ဒေါ်လာ ၇ သိန်းကျော်ရရှိ

January 25, 2018

ရှုတည်တည်မျက်နှာပေးနှင့် ဆယ်လီကြောင်မလေး လျော်ကြေး ဒေါ်လာ ၇ သိန်းကျော်ရရှိ

ရှုတည်တည် မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာပေးနဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဆယ်လီကြောင်မလေးတကောင်ဟာ သူ့ရဲ့ ပုံရိပ်အသုံးပြုခွင့် မူပိုင်ခွင့်လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၇ သိန်း ၁ သောင်းရရှိခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကယ်လီဖိုးနီးယားပြည်နယ်တရားဆုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး Grumpy Cat အမည်နဲ့ လူသိများတဲ့ ကြောင်မလေးရဲ့ ပုံတွေကို Grenade ကော်ဖီကုမ္ပဏီက မူလသဘောတူညီထားခဲ့တာထက် ပိုပြီးတော့ ကြောင်မလေးရဲ့ ပုံရိပ်တွေကို အသုံးပြုခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Grumppuccino အမည်နဲ့ ထုတ်လုပ်ရောင်းချတဲ့ အအေးဘူးတွေမှာသာ ကြောင်မလေးရဲ့ ပုံရိပ်ကို အသုံးပြုဖို့ သဘောတူခဲ့တာဖြစ်ပေမယ့် ကုမ္ပဏီကတော့ တခြားသော ထုတ်ကုန်တွေမှာပါ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ကြောင်မလေးရဲ့ နာမည်ရင်းကတော့ တာဒါဆော့စ်ဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ မာကြောကြောရုပ်သွင်ကြောင့် ၂၀၁၂ ခုနှစ်ကတည်းက နာမည်ကြီးလာခဲ့တာလို့ ဘီဘီစီသ တင်းမှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ သူ့ရဲ့ပုံတွေကို ပိုင်ရှင်ဖြစ်သူရဲ့ အစ်ကို တာဘာသာ ဘန်ဒီဆန်က ရက်ဒစ်ထ် အင်တာနက်စာမျက်နှာပေါ်မှာ စတင်မျှဝေခဲ့ပြီးနောက်မှာ လူသိများလာခဲ့ပြီး ရုပ်ပြောင် စာသားတွေနဲ့ ယှဉ်တွဲဖော်ပြကြပြီး ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန် အဖျော်ယမကာကုမ္ပဏီတခုဖြစ်တဲ့ Grenade က ကော်ဖီအေးဘူးတွေမှာ ကြောင်မလေးရဲ့ ပုံတွေနဲ့ ကြော်ငြာဖို့ ဒေါ်လာ ၁ သိန်းခွဲနဲ့ သ ဘောတူညီခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာတော့ ကုမ္ပဏီကို ကြောင်မလေးဘက်မှ သူ့ရဲ့ ရုပ်ပုံတွေ အသုံးပြုမှုကို စာချုပ်ထက်ကျော်လွန်အသုံးပြုမှုအတွက် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကြောင်မလေးဟာ သူ့နာမည်နဲ့ ကုမ္ပဏီတခု ရှိနေခဲ့ပြီးဖြစ်ကာ အ၀တ်အထည်၊ ပြက္ခဒိန်နဲ့ ကလေးကစားစရာ စတဲ့ ကြော်ငြာတွေမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။        သူဟာ ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးပါဝင်ခဲ့တဲ့ Grumpy Cat's Worst Christmas Ever အမည်နဲ့ ရုပ်သံဇာတ်လမ်းနဲ့ နာမည်ကြီးခဲ့ကာ ကမ္ဘာအနှံ့ ခရီးတွေသွားရောက်ခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up