ဒေါ်အောင်ဆန်းစုကြည်ရဲ့

June 2, 2017

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကသြဇာက နှစ်ဖက်ကို ဆွဲဆောင်ပြီး မျှခြေတခုရအောင် ဆောင်ကြဉ်းပေးဖို့ပဲ- မင်းဇင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်အစည်းအဝေးကို နေပြည်တော်မှာ မေလကုန်ပိုင်းက ခြောက်ရက်ကြာကျင်းပခဲ့ရာမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအပါအ၀င် အခြေခံမူ ၃၇ ခုကို ချမှတ်ခဲ့ကြပါတယ်။ ညီလာခံမှာ နိုင်ငံရေးအစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူအဖြစ် တက်ရောက်ခဲ့သူ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျုရဲ့ ဒါရိုက်တာ ဦးမင်းဇင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလကုန်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ညီလာခံ ၆ ရက်ကာလမှာ  ညီလာခံက ထွက်ပေါ်လာတဲ့ ရလဒ်နဲ့ အကျိုးသက်ရောက်မှု အနှစ်ချုပ်က ဘာတွေပါလဲ။ ညီလာခံအနေနဲ့ သူတို့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တယ်။ ၃၇ ချက် ချမှတ်နိုင်ခဲ့တယ်။ ဒါပေမယ့် အများစုကတော့ လက်ရှိအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေမှာလည်း ပါပြီးသားတွေ တော်တော်များပါတယ်။ ပြောနိုင်တာကတော့ နိုင်ငံရေးကဏ္ဍမှာကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုကို သွားမယ်ဆိုတာကတော့ ဒါကတော့ ကတိကဝတ်သဘောအရ ၁၉၇၄ အခြေခံဥပဒေမှာရော၊ ၂၀၀၈ အခြေခံဥပဒေမှာရော မပါခဲ့ဘူး။ ဒါကတော့ ထူးခြားချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ ပြောရမယ် ဆိုရင်တော့ တိုင်းရင်းသားတွေ တကယ်လိုလားတဲ့ ဖက်ဒရယ်ရဲ့ အခြေခံမူတွေကို ပြည့်ပြည့်ဝဝ ပါတယ်လို့တော့ ပြောဖို့ခက်ပါတယ်။ အထူးသဖြင့် ဒီညီလာခံမတိုင်ခင်တုန်းက အစိုးရဘက်က ပြောနေတဲ့ ပြည်နယ်အခြေခံဥပဒေ ဆိုတာမျိုးဆိုရင် ဒါ နောက်ဆုံး အဆုံးသတ် ဆုံးဖြတ်ချက်တွေမှာ ပါလာတာ မတွေ့ရဘူး။ ဆိုတော့ ပြောရမယ်ဆိုရင်တော့ ဖြစ်စဉ်တခုမှာ အဆင့်တခုအနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ဒီညီလာခံရဲ့ Design လို့ခေါ်တဲ့ ကျင်းပပုံကျင်းပနည်းတွေ၊ ဥပမာ ဒီညီလာခံရဲ့ Framework လို့ခေါ်တဲ့ မူဘောင်တွေ၊ ညီလာခံရဲ့ ရည်မှန်းချက်တွေမှာ မသဲကွဲတာတွေ၊ လုပ်ထုံးလုပ်နည်းမှာ ဒီမိုကရေစီ မကျတာတွေ အများကြီး သတိပြုမိပါတယ်။ မေး - ညီလာခံအဖွင့်မိန့်ခွန်းတွေမှာ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်)နဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊၊ နိုင်ငံရေးပါတီများ ကိုယ်စားပြုပြောတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတို့က ဒီအတိုင်း သွားကြဖို့ ပြောပါတယ်။ ညီလာခံမှာ ဝ ဦးဆောင်တဲ့ မြောက်ပိုင်းအဖွဲ့လည်း တက်ရောက်နေကြတော့ အဲဒီအဖွဲ့တွေရဲ့ အန်စီအေဆိုင်ရာ ရပ်တည်ချက်ကို ဘယ်လို မြင်ရ၊ ကြားရလဲ။ ဖြေ လက်မှတ်မထိုးရးသေးတဲ့အဖွဲ့မှာ ကျနော်တို့ ၂ ပိုင်းလောက်ခွဲလို့ ရပါတယ်။ တောင်ပိုင်းက UNFC (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)ကတော့ အန်စီအေကို မူအားဖြင့် သဘောတူတယ်၊ ဒါပေမယ့် သူတို့ အသေးစိတ်ဆက်ပြီးတော့ ညှိနှိုင်းလိုတယ် ဆိုပြီးတော့ အချက် ၉ ချက်ကို ပြောထားတယ်။ နောက်တပိုင်းကတော မြောက်ပိုင်းက အဖွဲ့တွေပေါ့။ ဝ ဦးဆောင်တဲ့အဖွဲ့တွေကတော့ အန်စီအေလမ်းကြောင်းက အလုပ်မဖြစ်ဘူး၊ အဲဒါကြောင့်မို့လို့ သီးသန့် အပစ်အခတ်ရပ်စဲရေးစာချုပ် ၁ ခုနဲ့ သွားရမယ်လို့ သူတို့ကိုယ်တိုင်လည်း ထုတ်ဖော်ပြောထားတယ်။ အဲဒါကိုလည်း အများပြည်သူကို ကြေညာထားတာ တွေ့ရပါတယ်။ ဆိုတဲ့အခါကျတော့ အန်စီအေဟာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ထီးရိပ်သဖွယ်၊ တံခါးပေါက်သဖွယ် ဆက်ဖြစ်နေဦးမှာလား၊ ဒါမှမဟုတ်ရင် အန်စီအေဟာ ပဋိပက္ခမှာ ပါနေတဲ့သူတွေအတွက် ရှေ့မတိုး နောက်မဆုတ်သာ ဘေးကျပ်နံကျပ် အခြေအနေကို ဖြစ်စေမယ့် DEADLOCK (စစ်ရန်) ဖြစ်သွားမလားဆိုတာကို ကျနော်တို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ  ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုသော်ငြားလည်း လက်နက်ကိုင်ပဋိပက္ခမှာ အင်အားအားဖြင့်ပေါ့နော်။ လက်နက်ကိုင်တပ်အင်အား,အားဖြင့် ဗမာပြည်လက်နက်ကိုင် ပဋိပက္ခအားလုံးရဲ့၊ ပြည်တွင်းစစ်ရဲ့ အဓိကလက်နက်ကိုင် ၇၉ ဒသမ ၆ ရာခိုင်နှုန်း၊ ပြောမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်ဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါမနေဘူး။ သဘောကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က လုပ်နေတယ်၊ အန်စီအေအပေါ် အခြေခံပြီးတော့ ကျန်တဲ့ ဝ လိုမျိုး၊ ကချင်လိုမျိုး၊ ရှမ်း(မြောက်)လိုမျိုး၊ ကရင်နီလိုမျိုး၊ မွန်လိုမျိုး အဲဒီလိုအင်အားကြီးတဲ့အဖွဲ့တွေက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါမနေဘူး။ ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါနေတဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ အရေအတွက်ဟာ ၂၀ ရာခိုင်နှုန်းပျော့ပျော့ပဲရှိတယ်။ ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေး တကယ်သွားချင်တယ်ဆိုရင်၊ ပဋိပက္ခ လျှော့ချရေးရှုထောင့်က ကြည့်မယ်ဆိုရင် လက်ရှိ အန်စီအေဟာ ပဋိပက္ခလျှော့ချရေးကို အထောက်အကူဖြစ်နိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ မေး - ခုလို ရှေ့မတိုး နောက်မဆုတ်အခြေအနေကို ဘယ်လိုမျိုး ဥပမာ- ကြားဝင်ဖျန်ဖြေမှုတွေ၊ ယူအန်လိုမျိုး ကြားဝင်ဆောင်ရွက်မှုတွေ လိုမလား၊ ပြည်ပနိုင်ငံက ပါဝါရှိတဲ့ အဖွဲ့အစည်းတခုခု လိုမလား၊ ပြည်တွင်းက တတ်သိပညာရှင်တွေ လိုမလား၊ ကွာဟနေမှုကို နီးစပ်အောင် ဘယ်လိုလုပ်နိုင်မလဲ။ ဖြေ - အဓိကကတော့ ဇာတ်ကောင်တွေတော့ ခဏထား၊ အန်စီအေဆိုတာကို ရှုမြင်ပုံ ရှုမြင်နည်းကို ပြန်သုံးသပ်ရမယ် ထင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့ ပြောနေတာက အန်စီအေဟာ လမ်းစဉ်တင် မဟုတ်တော့ဘူး၊ ပန်းတိုင်လည်း ဖြစ်တယ်ဆိုတာမျိုး ပြောနေတယ်။ အန်စီအေရဲ့ ထီးရိပ်ဆိုတာက အန်စီအေကိုယ်တိုင်က ပန်းတိုင်လို ဖြစ်နေပါတယ်။ ကျနော်တို့က စဉ်းစားတာက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးက တဆင့် နိုင်ငံတော်တည်ဆောက်ရေးတို့၊ ပြည်ထောင်စုလက္ခဏာ တည်ဆောက်ရေးတို့နဲ့ သွားချင်တယ်ဆိုရင် အဲဒီဟာတွေက ပန်းတိုင် ဖြစ်မယ်။ အန်စီအေဟာ အဲဒီပန်းတိုင်ကို သွားနိုင်တဲ့ စောင်းတန်းတခုပဲ ဖြစ်မယ်။ ဆိုတော့ ဘုရားရင်ပြင်တော်ပေါ်ကို စောင်းတန်း အသွယ်သွယ်က တက်လို့ရသလိုပဲ အန်စီအေစောင်းတန်းက တက်တာလည်း တလမ်း ရှိမယ်၊ အခြားစောင်းတန်းတွေကလည်း တက်လို့ ရကောင်းရနိုင်မယ်။ အကယ်၍ အန်စီအေကို အသေထားပြီးတော့ ဒါဟာ စောင်းတန်းလည်း ဖြစ်တယ်၊ ရင်ပြင်တော်လည်း ဖြစ်တယ်ဆိုရင် လမ်းပိတ်သွားမယ်။ အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေနဲ့ လမ်းပိတ်သွားနိုင်တယ်။ ဒါကြောင့်မို့ ကျနော် ထင်တယ်။ အန်စီအေကို စောင်းတန်းတခုသဖွယ် သဘောထားမယ်ဆိုရင် မြောက်ဘက်ကလည်း တက်လို့ ရနိုင်တယ်၊ တောင်ဘက်ကလည်း တက်လို့ ရနိုင်တယ်။ အရှေ့ဘက်မုခ်ကလည်း တက်လို့ရနိုင်တယ်။ အဲလိုနည်းတွေနဲ့ ပြောင်းစဉ်းစားနိုင်ဖို့ လိုတယ်။ အဲလို စဉ်းစားဖို့ ဆိုလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲများ၊ နိုင်ငံရေးသဘောတူညီိချက်များ၊ နိုင်ငံရေးအရ အပေးအယူလုပ်မှုများဟာ ငါတို့ရဲ့ ပန်းတိုင် ဖြစ်တယ်။ အဲဒီကမှတဆင့် ငြိမ်းချမ်းရေးနိုင်ငံတော်တည်ဆောက်ရေးတွေ စဉ်းစားရမှာဖြစ်ပြီးတော့ အန်စီအေမှအပ တခြားနည်းများနဲ့လည်း ပျော့ပျောင်းညင်သာစွာ တဖက်နဲ့တဖက် အတိုးအလျှော့လုပ်နိုင်တယ် ဆိုပြီးတော့ အရွေ့ကို စဉ်းစားမယ်ဆိုရင်တော့ ကျနော် ထင်တယ်၊ မြောက်ပိုင်း အင်အားစုများလည်း တစုံတရာ ပြန်လည်ပါဝင်ကောင်း ပါဝင်လာနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီနေရာမှာတော့ အခုန ကိုအေးနိုင် မေးသလိုပေါ့။  နိုင်ငံတကာအင်အားစုတွေ၊ တရုတ်တို့၊ ကုလသမဂ္ဂတို့၊ ကျွမ်းကျင်သူတွေက ဝိုင်းပြီးတော့ ဘယ်လိုအင်အားစုတွေ ပါလာအောင် လုပ်ပေးမလဲဆိုတာ ကို နောက်တဆင့် လိုက်စဉ်းစားရမှာပါ။ နံပါတ် ၁ ကတော့ အန်စီအေကို အသေထားတာဟာ Deadlock လို့ခေါ်တဲ့ ဘေးကျပ်နံကျပ် ဖြစ်စေနိုင်သလားဆိုတာကို ခေါင်းဆောင်တွေအနေနဲ့ ပြန်သုံးသပ်ဖို့ လိုပါတယ်။ မေး - ဒေါ်အောင်ဆန်းစုကြည်က အန်စီအေကို ရေးဆွဲရာမှာ အန်အယ်လ်ဒီက မပါခဲ့ဘူး၊ ဒါပေမယ့် အစိုးရတရပ်ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအရ ဆက်လက်ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အန်စီအေနဲ့ တို့တာဝန်အရေးသုံးပါးကို မဟာဗျူဟာလို့ ပြောတယ်။ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌလည်း အလားတူပဲဆိုတော့ သူတို့က ခုနက ပြောသလို စောင်းတန်းသဖွယ် လုပ်ပါ့မလား။ ဒီအတိုင်းပဲ ဆက်သွားမယ်လို့ ယူဆနိုင်စရာ မရှိဘူးလား။ မခက်ဘူးလား။ ဖြေ - ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ ဒီအတိုင်းလည်းပဲ သွားကောင်းသွားနိုင်တယ်။ ဆိုတော့ ကျနော် ခုနက ပြောသလိုပေါ့။ ငြိမ်းချမ်းရေးကို တိုင်းတဲ့အခါမှာ တိုင်းထွာမှု နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပဋိပက္ခကို ဘယ်လောက် လျှော့ချနိုင်သလဲ။ အိုကေ အန်စီအေနဲ့ မလိုက်ပါနိုင်လို့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသလိုပဲ မလိုက်ပါနိုင်တဲ့လူကို အခြေခံဥပဒေအရ၊ တာဝန်အရ ဆောင်ရွက်သွားမယ်ဆိုလည်း ဖြစ်နိုင်တာပဲ။ အဲဒါဆိုရင် ပဋိပက္ခတွေ ပိုများလာနိုင်တာပေါ့။ ကျနော်တို့ သုတေသီအနေနဲ့ကတော့ ဒီလိုဖြစ်ရင် ဒီလိုဖြစ်နိုင်တယ် ဆိုတာလောက်ပဲ ကျနော်တို့ ပြောလို့ရမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားရမှာ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ နံပါတ် ၁ က ပဋိပက္ခကို လျှော့ချဖို့။ ကျနော် ခုနက ပြောသလိုပဲ ပဋိပက္ခမှာပါဝင်တဲ့ ၈၀ ရာခိုင်နှုန်းလောက်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အပြင်မှာ ဖြစ်နေတယ်ဆိုတာ သိထားဖို့ လိုတယ်။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ဒီလောက် တနိုင်ငံလုံးက ပွဲကြီး ကျင်းပပြီးတော့၊ ဆိုင်းဘုတ်တွေ ထူပြီးတော့ ၂၁ ပင်လုံကို ကြိုဆိုပါတယ်လို့ ပြောနေသော်ငြားလည်း ပဋိပက္ခမှာ ပါဝင်နေသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အပြင်မှာ ဖြစ်နေတယ်ဆိုရင် ဒါဟာ ပဋိပက္ခလျှော့ချရေးအတွက် အထောက်အကူ မဖြစ်ဘူး။ ပဋိပက္ခလျှော့ချရေးအတွက် အထောက်အကူမဖြစ်ဘူးဆိုရင် ဒီညီလာခံကြီးပြီးရင် ငြိမ်းချမ်းရေးရတော့မှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း တကယ်တမ်းကျ လက်တွေ့ဖြစ်ဖို့ ခဲယဉ်းတယ်။ မေး - ပြည်ထောင်စုကနေ ခွဲမထွက်ရဆိုတဲ့ စကားလုံးပေါ်မှာ မူတည်ပြီးတော့ ညီလာခံတောင် တရက် အချိန်ဆိုင်းဆွေးနွေးကြတာ ညီလာခံကြီး ရပ်တန့်သွားတော့ မလောက်ဖြစ်ခဲ့တယ်လို့ ကြားရတယ်။ နေပြည်တော်မှာရှိစဉ် ဘာတွေ မြင်ခဲ့၊ ကြားခဲ့ပါသလဲ။ ဖြေ - တပ်မတော်အစုအဖွဲ့ကပြောတာရော၊ နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောရေးဆိုခွင့်ရှိတဲ့ သူတွေပြောတာရောကို ချင့်ချိန်ကြည့်မယ်ဆိုရင်တော့ အစိုးရ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အကြားထဲမှာ နားလည်မှုရှိပုံရပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံတယ် တပ်မတော်ဘက်က။ ဒီဘက်ကလည်း ပြည်ထောင်စု ခွဲမထွက်ဘူးဆိုတဲ့ အချက်ကို လက်ခံရမယ်။ တကယ့်တကယ် ဆွေးနွေးတဲ့အခါကျတော့ ကျနော်နားလည်သလောက် ဒေါ်အောင်ဆန်းစုကြည်က ဒီဘက်ကတိုင်းရင်းသားများကို အဲဒီ message ပေါ့။ အဲလိုညှိထားတယ်ဆိုတဲ့ဟာကို ပြောခဲ့ပုံမရဘူး။ တိုင်းရင်းသားများဘက်ကကျတော့ ၂၁ ပင်လုံဆိုရင် ပင်လုံဆိုတဲ့ စကားပါနေတယ်။ ၂၁ ပင်လုံရဲ့ ထွက်လာမယ့်စာချုပ်ဟာ ၄၇ ပင်လုံကို ပျက်ပြယ်စေမယ်၊ အဲလိုဆိုရင် ၄၇ ပင်လုံမှာ ပေးထားတဲ့ ကတိကဝတ်ဖြစ်တဲ့ ခွဲထွက်ခွင့်ဆိုတာတော့ ငါတို့က မူအားဖြင့်တော့ ဆက်ဆုပ်ကိုင်ထားသင့်တယ်၊ အဲလိုမှ မဟုတ်လို့ရှိရင်တော့ တိုင်းရင်းသားတွေအနေနဲ့ “လက်တပ်ကိုယ်တု” ဖြစ်မယ်ဆိုတဲ့အမြင်မျိုး ရှိကြတယ်။ ဆိုတဲ့အခါကျတော့ တကယ့်တကယ် အပြန်အလှန် ဆွေးနွေးလာကြတဲ့အခါကျတော့ တိုင်းရင်းသားတွေဘက်က အဆိုတင်လာတာက ဒါဖြစ်ရင် ခွဲထွက်မယ်လည်း မပြောနဲ့၊ မခွဲထွက်ဘူးလည်း မပြောနဲ့၊ အဲဒီကိစ္စကို ဘာမှ မထည့်နဲ့တော့ ဆိုပြီးတော့အထိ ပြောတာလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို အစိုးရဘက်က ပုဂ္ဂိုလ်များက အများပြည်သူကို ရှင်းပြတာမျိုး မရှိတဲ့အခါကျတော့ အခု ကျနော်တို့ နောက်ဆုံးမြင်နေရတာက တိုင်းရင်းသားတွေဘက်ကပဲ မခွဲထွက်ဘူးလို့ ကတိမပြုနိုင်လို့ ဒီညီလာခံက ဒီလိုမျိုးကြီး ဖြစ်သွားရတယ်ဆိုတဲ့ အမြင်မျိုး အများပြည်သူအနေနဲ့ မြင်သွားနိုင်တာပေါ့။ တကယ့်တကယ်မှာတော့ နှစ်ဖက်စလုံးကတော့ position ခေါ်တာပေါ့။ အပြန်အလှန် ကိုယ့်မူအပေါ် ကိုယ်ဆုပ်ကိုင်ပြီး ပြောကြတယ်။ ညှိနှိုင်းနိုင်တဲ့အချိန် သိပ်နည်းပါတယ်။ အဲဒါလည်း ဒီညီလာခံရဲ့ အားနည်းချက်တခုလို့ ပြောနိုင်ပါတယ်။ အချိန်အတိုင်းအတာ သိပ်နည်းတဲ့အခါမှာ အရေးကြီးတာတွေကို အတင်းလုပ်တဲ့အခါကျတော့ အများသဘောထား ပါဖို့ထက်စာရင် Top Down လို့ခေါ်တဲ့ အပေါ်စီးကနေ ဆုံးဖြတ်သွားတာတွေ ပိုများတာကို တွေ့ရပါတယ်။ မေး - ညီလာခံက ဒုတိယအကြိမ်ပြီးခဲ့ပြီ။ နောက်ခြောက်လမှာ တတိယအကြိမ် ခေါ်ဦးမယ်။ ဒီကြားကာလမှာ နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုမျိုးဖြစ်နိုင်လဲ။ ဘာတွေ ထွက်ပေါ်လာနိုင်တယ်လို့ မြင်လဲ။ ဖြေ - ဒီကြားကာမှ ခုန ကျနော် ပြောသလိုပဲ ပဋိပက္ခလျှော့ချရေးကို ဘယ်လောက် လုပ်နိုင်လဲဆိုတာ ကြည့်ရမယ်။ ဘာလို့လည်းဆိုတော့ အန်စီအေကိုပဲဖြစ်ဖြစ်၊ တခြားနည်းလမ်း တခုခုနဲ့လည်းဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ ပါဝင်နိုင်ဖို့အတွက် ဘယ်လောက်လုပ်နိုင်မလဲဆိုတာ အရေးကြီးမယ်လို့ ထင်ပါတယ်။ တဖက်က ဒီလိုမျိုး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုပ်သော်ငြားလည်း အခု ညီလာခံကိုကြည့်မယ်ဆိုရင် အဲဒီက ရလဒ်တွေဟာ ဒီလောက်ကြီး ဆုံးဖြတ်ချက်မှာ ပါဝင်လာတာ မတွေ့ရဘူး။ ဒီညီလာခံဟာ အောက်ခြေကတက်လာတဲ့ သဘောထားတွေကို ပေါင်းစပ်ပြီးတော့၊ အဲဒီသဘောထားတွေကို တစုံတရာ ထင်ဟပ်ပြီးတော့ ချမှတ်တာထက်စာလို့ရှိရင် အပေါ်ကလူတွေက ဆုံးဖြတ်ပြီးတော့ အောက်ကိုပြန်ပြီးတော့ ဖိအားပေးပြီးတော့ ရလဒ်တွေ အတင်းထုတ်တယ်လို့ ပိုတွေ့ရတယ်။ ဥပမာ နမူနာ ပြောပြမယ်။ ကျနော်တို့နိုင်ငံရေးအစုအဖွဲ့မှာ ကျနော်တို့ ပါဝင်သင့် ပါဝင်ထိုက်သူများအနေနဲ့ ပါရတယ်။ နိုင်ငံရေးအစုအဖွဲ့မှာ အချက် ၂၁ ချက်ရှိတယ်။ အဲဒီတော့ အစုအဖွဲ့မှာ နိုင်ငံရေးကဏ္ဍမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်တိုင်းရင်းသား EAOs၊ နိုင်ငံရေးပါတီ ဆိုပြီးတော့ အစုအဖွဲ့ ၅ ဖွဲ့ ဖွဲ့လိုက်တယ်။ နိုင်ငံရေးပါတီက ၂ ယောက်ပြောတယ်။ ဆိုတော့ ၆ ယောက်၊ ကိုယ်စားလှယ် ၆ ယောက်ကို တယောက် ၅ မိနစ်ပြောခွင့်ရတယ်။ ကျနော်တို့  နိုင်ငံရေးကဏ္ဍ ဆွေးနွေးချိန်က စုစုပေါင်း ၁ ရက်ခွဲဆိုတော့ ၉ နာရီပဲရှိတယ်။ ဆိုတော့ အဲဒါကို မြှောက်လိုက်လို့ရှိရင် မိနစ်ပေါင်း ၆၃၀ လောက်ရှိတယ်။ နာရီနဲ့တွက်မယ်ဆို ဆယ်နာရီခွဲလောက် ရှိရမယ်။ ဆိုတဲ့အခါကျတော့ အကြောင်းအရာ ၂၁ ခုကို အဖွဲ့ဝင်တခုစီကပြောတာဟာ တယောက် ၅ မိနစ်နဲ့ ပြောလို့ရှိရင် ဆွေးနွေးတဲ့ အဆင့်မရောက်သေးဘူး၊ ကိုယ့်အမြင်ပြောတာနဲ့တင် ဆယ်နာရီခွဲလောက်အချိန်ကြာနေပြီ။ တကယ့်ရှိတဲ့အချိန်က ၉ နာရီခွဲ။ အဲဒီ ၁၀ နာရီခွဲလောက် အချိန်ကြာတယ်ဆိုတာက သဘာပတိမိန့်ခွန်းတို့၊ အကျိုးဆောင်တွေရဲ့ ၀င်ရောက်ပြောပေးတာတို့ မပါသေးဘူး။ ဆိုတဲ့အခါကျတော့ ဘယ်လိုမှ အကျေအလည် ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မူ ၂၁ ချက်ကို တချက်စီကို ၅ မိနစ် ပြောခွင့်ရဖို့တောင်မှ ဆယ်နာရီခွဲလောက်ကြာမယ်ဆိုတဲ့ အခြေအနေမျိုးမှာ။ နောက်တခုကလည်း အစုအဖွဲ့တွေမှာလည်း Common Position ဆိုတဲ့ ဘုံသဘောထားတွေလည်း မရှိကြဘူး။ ဆိုတဲ့အခါကျတော့ တက်သုတ်ရိုက်ပြီး ဆွေးနွေး၊ တက်သုတ်ရိုက်ပြီး အဆိုပြုချက်တွေယူ။ အဲဒါတွေ အကုန်လုံးကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပြန်ပြီးတော့တင်ပြ။ တင်ပြတဲ့အခါမှာ နိုင်ငံရေးပါတီအစုအဖွဲ့မှာဆိုလို့ရှိရင် ကျနော်တို့ရဲ့ ဆွေးနွေးခဲ့သမျှကို ကျနော်တို့အနေနဲ့ ဆုံးဖြတ်ချက်မပေးနိုင်ပါဘူး၊ ကျနော်တို့အနေနဲ့ ဘာမှမဆုံးဖြတ်နိုင်ပါဘူးလို့ UPDJC အတွင်းရေးမှူးအဖွဲ့ကို တင်လိုက်တာပါပဲ။ ဆိုတော့ နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ သဘောထားအတိုင်းဆိုရင် ဆုံးဖြတ်ချက်ချစရာ မရှိဘူး။ နောက်ညီလာခံမှာ ဆက်ဆွေးနွေးလို့ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် UPDJC အတွင်းရေးမှူး အဖွဲ့ကတဆင့် ခေါင်းဆောင်တွေထံ တင်လိုက်တဲ့အခါမှာ နိုင်ငံရေးပါတီအစုအဖွဲ့က မည်သို့ပင်ဆိုစေကာမူ အထက်ကတော့ ဒီလိုဆုံးဖြတ်တယ် ဆိုပြီးတော့ ပြန်ကျလာတယ်။ ပြောချင်တာက ဒါက ခက်ခဲပါတယ်၊ ရှုပ်ထွေးပါတယ်၊ ပြောချင်တာက ဘာလဲဆိုတော့ လုပ်ထုံးလုပ်နည်းတွေမှာ မူဘောင်တွေမှာ ဒီမိုကရေစီနည်းလမ်း မကျတာတွေ ရှိတယ်။ နောက်ပြီးတော့ ပါဝင်သူတွေအားလုံး စိတ်ကျေနပ်ဖို့ ဝေးရော၊ လုံလောက်တဲ့ ဆွေးနွေးမှုတောင်မှ မရှိတာတွေတွေ့ရတယ်။ အဲဒီတော့ ဒါကြောင့်မို့ နောက်နောင် လုပ်လို့ရှိရင်လည်း ဒီပြဿနာတွေကြုံရလာရင် ပိုပြီးတော့ ဒီထက်ကောင်းမွန်တဲ့ ဒီဇိုင်းတွေ၊ နည်းနာတွေ စဉ်းစားသင့်တယ်လို့ မြင်တယ်။ မေး-အခုညီလာခံမှာ အခြေခံမူတချို့ကျသွားတယ်၊ နောင်လည်း အလားတူ အကြိမ်ကြိမ်ဆွေးနွေးပြီး အတော်ပြည့်စုံတဲ့ အခြေခံမူတွေ ကျသွားကြပြီဆိုပါစို့။ ဒါပေမယ့် ခုနက ကိုမင်းဇင်ပြောတဲ့ ၈၀ ရာခိုင်နှုန်းက ကျန်နေရင် ဒီညီလာခံကြီးက ဘယ်လိုဖြစ်မလဲ၊ နိုင်ငံတွင်းနိုင်ငံပ အသိအမှတ်ပြုမှုပိုင်းကရော။ ဖြေ - ကိုယ်စားပြုမှုပြသနာရှိမှာပဲ၊ ဒါကြောင့်မို့ မျှော်လင့်ချက်တွေကို အရမ်းကြီး ဖောင်းပွအောင်၊ အရမ်းကြီးကြီးအောင် မလုပ်ဖို့လည်း လိုတယ်။ အခု ဒီညီလာခံနဲ့ပတ်သက်လို့ရှိရင် ကျနော် သတိပြုမိတာ တခုပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီညီလာခံကို ၄၇ ပင်လုံနဲ့ လွတ်လပ်ရေးရခဲ့တယ်။ ၂၁ ပင်လုံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုကြီး၊ ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်တော့မယ်ဆိုပြီးတော့ တကယ့်ကို Nation Building ပေါ့၊ နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေးအထိ သူကလည်း ပုံဖော်တယ်။ တိုင်းရင်းသားတွေဘက်က အဲဒီလို မျှော်လင့်တယ်။ လေ့လာသူတွေကလည်း တကယ်ပဲလား။ ပြီးတော့ အားလုံးက ၀ိုင်းဆွေးနွေးနေကြတာက အခြေခံဥပဒေတခုကို အသစ်ရေးပြီးတော့၊ စလုံးရေးစ အသစ်က ပြန်စပြီးတော့ ပြည်ထောင်စုအသစ်ကြီး တည်ဆောက်ရမယ်ဆိုတဲ့ မျှော်မှန်းချက်ကြီးနဲ့ လုပ်သလိုကြီးဖြစ်နေတယ်။ သူ့ vision က တခုဖြစ်တယ်။ အဲဒီမျှော်မှန်းချက်က တခုဖြစ်တယ်။ တပ်မတော်ဘက်ကကျတော့ သေချာလေ့လာကြည့်တဲ့အခါကျတော့ တပ်မတော်ဘက်က စဉ်းစားတာ ရိုးရှင်းတယ်။ သူက ငြိမ်းချမ်းရေးဖြစ်စဉ်သည် လက်နက်ကိုင်အင်အားစုများကို ပြည်တွင်းနိုင်ငံရေးထဲကို ပြန်ဝင်လာနိုင်အောင် လုပ်ဆောင်တဲ့လုပ်ငန်းတခုဖြစ်တယ်၊ အဲလိုလုပ်ဖို့အတွက် အန်စီအေ လက်မှတ်ထိုးရမယ်။ တပ်မတော်အနေနဲ့ ၂၀၀၈ ဘောင်ထဲကနေပြီးတော့ လိုက်လျောချက်အချို့ကို လုပ်မယ်။ ပြီးလို့ရှိရင် အဲဒီအဖွဲ့အစည်းအနေနဲ့ သူတို့ဥပဒေဘောင်ထဲက နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ ပြီးလို့ရှိရင် DDR/SSR ကို လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရမယ်။ အဲဒီတော့ သူ့ရဲ့စဉ်းစားချက်ဟာ အခြေခံဥပဒေကို ၁ က ပြန်စမယ်ဆိုတာလည်း မပါဘူး။ နိုင်ငံတော်သစ်ကြီးကို စထူထောင်မယ်ဆိုတာလည်း မပါဘူး။ သူ စဉ်းစားတာက နိုင်ငံတော်ဆိုတာ ရှိပြီးသား။ လက်နက်ကိုင်အင်အားစုတွေ ပါဝင်ပေါင်းစပ်နိုင်ဖို့အတွက် တစုံတရာ ပေါင်းကူးတွေ လုပ်ပေးမယ်။ ဆိုတော့ တပ်မတော်ရဲ့ Vision ခေါ်တဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့မျှော်မှန်းချက်ဟာ သူ့အကန့်အသတ်နဲ့သူ ရှိတယ်။ ဒီဘက်ကကျတော့ သူ့မျှော်မှန်းချက်က သိပ်မြင့်တယ်။ ဆိုတော့ အဲဒီ vision နှစ်ခုက မတူတာတွေ့ရတယ်။ ဆိုတဲ့အခါကျတော့ တကယ့်တကယ် အပြန်အလှန်စေ့စပ်ဆွေးနွေးမှုတွေ လုပ်တဲ့အခါမှာ အဲဒီ Vision မတူတာ နှစ်ခု ရဲ့ ကွာဟချက်ကို ကျနော်တို့ ဒီကနေ့ တွေ့နေရတယ်။ တပ်မတော်က ဘာပဲပြောပြော အခြေခံဥပဒေဘောင်ထဲက၊ အခြေခံဥပဒေနဲ့ မဆန့်ကျင်သရွေ့၊ တို့တာဝန်အရေးသုံးပါးနဲ့ မဆန့်ကျင်သရွေ့။ ဒီဘက်က အင်အားစုများက ကျတော့လည်း ကျောက်သင်ပုန်းအလွတ်တခုမှာ တစ်က စပြီးတော့ စာလုံးတွေ ပြန်ရေးသလို သမိုင်းအသစ်ကို လုပ်ချင်တယ်။ တပ်မတော်ဘက်ကကျတော့လည်း သမိုင်းရဲ့ ကောင်းမွေ၊ ဆိုးမွေ အကုန်ယူပြီးတော့ တတ်နိုင်သလောက် ၂၀၀၈ ဘောင်ထဲက လိုက်လျောမယ်။ ဆိုတော့ တော်တော်ကို မတူညီတဲ့ Vision ဖြစ်တယ်။ အဲဒီ Vision မတူတာကို လူထုကို မှန်မှန်ကန်ကန် မရှင်းပြဘဲနဲ့ ဒီလိုပဲ ရောသောကောသောနဲ့ မလိမ့်တပတ်နဲ့သွားကြမယ်ဆိုရင် တချိန်ချိန်မှာ အဲဒီVision မတူတဲ့နှစ်ခု ၀င်ဆောင့်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အန်စီအေစာချုပ်ကို လေ့လာကြည့်မယ်ဆိုရင် အခြေခံဥပဒေဆိုတဲ့စကားကို တလုံးပဲတွေ့တယ်။ အဲဒါက အပိုဒ် ၂၂ (ဃ) မှာ။ အဲဒီမှာကတည်းက သူက ရှင်းထားပြီးသား။ နိုင်ငံရေးဆွေးနွေးမှုရဲ့ ရလဒ်များမှ ထွက်လာတဲ့ရလဒ်များကိုအခြေခံ၍ အခြေခံဥပဒေနှင့် အခြားဥပဒေများကို လိုအပ်သလို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်မှာ လို့ ပြောတယ်။ သူပြောတာက လိုအပ်သလို ဖြည့်စွက်ပြင်ဆင် ပယ်ဖျက်မယ်၊ လုပ်ထုံးလုပ်နည်းဆိုတာကလည်း တပ်မတော်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိပြီးသား။ ဆိုတော့ ကြိုးတွေက အများကြီးချည်ထားတယ်။ ဒီဘက်က စဉ်းစားနေတာက အခြေခံဥပဒေကို အသစ်ပြန်ရေးတော့မယ့်အတိုင်းပဲ၊ အခြေခံမူတွေကို အသေးစိတ်တွေ ချနေကြတယ်။ ဒါကြောင့်မို့လို့ တပ်မတော်က တချို့ကိစ္စတွေမှာ။ ကျနော် ဒ်ီလိုပြောလို့ ဘယ်အမြင်မှန်တယ်လို့ ပြောနေတာမဟုတ်ဘူး။ ပြောချင်တာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ မျှော်မှန်းချက်တွေ၊ အနာဂတ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ မျှော်မှန်းချက်ဟာ အမြင် ၂ ခု ကွဲနေတယ်။ တပ်မတော်အတွက်က ငြိမ်းချမ်းရေးက ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးဟာ အခြေခံဥပဒေအသစ်က ပြန်ရေးတာနဲ့လည်း မဆက်စပ်ဘူး။ ပြည်ထောင်စုသစ်ကြီးကို ၁ ကနေ ပြန်ဆောက်တာနဲ့လည်း မဆက်စပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဘက်က အင်အားစု အများစုက ပုံဖော်နေတာက အဲဒီလိုမျိုးဖြစ်နေတယ်။ အဲဒီ Vision မတူတာကို မညှိဘဲနဲ့ ဆက်သွားမယ်ဆိုရင် ကျနော်ထင်တယ်၊ အကျိုးပြည့်ဖို့ ခက်မယ်။ မေး - vision မတူမှုကို ပုံဖော်နေကြရာမှာ တပ်မတော်ဘက်က ခေါင်းဆောင် အဆက်ဆက်လာမှာပဲ၊ နောက်တဖက်က ဒေါ်အောင်ဆန်းစုကြည်လိုမျိုးပေါ့ လူထုကနေပြီးတော့ တော်ရုံအမြင်ချင်းမတူတာတောင် ဒီခေါင်းဆောင်ကို ယုံကြည်တယ်ဆိုပြီး ပုံအပ်ပုံအောထားတဲ့ အခြေအနေ။ အကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် ခေတ်လွန်အထိ ဒီ Vision နှစ်ခုက ဒီလိုပဲ သွားနေမယ်ဆိုရင် ဘာတွေဖြစ်နိုင်လဲ။ ဖြေ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအာဏာ ကြီးမားတယ်။ တချိန်တည်းမှာပဲ ကျနော်မြင်တာတခုပေါ့နော် ဘာလဲဆိုတော့ ဗမာတိုင်းရင်းသားအများစုထဲမှာတော့ ဟုတ်တယ်။ ဒါပေမယ့်တိုင်းရင်းသားလူမျိုးစုတွေကြားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်သြဇာဆိုတာဟာ တသမတ်တည်းဖြစ်နေတာတော့ မဟုတ်ဘူး။ ဥပမာ မွန်မှာ ချောင်းဆုံ (တံတား) ကိစ္စပေါ့ဖြစ်တယ်၊ ကချင်မှာ ဒီဘက်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ တိုးလာတာတွေ့ရတယ်။ ရခိုင်မှာ နမူနာကြည့်လို့ရတယ်။ ဗမာအများစုရှိတဲ့ တိုင်းဒေသကြီးတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်သြဇာက တော်တော်လေးကို ရေပက်မ၀င်အောင် အားကောင်းတယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာကျတော့ ပုံစံမျိုးစုံ၊ အစ်ရှူးမျိုးစုံ၊ အကြောင်းပေါင်းစုံရှိတဲ့အခါကျတော့ တသမတ်တည်းလို့ ပြောလို့မရဘူး။ ဆိုတော့ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က အခု အခြေအနေမှာ သူ့ရဲ့သြဇာကို ထိထိရောက်ရောက်သုံးပြီးတော့ အထူးသဖြင့် UNFC (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) လို အင်အားစုမျိုး၊ နဂိုကတည်းက လက်မှတ်ထိုးမယ်လို့ ပြောထားတဲ့အင်အားစုမျိုး ပါဝင်လာအောင် ပိုပြီးတော့ လုပ်သင့်တယ်။ ပွင့်ပွင့်လင်းလင်းအရပ်စကားနဲ့ပြောရရင် ဒီငြိမ်းချမ်းရေးဆိုတာ ဒေါ်အောင်ဆန်းစုကြည် အာဏာရကတည်းက အ ခုချိန်ထိ ဈေးဦးမပေါက်သေးဘူး။ ဘယ်အဖွဲ့မှ လက်မှတ်အသစ်ထိုးတာ မတွေ့ရသေးဘူး။ အဲဒါတဆင့်ပြေလည်သွားရင်တော့ နောက်ထပ် မြောက်ပိုင်းအင်အားစုများကို အန်စီအေ၊ အန်စီအေမဟုတ်ဘဲ တခြားနည်းတခုခုနဲ့ လုပ်လို့ရနိုင်မလားဆိုတာ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေက ညှိရမယ့်ကိစ္စ။ တခါတလေကျတော့လည်း ကိုယ့် Position ကိုအထိုင်ထားလိုက်ရင် ရပ်တည်ချက်ပေါ်မှာ ပန္နက်စိုက်၊ အုတ်မြစ်ချပြီးတော့ မယိမ်းမယိုင်နေလိုက်ခြင်းအားဖြင့် အကျိုးစီးပွား၊ ဆုပ်ကိုင်ချင်တဲ့အကျိုးစီးပွားကို လက်လွတ်သွားတာမျိုး ဖြစ်တတ်တယ်။ ဒါကိုလည်း တပ်မတော်ကိုလည်း ဆွေးနွေး။ တကယ့်အဆုံးစွန်သောရည်ရွယ်ချက်ကတော့ လူတွေ မသေစေချင်တာ၊ ပြည်သူလူထုကို မနစ်နာစေချင်တာ၊ ပြည်သူလူထုကို ဖွံ့ဖြိုးတိုးတက်စေချင်တာ။ အဲဒီအခါကျတော့ အဲဒီနည်းနဲ့လုပ်လို့ရနိုင်မယ်ထင်တယ်။ အဲလိုမှ မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်လွန်ခေတ်မှာလည်း ပဋိပက္ခတွေကတော့ ဆက်ပြီးတော့ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခရဲ့ အဓိက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကသြဇာက ဘာလဲဆိုတော့ နှစ်ဖက်ကို ဆွဲဆောင်ပြီးတော့ မျှခြေတခုရအောင် ဆောင်ကြဉ်းပေးတာပဲ။ နှစ်ဖက်စလုံးက၊ လက်နက်အင်အားရှိတဲ့  အင်အားစု နှစ်ခုစလုံးကို ဆွဲခေါ်ပြီးတော့ မျှခြေရအောင် စေ့စပ်ဆွေးနွေးပေးမှာ သူ့ရဲ့ အရည်အသွေးဖြစ်မယ်။ အဲလို မလုပ်နိုင်ဘူးဆိုရင်တော့ သူရှိနေခြင်း၊ မရှိနေခြင်းက သိပ်အရေးမပါတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ပလိပက္ခတွေက အပေါ်ရောက်လာမယ်။ အဲဒီအခါကျရင် သူရှိနေရင်လည်း သူက အရေးပါနေသလောက် အရာရောက်ချင်မှ ရောက်တော့မယ်ပေါ့။ မေး -  ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ကိုမင်းဇင် တခြား ဘာဖြည့်စွက်ပြောဦးမလဲ။ ဖြေ - ကျနော်အချုပ်ပြောချင်တာကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် ပလိပက္ခဖြေရှင်းရေး၊ ပလိပက္ခလျှော့ချရေးဟာ အရေးကြီးတယ်။ ဒီကိစ္စမှာ လတ်တလော သိပ်အောင်မြင်တာ မတွေ့ရဘူး။ နောက်တခုက တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုရှုမြင်သလဲဆိုတဲ့ ရှုမြင်ချက်မှာ ကျနော်တို့ တစုံတရာ တတ်နိုင်သမျှတူအောင် ညှိဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့များသာ မဟုတ်ဘဲနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လုပ်ပုံကိုင်ပုံ ဒီဇိုင်းတွေ၊ မူဘောင်တွေကိုလည်း လက်မှတ်မထိုးရတဲ့အဖွဲ့တွေကလည်း စောင့်ကြည့်နေတာဖြစ်တယ်။ ဒီဖြစ်စဉ်တွေမှာ အပေါ်ကနေပြီးတော့ သိပ်ပြီးတော့ Top Down ပေါ့ အပေါ်စီးကနေပြီးတော့ ဖိစီးပြီးလုပ်တာတွေ သိပ်များရင် လက်မှတ်မထိုးရတဲ့အဖွဲ့တွေဘက်ကလည်း ဒီဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် အကန့်အသတ်တွေ ပိုများမယ်ဆိုတာကို ခေါင်းဆောင်တွေ သိဖို့လိုမယ်ထင်ပါတယ်။
4 years Ago
Up