ဒေါ်နီလာသိန်း

A d v e r t i s e m e n t With Us

May 22, 2019

ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံပေးထား

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ တရားရုံးထုတ်ရာမှာ ရုန်းရင်းဆန်းခတ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ကိုနန်းလင်းနဲ့ ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ကိုယ်ပိုင်ခံဝန်နဲ့  အာမခံပေးထားပါတယ်။ ဗိုလ်တထောင်ရဲစခန်းမှ ရဲမှူးနေဝင်းက မေလ ၂၁ ရက်နေ့မှာ တာဝန်ဝတ္တရား နှောင့်ယှက်မှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့် တရားစွဲဆိုပြီး ဒီနေ့ မေလ ၂၂ ရက်နေ့မှာ ကိုယ်ပိုင်ခံဝန် အာမခံပေးခဲ့တာပါ။ ၈၈ မျိုးဆက်က ဒေါ်နီလာသိန်းကိုတော့ မေ ၂၁ ရက် ညက ၅၁ လမ်းနေအိမ်ကနေ ဗိုလ်တထောင်ရဲစခန်းမှာ စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနဲ့ ကိုမင်းဟန်ထက်တို့ ၄ ဦးကတော့ ဒီကနေ့မှာ ဗိုလ်တထောင်ရဲစခန်းကို လာရောက်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်နဲ့ အာမခံရရှိခဲ့တယ်လို့ အမှုဖွင့်ခံထားရတဲ့ မရှားယမုံက ပြောပါတယ်။ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို မေလ ၂၀ ရက်က တရားရုံးထုတ်လာချိန်မှာ လက်ထိပ်ခတ်ထားတဲ့အတွက် အချုပ်ကားပေါ်ကအဆင်းမှာ ရဲတွေနဲ့ အားပေးထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်နီလာသိန်း၊ ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနဲ့ ကိုမင်းဟန်ထက်တို့ကို ပြည်သူ့ဝန်ထမ်းတဦး ပြည်သူဆိုင်ရာ အလုပ်ဝတ္တရား ဆောင်ရွက်နေသည်ကို ဟန့်တားခြင်းပုဒ်မ ၁၈၆၊ ပြည်သူ့ဝန်ထမ်းတဦးအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂၊ အားပေးကူညီမှုပုဒ်မ ၁၀၄၊ လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မ ၃၅၃ တို့နဲ့ ဗိုလ်တထောင်ရဲစခန်းက အမှုဖွင့်လှစ်ထားတာပါ။ လက်ရှိအခြေအနေမှာတော့ တရားစွဲခံထားရသူတွေကို ငွေကျပ်သိန်း ၁၀၀ ပိုင်ဆိုင်သူရဲ့ ထောက်ခံချက်နဲ့ ကိုယ်ပိုင်ခံဝန်လက်မှတ်ထိုး အာမခံပေးထားကာ ရုံးချိန်းခေါ်မယ့်နေ့  ရဲစခန်းက ဖုန်းဆက်အကြောင်းကြားမယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
2 years Ago

၈၈ မျိုးဆက် ဒေါ်နီလာသိန်း အပါအဝင် ၅ ဦး တရားစွဲခံရ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တရားရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ မနေ့ညက ဒေါ်နီလာသိန်းကို ရန်ကုန်မြို့ ၅၁ လမ်း နေအိမ်ကနေ ဗိုလ်တထောင်ရဲစခန်းမှာ စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေါ်နီလာသိန်းက ပြောပါတယ်။ “မီးအမှာင်ချလိုက်တယ်။ ကျမကို လာခေါ်မယ်ဆိုတာ သိတယ်။ အိမ်တံခါးကို ဒုံးဒုံးနဲ့ လာထုတယ်။ ကျမ တံခါးဖွင့်လိုက်တဲ့အခါမှာ အုပ်ချုပ်ရေးမှူးနဲ့ အရပ်ဝတ်နှစ်ယောက် ပါတယ်။ ကျမကို ဗိုလ်တထောင်ရဲစခန်း လိုက်ခဲ့ဖို့ ပြောတယ်။ ဘယ်ရဲမှ ကျမအိမ်အဝင်မခံဘူးလို့ ကျမပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျမလိုက်သွားတယ်။ အုပ်ချုပ်ရေးမှူးရုံးမှာ သူတို့ စောင့်နေတယ်။ ကျမလိုက်သွားပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ရဲစခန်းကို ရောက်လာတယ်။ ရောက်လာတဲ့အခါ ကျမကို ဘာကြောင့်ခေါ်တာလဲဆိုတော့ ဒီ ဗိုလ်တထောင်တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အခါကျတော့ သူတို့ ရဲဝန်ထမ်း ထိခိုက်ဒဏ်ရာရသွားတယ်၊ အဲဒီအတွက် ကျမကိုခေါ်တာ။” မေလ ၂၀ ရက်က တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ရုံးထုတ်လာချိန်မှာ ရဲတွေနဲ့ အားပေးထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တာကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအုပ်ရန်ပိုင်က တရားစွဲဆို တိုင်တန်းခဲ့တာဖြစ်ပြီး ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
2 years Ago
Up