ဒေါ်လာသန်း ၂၀ လာဘ်စားမှုဖြင့်

February 5, 2017

ဒေါ်လာသန်း ၂၀ လာဘ်စားမှုဖြင့် ပီရူးသမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆို

အမေရိကန်ဒေါ်လာ သန်း ၂၀ လာဘ်စားခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့တဲ့တွက် ပီရူးသမ္မတဟောင်း အလက်ဟန်ဒရိုတိုလဲဒိုကို ဖမ်းမိန့်ထုတ်ဖို့ တောင်းဆိုထားကြောင်း ပီရူးနိုင်ငံအမှုစွဲရှေ့နေတွေက ဖေဖော်ဝါရီ ၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်အခြေစိုက် “Odebrecht ဆောက်လုပ်ရေး၊ ရေနံနဲ့ ရေနံဓာတုကုမ္ပဏီ”က ကန်ထရိုက်စာချပ်တခု ရရှိဖို့အတွက် သမ္မတဟောင်းတိုလဲဒို တာဝန်ယူချိန်မှာ ဒေါ်လာသန်း ၂၀ လာဘ်ထိုးခဲ့တယ်လို့ ၀န်ခံပြောကြားပြီးတဲ့နောက် အခုလို ဖမ်းမိန့်ထုတ်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဒီအတွက် မြို့တော်လီမာမှာရှိတဲ့ သမ္မတဟောင်းရဲ့နေအိမ်ကို စနေနေ့အစောပိုင်းက ၀င်ရောက်ရှာဖွေခဲ့တယ်လို့လည်း ပီရူးရှေ့နေချုပ်ရုံးက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ အသေးစိတ်အချက်အလက်ကိုတော့ ရှင်းပြထားတာမျိုး မရှိပါဘူး။ အမည်မဖေါ်လိုတဲ့ ရှေ့နေချုပ်ရုံး ၀န်ထမ်းတဦးကတော့ သမ္မတဟောင်းတိုလဲဒိုရဲ့ ဘဏ်စာရင်းထဲကို အမေရိကန်ဒေါ်လာ ၁၁ သန်း လွှဲပြောင်းခဲ့ကြောင်း ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ သူ့ရဲ့နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့တာလို့ ပြောပါတယ်။ ဒီငွေ ၁၁ သန်းဟာ သမ္မတဟောင်း လဘ်စားခဲ့တဲ့ ဒေါ်လာ သန်း ၂၀ ထဲက အစိတ်အပိုင်းတချို့ဖြစ်မယ်လို့ ရှေ့နေချုပ်ရုံးက ယူဆထားပါတယ်။ သမ္မတဟောင်း အလက်ဟန်ဒရိုတိုလဲဒိုဟာ  ပီရူးနိုင်ငံမှာ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့ကြောင်း ဒီကနေ့ လီမာမြို့ကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up