံရေး အခြေအနေနဲ့ အမေရိကန် စီးပွားရေးအ၀န်းအ၀ိုင်းက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို အကောင်းဆုံး ကူညီပံ့ပိုးပေးနိုင်မလဲ ဆိုတာတွေကို သိမြင်နားလည်ဖို့ ဖြစ်တယ်လို့ အမေရိကန်ဘက်က ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဖော်ပြခဲ့သလို ဒီညစာစားပွဲကြီး ကျင်းပတည်ခင်းရာမှာ ကမကထပြု ပါဝင်လိုသူတွေကို အမေရိကန်ဒေါ်လာ ၇၅၀၀၊ ဒေါ်လာ ၁၅၀၀၀ နဲ့ ဒေါ်လာ ၂၅၀၀၀ တန် ဆိုပြီး အစားစား ချမှတ်ပေးအပ်ခဲ့ပြီး အဲဒီလို ကမကထပြုမှုမှာ တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့အရဖြစ်စေ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နဲ့ သူ့ရဲ့ နောက်လိုက်နောက်ပါ အဖွဲ့ဝင်တွေနဲ့ ထိတွေ့ဆက်ဆံခွင့် ရနိုင်သလို အလွတ်သဘော အခွင့်အရေးရနိုင်တယ်လို့ မက်လုံးပေး ဆွဲဆောင်ဖိတ်ခေါ်ခဲ့ပါတယ်။ တကယ်တော့ အမေရိကန်အစိုးရက မြန်မာနိုင်ငံ အစိုးရဟောင်း ပိုင်ဆိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ ဘဏ်တွေကို အရေးယူပိတ်ဆို့မှု လျှော့ချပေးခဲ့တဲ့ ဒီနှစ် မေလကတည်းက အမေရိကန် ကုန်သည်ကြီးများအဖွဲ့က မကျေမနပ် ဖြစ်ခဲ့တာပါ။ သူတို့က အမေရိကန်အစိုးရကို မြန်မာနိုင်ငံမှာ ပို့ကုန်အသားပေး ကုန်ထုတ်လုပ်ငန်းတွေကို အားပေးတဲ့ ကုန်သွယ်မှုလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ဖို့ အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပုံမှန် အခြေအနေအတိုင်း ပြန်လုပ်ဖို့ တိုက်တွန်းတောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အမေရိကန်ကုန်သည်ကြီးများအဖွဲ့က အမေရိကန်အစိုးရအဖွဲ့ကိုသာ ပိုမိုဖိအားပေးလာတာ မဟုတ်တော့ဘဲ မြန်မာနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ ဒေါ်အောင်ဆန်စုကြည်ကိုပါ ဖိအားပေး တိုက်တွန်း တောင်းဆိုလာတာ ဖြစ်ပါတယ်။ ကဲ ဒီလို နိုင်ငံတကာက မြန်မာနိုင်ငံကို တကယ့်ငြိမ်းချမ်းစည်းလုံးညီညွတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတခု ဖြစ်အောင် လုပ်နိုင်တော့မယ်။ အနာဂတ်မှာ မြန်မာနိုင်ငံအတွက်ရော သူတို့အတွက်ပါ အကျိုးစီးပွားဖြစ်ထွန်းနိုင်မယ့် စီးပွားရေး လုပ်ငန်းကြီးတွေ၊ စီမံကိန်းကြီးတွေ ၀င်ရောက်လာနိုင်တော့မယ်ဆိုပြီး နိုင်ငံတကာက ကြိုးစားလာကြတဲ့အချိန်မှာ သူတို့အားကိုး ယုံကြည်ထားတဲ့ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ပါတီ အစိုးရက တကယ်တန်းရော အာဏာရ ကိုယ့်မူဝါဒနဲ့ကိုယ် လုပ်ဆောင်ခွင့် ရနေပါပြီလား ဆိုတာကို အမေရိကန်နိုင်ငံ အပါအ၀င် ဒီမိုကရေစီနိုင်ငံ အများစုက သိထားပြီး ဖြစ်ပါတယ်။ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို စမ်းသပ်နေကြတာပဲ ဖြစ်ပုံရပါတယ်။ သူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တကယ် တည်ဆောက်နိုင်ပါ့မလား။ သူတို့ မှန်းဆ သွေးတိုးစမ်းနေဆဲလို့ ပြောရင် မလွန်လောက်ဘူးလို့ ထင်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အစိုးရ ဖွဲ့လာနိုင်ပြီဖြစ်တဲ့ အစိုးရဟာ စစ်တပ်ကြိုးဆွဲရာကနေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသာ ရှိနေသေးတဲ့အတွက်… သွားပါများပေမယ့် ခရီးမရောက် ဖြစ်နေမှာကတော့ အသေအချာပဲ ဖြစ်လိမ့်မယ်လို့ ယူဆမိတဲ့အကြောင်း။       ။
4 years Ago

September 14, 2016

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံတယ်၊ နောက်တကြိမ် ညီလာခံ တက်မည် - '၀'တပ်မတော်

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလခံ- ၂၁ ရာစု ပင်လုံညီလာခံမှာ ဖိတ်ကြားခံသူရသူတွေကြား တန်းတူညီမျမှု မရှိတာကြောင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အဖွဲ့ဟာ မတက်ရောက်ခဲ့ပဲ ပြန်သွားခဲ့ပါတယ်။ ညီလာခံ ပြီးဆုံးတဲ့အထိ မတက်ရောက်ဘဲ ပြန်သွားခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (ယူဒဗလျူအက်စ်ပီ) နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က  ခေါင်းဆောင်ပိုင်းတွေကို စက်တင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ညီလာခံ ကျင်းပပြီး ၀တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ရှင်းလင်းခဲ့ကြပါတယ်။ ၀တပ်ဖွဲ့ ၂၁ ရာစုပင်လုံညီလာခံကနေ ထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်းကို ဒီဗွီဘီက ပန်ဆမ်းမြို့ရှိ WSTV မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ပြီးခဲ့တဲ့ ကျနော်တို့ ၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီက တက်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမရက်ပြီး နောက်နေ့မှာ ပြန်ခဲ့ပါတယ်။ အဲဒီအပေါ်မှာတော့ ‘၀’ပြည်ဘက်က ပြောတာကတော့ ဒါဟာ တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှမှုမရှိလို့ ပြန်တယ်လို့ ပြောပေမယ့် အစိုးရဘက်က ပြန်ရှင်းတာကတော့ နားလည်မှုလွဲတာလို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အရင်ဆုံး သိချင်ပါတယ်။ တကယ်တမ်း ၂၁ ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဘာအကြောင်းကြောင့် ပြန်လာတယ်ဆိုတာလေး ပထမဆုံး ရှင်းပြပေးပါလားခင်ဗျာ။" ဦးကျောက်ကော်အန်း “ကျနော်တို့ ၂၁ ရာစု ညီလာခံအစည်းအဝေး ကျနော်တို့က ကိုယ်စားလှယ်လွှတ်တယ်။ လွှတ်တဲ့အကြောင်းရင်း အဓိကက အောင်ဆန်းစုကြည်ကို ထောက်ခံတာ။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ ရောက်တဲ့အခါမှာ ဒီလိုမျိုး မတရားတဲ့၊ အခွင့်အရေး ဆုံးရှုံးမှု ရှိတယ်။ ဒါပေမယ့်လို့ ဒီလိုမျိုး သဘောထားနဲ့ ရင်ဆိုင်မိတာပဲ။ တန်းတူညီမျှ မပေးတဲ့အတွက်။ ကျနော်တို့ ဖိတ်ကြားစာအရ၊ အရင်ဖိတ်ကြားစာအရ အစည်းအဝေးထဲ ပါမယ်။ ဒါပေမယ့် ကျနော်တို့ ဟိုရောက်တော့ ပေးတဲ့လက်မှတ်က လေ့လာခွင့်လက်မှတ်ပဲ ပေးတယ်။ အစိုးရက ပြောတာတော့ ဒါ နားလည်မှုလွဲတာပေါ့။ နောက်ပြီးတော့ အပြန်အလှန် နားလည်မှုမရှိတဲ့အတွက် နည်းနည်းလေးတော့ ဖြစ်တယ်။ ဒါဟာ လုပ်ငန်းကြောင့် ချို့ယွင်းမှု မဟုတ်ဘူး။ ဒါဟာ တမင်သက်သက် စီမံကိန်းရှိရှိနဲ့ လုပ်တာ။ ဒီအစည်းအဝေး ကျင်းပဖို့ ပြင်ဆင်ဖို့က သုံး လေးလ ပြင်ဆင်နေတာ။ ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ အကုန်လုံး ဖိတ်စာတွေက ရေးပြီးသား ဖြစ်ရမယ်။ ကျနော်တို့ ရောက်တဲ့အခါ ကျနော်တို့ကို လေ့လာတဲ့လက်မှတ်ပဲ ပေးတယ်။ တကယ့် အစည်းအဝေးထဲ ပါဝင်ခွင့်လက်မှတ်တော့ မပေးဘူး။ ဒါဟာ တမင်သက်သက် ကျနော်တို့ကို မတရားပဲကျင့်တာပေါ့လေ။ ကျနော်တို့ ရုပ်ပျက်ပန်းပျက်အောင် လုပ်တာ။ ကျနော်တို့ ပြန်လာပြီးတဲ့နောက်မှာ ဒီအချက်အလက်တွေ၊ ဒီအစည်းအဝေးပွဲရဲ့ အချက်အလက်တွေ အသေးစိတ် အကုန်လုံး စာရွက်စာတမ်းတွေ အဲဒါ ခင်ဗျားတို့ကို ပေးမယ်။ ခင်ဗျားတို့ အဲဒီစာရွက်စာတမ်း ကြည့်ပြီး၊ ကြေညာစာတမ်း ကြည့်ပြီး ခင်ဗျား ကျနော်တို့ မှန်လား။ ‘၀’ နားလည်မှုလွဲတာလားဆိုတာ ကြည့်ပါ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ စာရွက်စာတမ်းပေါ်မှာပေါ့နော်။ အနှစ်ချုပ်အနေနဲ့ အဓိကက ‘၀’က စာတမ်းတစောင် တင်ခဲ့တယ်။ အဓိက ဘာကို လိုချင်တာလဲ။ အထူးသဖြင့်တော့ အခု ကျနော်တို့ ပြောနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လို့ ဒီချုပ်အစိုးရကနေပြီးတော့ ကတိပေးထားတဲ့အထဲမှာ အဓိက ဘာကိုလိုချင်တာလဲ။ အဲဒီစာတမ်း အနှစ်ချုပ်က ဘာပါလဲ ခင်ဗျ။ အဲဒါလေး ပြောပြနိုင်မလား။” ဦးကျောက်ကော်အန်း “ကျနော်တို့ အတွင်းသဘောဆို အဓိကက နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ တခု ပြောပါမယ်။ နောက်ပြီးတော့ သမ္မတရဲ့ တာဝန်ဝတ္တရားပေါ့။ နောက်တစ်ခုက လွှတ်တော်ထဲမှာ နေရာ။ အဲဒါတွေ ပြောပါမယ်။ နောက်တစ်ခုက ဘဏ္ဍာရေး၊ စီးပွားရေး၊ နောက်ပြီးတော့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးပေါ့။ လူမျိုးရေး၊ ဘက်ပေါင်းစုံ အဲဒီကြေညာစာတမ်းမှာ ပါတယ်။ ဒီစာရွက်စာတမ်းကတော့ ကျနော်တို့ ကမ္ဘာအားလုံး လွှင့်လိုက်ပြီ။ တနိုင်ငံလုံးရော လွှင့်လိုက်ပြီ။ ဒါကို လူတိုင်း ကြည့်လိုက်ရင် သိလိမ့်မယ်၊ တွေ့လိမ့်မယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ ပထမအကြိမ် အစည်းအဝေးမှာနော်။ နည်းနည်းလေး ပြဿနာ အဖုအထစ် ဖြစ်သွားတော့ ဒီလိုမျိုး တောင်းဆိုမှုတွေ ရှေ့လျှောက် ဘယ်လို သွားဖို့ရှိလဲ။ အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ ဘယ်လို ဆက်လက်လျှောက်လှမ်းဖို့ ရှိပါလဲခင်ဗျာ။” ဦးကျောက်ကော်အန်း “ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်။ သူက ငြိမ်းချမ်းရေးနဲ့ လူမျိုးရေးတန်းတူညီမျှရေးကို တောင်းဆိုတယ်။ ဆော်သြတယ်။ ဒါကို ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ အရင်အစိုးရနဲ့ ၈၉ တုန်းက ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ သဘောတူညီမှု လက်မှတ်ထိုးခဲ့တယ်။ အဲဒီတော့ အခု အစိုးရသစ် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာရော ဘာတွေများ ထူးခြားမှုရှိလဲ၊ ဘယ်လို ပြောင်းလဲမှုတွေ ရှိလဲ၊ ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။ အဲဒါလေးလည်း ဖြည့်စွက်ပြောပေးပါဦး ခင်ဗျ။” ဦးကျောက်ကော်အန်း “၁၉၈၉ ခုနှစ်တုန်းက ကျနော်တို့နဲ့ မူလအစိုးရနဲ့ ငြိမ်းချမ်းရေး ပြောခဲ့တာ ပါးစပ်နဲ့ပဲ ပြောခဲ့တာ။ ဒါပေမယ့် အဲဒီမှာ ပြောတာက ကျနော်တို့ လက်နက်တလက်၊ ကျည်ဆန်တတောင့် မအပ်ဘူး။ နောက်ပြီးတော့ မြေ တလက်မမှ မရဘူး။ ကိုယ့်ဟာကိုယ် အုပ်ချုပ်မယ်။ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက်ပေါ့နော်။ ၉ လပိုင်းမှာပေါ့နော်။ အဲဒီအချိန် ကျနော်တို့ရဲ့ အထူးသံတမံ လွှတ်လာတယ်။ လွှတ်ပြီးတော့ ကျနော်တို့ ကျိုင်းတုံမှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးလိုက်တယ်။ အဲဒါက ပြည်နယ်အဆင့်ပေါ့။ ၉ လ၊ ၆ ရက်နေ့မှာ ကျနော်တို့ ပြည်နယ်အဆင့် ဆိုင်းထိုးတယ်။ နောက် ၁၁ လ၊ ၁ ရက်နေ့မှာ ကျနော်တို့ နိုင်ငံတော်အဆင့် ဆိုင်းထိုးရတယ်။ အဲဒီလို ကျနော်တို့ ပါးစပ်နဲ့ဖြစ်ဖြစ်ပေါ့နော် ငြိမ်းချမ်းရေးယူပြီးတဲ့နောက်မှာ၊ နောက်ပြီးတော့ လက်မှတ်ထိုးတဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်မှာ စစ်တပ်နဲ့ လုံးဝမတိုက်ဘူး။ တိုက်ပွဲမဖြစ်ခဲ့ဘူး။ ကျနော်တို့ ဟိုတုန်းက မူလဆိုင်းထိုးထားတာ အဓိကက ငြိမ်းချမ်းရေးဆိုင်း ဖြစ်တယ်။ စစ်ရပ်စဲရေးဆိုင်း မဟုတ်ဘူး။ စစ်ရပ်စဲရေးဆိုင်းကို ကျနော်တို့ မထိုးဘူး။ ကျနော် ရန်ကုန်ရောက်တော့ ဦးသိန်းစိန်က ပြောတယ်။ အဲဒါ ကျနော်တို့ ငြိမ်းချမ်းရေးရခဲ့တာ ၂၇ နှစ် ရှိပြီ။ ဒါပေမယ့်လို့ အခု ကျနော်တို့ စစ်ရပ်စဲရေးမှာ ထိုးထားတယ်ဆိုရင် အဲဒါ မမှန်တော့ဘူး။ ဒီ ၂၇ နှစ်မှာ တိုက်ပွဲလည်း မဖြစ်ဘူး။ ကျနော်တို့ မူအရ ရပ်တည်မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်အဆင့်မှာ၊ နိုင်ငံတော်အဆင့် ထိုးပေမယ့် နောက်တဆင့်က လွှတ်တော်ပဲ။ လွှတ်တော်မှာ ဒီအတိုင်း အတည်ပြုဖို့ အဲဒါ လိုတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ တကယ့် ဖက်ဒရယ်ရဲ့ အနှစ်သာရဆိုတာ အာဏာခွဲဝေရေးပေါ့နော်။ အထူးသဖြင့် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ဘယ်လိုခွဲမလဲပေါ့နော်။ ‘၀’ပြည်ဆိုလည်း အထူးပြည်နယ်ပေါ့။ အဲဒီ လက်ရှိ ဘယ်လိုမျှော်လင့်ချက် ရှိလဲ။ လွှတ်တော်က ‘၀’ပြည်နယ်အတွက် ဘာများ လိုချင်တာလဲ ဆိုတာလည်း ဖြည့်စွက် ရှင်းပြပေးပါဦး ခင်ဗျာ။” ဦးကျောက်ကော်အန်း “ကျနော်တို့ ဒီမှာ ‘၀’က ဒေသန္တရအုပ်ချုပ်ရေး အဲဒါ ပေးတယ်၊ တောင်းဆိုတယ်။  ကျနော်တို့ မူအရ ပြောမယ်ဆိုရင် ကျနော်တို့ ပြည်နယ်တောင်းဆိုတယ်ဆိုတာ နိုင်ငံတော်နဲ့ မကင်းကွာဘူးပေါ့။ ခွဲထွက်ရေး မဟုတ်ဘူး။ ကျနော်တို့ရဲ့ တောင်းဆိုမှုက ဒေသန္တရအုပ်ချုပ်ရေးပြည်နယ်ပဲ တောင်းဆိုတာပါ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အဲဒီလိုပဲ ကျနော်တို့ နောက်တခု မေးချင်တာက ‘၀’ပြည်က တခြား UNFC အပါအ၀င်ပေါ့နော်။ လက်မှတ်မထိုးသေးတဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေ ဒီမှာ နှစ်ကြိမ် လက်ခံပြီးတော့ အစည်းအဝေးလုပ်ခဲ့တယ်ပေါ့။ အဲဒီတော့ ‘၀’ပြည်နယ်ရဲ့ တခြားတိုင်းရင်းသားတွေ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒါမှမဟုတ်လည်း တန်းတူအခွင့်အရေးရရှိရေးမှာ ဘယ်လိုအခန်းကဏ္ဍက ပါလဲဆိုတာ ဖြည့်စွက်ပြီးတော့ ပြောပြပေးပါဦး။” ဦးကျောက်ကော်အန်း “ကျနော်တို့ ဒီအစည်းအဝေး နှစ်ခါ ကျင်းပတာက ဆိုင်းမထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့။ ရည်ရွယ်ချက်က အားလုံး တစည်းလုံးတည်း နိုင်ငံရေးအရ စစ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေး တောင်းဆိုဖို့ အဲဒါ စည်းရုံးတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ နိုင်ငံရေးအရ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ စစ်ရပ်စဲဖို့ပေါ့။ စစ်ရေးနဲ့ ဒေသကိစ္စတွေ ကျနော်တို့ မဆွေးနွေးပါဘူး။ နောက် အားလုံးရဲ့ တောင်းဆိုချက်က ဘာရှိလဲ။ အဲဒါလည်း အစိုးရနဲ့ ဆွေးနွေးတိုင်ပင်ဖို့ပေါ့။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ ‘၀’ပြည်အနေနဲ့ပေါ့နော်။ အခုက အပစ်တော့ ရပ်တယ်။ လက်နက်တော့ မဖြုတ်သေးဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအမြင်ပေါ့နော်။ ဘယ်လိုမျိုး ရှေ့ဆက်ပြီးတော့ သွားဖို့ရှိလဲ နည်းနည်းဖြည့်စွက်ပြီးတော့ ပြောပြပေးပါဦး။” ဦးကျောက်ကော်အန်း “ကျနော်တို့ အခု ငြိမ်းချမ်းရေးအရရော၊ ကျနော်တို့ အခု လက်နက်ကိုင်တာက ဖြစ်စဉ်ကို ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တကယ် စစ်တိုက်ချင်တာ မဟုတ်ဘူး။ အဓိက လက်နက်ကိုင်တာက ကျနော်တို့ ကိုယ့်ဘာသာ ကာဗာဖို့ ဖြစ်တယ်။ အဲဒါကို နောက် အခြေအနေအရပေါ့ ကြည့်ရမယ်။ ကျနော်တို့ အခု လက်နက်ကိုင်တာက ကျနော်တို့ ဒေသလုံခြုံရေးအတွက် ဖြစ်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ နောက်တခုကတော့ ကျနော် သိချင်တာပေါ့နော်။ အခု ဒီအစိုးရသစ်လက်ထဲမှာ ငြိမ်းချမ်းရေးက အရင်ထက် ပိုနီးစပ်လာတယ်လို့ ‘၀’ပြည်အနေနဲ့ ယူဆလား၊ နောက်တဆင့် ဒီထက်ပိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမြှင့်ဖို့ ဘာတွေများလုပ်ဖို့ရှိလဲ။ အဲဒါလေး သိချင်ပါတယ်ခင်ဗျ။” ဦးကျောက်ကော်အန်း “ကျနော်တို့ သဘောထားကတော့ တနိုင်ငံလုံး အားလုံး ငြိမ်းချမ်းစေဖို့ပဲ။ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်တာပေါ့နော်။ တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့က ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်။ ငြိမ်းချမ်းရေး တောင်းဆိုတာက၊ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုတာက တကြိမ် နှစ်ကြိမ် အစည်းအဝေးနဲ့ ပြီးမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးဖြတ်သန်းတဲ့လမ်းက အတော်ပဲ ခက်ခဲကြမ်းတမ်းတဲ့လမ်း ဖြစ်တယ်။ ကျနော်တို့ တွေ့တာရောပဲ။ သဘောပေါက်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ ရှေ့လျှောက်ပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းမှာရော ငြိမ်းချမ်းရေးခရီးစဉ်မှာ ‘၀’ပြည်အနေနဲ့ ပါဖို့ အဆင်သင့်ရှိပြီလား။ အဲဒါလေးလည်း မေးပေးပါဦးခင်ဗျ။” ဦးကျောက်ကော်အန်း “ကျနော်တို့ကတော့ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့ ဒီတခါတော့ ပါဝင်တယ်။ ပထမအကြိမ် ပါဝင်တယ်။ ပါဝင်ပေမယ့် ဒါပေမယ့် တန်းတူအခွင့်အရေး မရတဲ့အတွက် ကျနော်တို့ နုတ်ထွက်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ နောက်တခေါက် ဆွေးနွေးပွဲမှာရော ဘယ်လို အခွင့်အရေးမျိုး မျှော်လင့်လဲ။ ဘယ်လိုဟာမျိုးကို လိုချင်လဲဆိုတာ ဖြည့်စွက်ပေးပါဦး။” ဦးကျောက်ကော်အန်း “ဒီတကြိမ် ပြီးသွားတဲ့ အစည်းအဝေးဆို တကယ့် ပြဿနာဖြေရှင်းရ ခက်တယ်။ နောက်တကြိမ်ကျတော့ ကျနော်တို့ ပါဝင်ထောက်ခံမယ်။ အရင်အစည်းအဝေးမှာတော့ အဖွဲ့အစည်းတဖွဲ့မှ ၁၀ မိနစ်ပဲ ပြောခွင့်ရတယ်။ ၇၉ ဖွဲ့ပေါ့နော်။ အဲဒါ ၁၀ မိနစ်ပဲ ပြောခွင့်ရှိတယ်။ ကျနော်တို့ လိုအပ်မှုက နဂို ဦးသိန်းစိန်၊ ငြိမ်းချမ်းရေး သုံးဆင့် အဆင့်ပေါ့နော်။ ကျနော်တို့ ပြည်နယ်အဆင့်၊ တိုင်းအဆင့်၊ နောက်မှ လွှတ်တော်အဆင့်။ အဲလိုမျိုး ရွေးချယ်တယ်။ နောက်မှ သီးသန့် တဖွဲ့နဲ့တဖွဲ့ ဆွေးနွေးတယ်။ အဖွဲ့ သိပ်များတယ်ဆိုတော့ တပ်ဖွဲ့တွေက များတော့ ကိုယ့်အမြင်နဲ့ကိုယ် ထင်မြင်ချက်တွေက မတူဘူး။ အဲဒီတော့ ညှိနှိုင်းရ နည်းနည်းခက်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ ဦးကျောက်ကော်အန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာလည်း ပါခဲ့တယ်။ အဲဒီမှာရော တချို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘာတွေ ပြောခွင့်ရလဲ။ ပြောရော ပြောခဲ့လား။ အဲဒါလေးလည်း သိပါရစေခင်ဗျ။” ဦးကျောက်ကော်အန်း “ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတာ အဓိက ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ အားလုံး စုရုံးပြီးမှ တခါတည်း ပြီးနိုင်တာ မဟုတ်ဘူး။ တဖွဲ့ တဖွဲ့ ဆွေးနွေးနေရတာ။ ဦးသိန်းစိန် သမ္မတဖြစ်တုန်းက ကျနော်တို့က နှစ်ဖွဲ့ပါ။ အဲဒါ လက်မှတ်ထိုးပြီးတဲ့နောက်မှာ။ အဲဒီလက်မှတ်ရဲ့ အတွင်းသဘောက တိုတိုတုတ်တုတ်ပဲ။ အချက် ၅ ချက်တွေရော၊ ၇ ချက်တွေရော။ ခုထက်ထိတော့ အဆင့်မီသေးတယ်။ အရာရောက်နေတယ်။ အခုက ဒီလို ဖြစ်နေတယ်။ အားလုံး စုပြီးတော့ ဆိုင်းထိုးရင်တောင် စစ်ရပ်စဲဖို့။ ထိုးပြီးတဲ့နောက် ဆက်တိုက်နေတာ အဲဒီလို ဖြစ်နေတယ်။ ဒီစစ်ရပ်စဲရေး ဆိုင်းမထိုးခင်က ထိုင်းဘက်ကနေ ဒီလာရ ခက်နေတယ်။ ရှမ်းပြည်မြောက်ပိုင်းအထိ လာရခက်တယ်။ ဒါပေမယ့် ဆိုင်းထိုးပြီးတော့ လာရ လွယ်တယ်။ လွယ်လာပြီးတော့ တအာင်းတပ်ဖွဲ့ကို ပိုပြီးတိုက်တယ်။ အဲဒီတော့ စစ်က ပိုများလာတယ်။ ငြိမ်းချမ်းရေးက စစ်ကြောင့် ပိုတိုးလာတယ်။ စစ်က ပိုပြီးပြင်းထန်လာတယ် စစ်ရပ်စဲရေး ဆိုင်းထိုးပြီးတော့။ ၂၁ ပင်လုံအစည်းအဝေး ကျင်းပနေတုန်းတောင်မှ စစ်တိုက်နေတယ်။ ဒါမျိုး ဆိုင်းထိုးတယ်၊ မထိုးဘူး ဆိုတာ အဓိပ္ပာယ်မရှိတော့ဘူး။ ဒါ ကျနော်တို့ရဲ့ နားလည်မှုပေါ့။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ ကျနော် နောက်ဆုံးအနေနဲ့ မေးလိုတာကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်တဲ့ ‘၀’ပြည်သူတွေရော၊ နောက် ဗမာပြည်သူတွေရော၊ တိုင်းရင်းသားတွေ အကုန်လုံးရော ‘၀’ပြည်ကိုယ်စား ကျနော်တို့က ဘာများ ပြောလိုလဲ။ အထူးသဖြင့် တကယ် လက်မှတ်ထိုးလည်း တိုက်နေတဲ့ ဘ၀ကနေပြီးတော့ ငြိမ်းချမ်းတဲ့ဘ၀တွေ ရဖို့ ဘာများ ပြောလိုပါလဲ ခင်ဗျ။ တကယ့်စစ်မှန်တဲ့၊ အစောကလိုမျိုး လက်မှတ်ထိုးလိုက်၊ ပြန်တိုက်လိုက် အဲဒီလို မဟုတ်ဘဲနဲ့ပေါ့နော်။ ‘၀’ပြည်သူတွေရော၊ ဗမာပြည်သူတခုလုံးပေါ့နော်၊ တိုင်းရင်းသားတွေရော အကုန်လုံး။ အဲဒီအတွက် ဘာများ ပြောလိုပါလဲ။ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်လိုလုပ်ဖို့ အတွေးအခေါ် ရှိပါလဲ။ အဲဒါလေး သိချင်ပါတယ်။” ဦးကျောက်ကော်အန်း “တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုရင် အဓိက တချက်က တိုင်းရင်းသားပဋိပက္ခ ပြဿနာကို ဖြေရှင်းရမယ်။ နောက်တချက်က စစ်ရပ်စဲရေး ရှိရမယ်။ အားလုံးက နိုင်ငံရေးအရ စားပွဲခုံမှာ ရှိရမယ်။ အခုဟာက ဆိုင်းထိုးရင်းနဲ့ ငြိမ်းချမ်းရေး၊ စစ်ရပ်စဲရေး ဆိုင်းထိုးရင်းနဲ့ ထပ်တိုက်နေတယ်။ အဲဒီပြဿနာကို ဖြေရှင်းနိုင်ရမယ်။ နာမည်ပြောတာက စစ်ရပ်စဲရေးပေါ့။ ဒီစစ်ရပ်စဲရေးသဘောက တော်တော်ကျယ်ပြန့်တယ်။ နိုင်ငံရေးအရ ရှိမယ်။ စီးပွားရေးအရ ရှိမယ်။ လူမျိုးရေးအရ ရှိမယ်။ ဘက်ပေါင်းစုံ ဖြစ်မယ်။ ဒီဥစ္စာက အသေးစိတ် ဖြေရှင်းရမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြရမယ်ပေါ့နော်။ စစ်ရပ်စဲဆို ရပ်စဲပါ။ တခြား နိုင်ငံရေးတွေ၊ တခြားဟာတွေ ၀င်ပြီး မထည့်နဲ့ပေါ့နော်။ စစ်ရပ်ပြီးမှ တခြား ဘာပြဿနာရှိလဲ။ စစ်ရပ်စဲပြီးမှ စားပွဲခုံမှာ ဆွေးနွေးပါ။ စစ်ရပ်စဲရေးဆို သီးသန့်စစ်ရပ်စဲရေးပဲ ဆွေးနွေးပေါ့။ အခုဟာက မဟုတ်ဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ အကုန်လုံး ရောထည့်လိုက်တော့ အဲဒါဆို အဓိကအချက် မမိဘူးပေါ့နော်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ နောက်တခေါက်ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ‘၀’ပြည်နဲ့ သီးသန့်တွေ့ဆုံဖို့ ရှိပါလား။ တွေ့ဆုံပြီးတော့ အစောက ပြောတဲ့ အဓိကအချက်တွေ တွေ့ပြီး ဆွေးနွေးဖို့ ရှိပါလား။ ကျနော် နောက်ဆုံးအနေနဲ့ မေးပါရစေခင်ဗျ။” ဦးကျောက်ကော်အန်း “အဓိက ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးရပြီဆိုရင် ဘာမဆို ဖြေရှင်းနိုင်တာပေါ့နော်။ တဖြည်းဖြည်း ပြောပြီး ဖြေရှင်းလို့ရတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “မြန်မာပြည်သူတွေအတွက်ရော ကျနော် မမေးဘဲနဲ့ ဘာများရှိပါလဲခင်ဗျ။ ဦးကျောက်ကော်အန်း “ကျနော်တို့ ‘၀’ ဒေသတွေအနေနဲ့ အထူးပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကော်မတီကို ကျနော်တို့ ထောက်ခံပါတယ်။ ပြည်သူလူထုတွေရောပဲ တွန်းအားပေးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး တောင်းဆိုတာက ‘၀’ ဒေသတစ်ခုတည်း မဟုတ်ဘူး။ ‘၀’ လူမျိုးတစ်ခုတည်း မဟုတ်ဘူး။ တနိုင်ငံလုံးရော၊ တိုင်းရင်းသားတိုင်းက လိုအပ်တာ ဖြစ်တယ်။ တကယ့် စစ်ဖြစ်တယ်ဆို စစ်ရဲ့ဒုက္ခတွေ အတော်ပေးခဲ့တယ်။ ဘေးတွေ အတော်ပေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့က ဆန့်ကျင်တယ်။”
4 years Ago
Up