သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားဟာ သူမရဲ့ခင်ပွန်းနေရာကို သမ္မတအသစ် ဒေါ်နယ်လ်ထရမ့်ပ်က အစားထိုးဝင်ရောက်လာလို့ သူမရဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်ဖို့ ခက်ခဲနေတာကို တွေ့ရတယ်လို့ မေရာရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားဟာ သမ္မတအိမ်ဖြူတော်မှာ ၈ နှစ်ကြာခဲ့တဲ့ သူမရဲ့ခင်ပွန်းကို ဒေါ်နယ်လ်ထရမ့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲက စိတ်မချမ်းမြေ့စေတဲ့အတွက် ဒေါ်နယ်ထရမ့်ကို မျက်မှောင်ကျုံ့ကြည့်ကာ သူမရဲ့ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
သမ္မတဟောင်းအိုဘားမားနဲ့ မိသားစုဟာ ၈ နှစ်ကြာပြီးနောက် အိမ်ဖြူတော်မှာ ထွက်ခွာပြီး ဒေါ်နယ်လ်ထရမ့်နဲ့ သမ္မတကတော်အသစ် မယ်လနီရာတို့ကို အိမ်ဖြူတော်ကို လွှဲပြောင်းပေးလိုက်ပါပြီ။
နှုတ်ဆက်ပွဲမှာ အားလုံးက အပြုံးတွေနဲ့ ရှိနေကြပေမယ့် သမ္မတအသစ်ထရမ့် မိန့်ခွန်းပြောခဲ့တာကြောင့် ဒီအာဏာလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး သူမ ပျော်ရွှင်နေပုံ ဟန်ဆောင်နေရတာဟာ မီရှဲလ်အိုဘားမားအတွက် အတော်ကို ခက်ခဲနေပါတယ်။
နဖူးမှာ အရေးအကြောင်းတွေပေါ်တဲ့အထိ သူမရဲ့ မျက်ခုံးတွေကို ပင့်ထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားတာက ထရမ့်ရဲ့ မိန့်ခွန်းအပေါ် အထင်ကြီးမှု မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းကြီး ပြနေပါတယ်။
သမ္မတအသစ် ထရမ့်က သူ့ရဲ့မိန့်ခွန်းမှာ ဘားရက်အိုဘားမားနဲ့ မီရှဲလ်အိုဘားမားတို့ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်က စီမံအုပ်ချုပ်မှုဌာနအသစ်မှ ပြည်သူတွေရဲ့ အာဏာကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာပါလို့ ဆက်ပြောခဲ့ပါတယ်။
“ကာလအကြာကြီး လူထုတွေက ကုန်ကျစရိတ်တွေကို စိတ်ရှည်သည်းခံနေရချိန်မှာ အစိုးရရဲ့ ဂုဏ်ပြုချီးမြှင့်ခံရမှုအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ အုပ်စုသေးသေးလေး တစ်စုကသာ နိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို ရရှိနေတယ်”လို့ သမ္မတအသစ် ထရမ့်က ပြောပါတယ်။
“ဝါရှင်တန်ဟာ အောင်မြင်တိုးတက်ခဲ့တယ်၊ ဒါပေမယ့် ပြည်သူတွေကတော့ ဒီချမ်းသာကြွယ်ဝမှုကို ဝေမျှမခံစားရဘူး။ နိုင်ငံရေးသမားတွေ ကြီးပွားအောင်မြင်လာကြတယ်၊ ဒါပေမယ့် အလုပ်တွေမရှိဘူး စက်ရုံတွေ ပိတ်လိုက်ရတယ်” လို့လည်း ထရမ့်ရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
“တည်ဆောက်မှုတွေက သူတို့ကိုယ်သူတို့ပဲ အကာအကွယ်ပေးတယ်၊ ဒါပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံသားတွေအတွက်တော့ မဟုတ်ဘူး သူတို့ရဲ့ အောင်မြင်မှုတွေက ခင်ဗျားတို့တွေရဲ့ အောင်မြင်မှု မဟုတ်ဘူး။ သူတို့တွေက နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ အောင်ပွဲခံ ကျင်းပနေချိန်မှာ ကျနော်တို့ နိုင်ငံတစ်ဝှမ်းလုံးက ရုန်းကန်နေရတဲ့ မိသားစုတွေအတွက် နည်းနည်းလေးပဲ အောင်ပွဲ ကျင်းပတယ်” လို့ ထရမ့်ပ်က ပြောခဲ့တာပါ။
ထရမ့်ရဲ့ ဒီမိန့်ခွန်းအပေါ် မီရှဲလ်ရဲ့ မျက်နှာအမူအယာ တုံ့ပြန်ပုံက တွီတာပေါ်မှာ သတိမထားမိပဲ မနေနိုင်ကြပါဘူး။ ဒီလို မီရှဲလ်ရဲ့ မျက်နှာအမူအယာတုံ့ပြန့်ပုံက မီရှဲလ်ကို ပိုလို့တောင် သတိရဦးမယ်လို့လည်း လူတွေက တွီတာပေါ်မှာ မှတ်ချက်တွေ ရေးကြပါတယ်။
မီရှဲလ်ရဲ့ခင်ပွန်း သမ္မတဟောင်း အိုဘားမားကလည်း သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ဇန်နဝါရီလ ၂၀ ရက်နေ့ အစောပိုင်းမှာ “ဒါက ဘဝအချိန်ကာလတစ်ခုကို ဂုဏ်ပြုနေတာပါ။ တာဝန်ထမ်းဆောင်မှုက သူ့ကို ပိုကောင်းတဲ့ခေါင်းဆောင် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်စေမယ်” လို့ သမ္မတတဦးအဖြစ် နောက်ဆုံးအနေနဲ့ တွီတာပေါ်မှာ ရေးခဲ့ပါတယ်။
“ကျနော်က ရပ်တန့်နေမှာ မဟုတ်ပါဘူး ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ ကောင်းမွန်တဲ့ဟာသတွေ၊ တရားမျှတမှုနဲ့ အမှန်တရား စတဲ့အသံတွေရဲ့ တိုက်တွန်းစေ့ဆော်မှုနဲ့ ကျနော်က ခင်ဗျားတို့နဲ့အတူ နိုင်ငံသားအဖြစ် အဲ့ဒီမှာ ရှိနေမှာပါ” လို့လည်း အိုဘားမားက ဆက်ရေးခဲ့ပါတယ်။
“ခင်ဗျားတို့တွေကို ယုံကြည်လို့ အပြောင်းအလည်းကိုလည်း ယုံတယ်လို့” လည်း ပြောပါသေးတယ်။
ထရမ့်ကလည်း ကျိန်သစ္စာကျိန်ဆိုပြီးနောက် “ကျနော်တို့ အင်မတန်ရိုးရှင်းတဲ့ စည်းမျဉ်း ၂ ခုကိုပဲ လိုက်နာ လုပ်ဆောင်ကြမယ်။ အဲ့ဒါက အမေရိကန်တွေဆီက ဝယ်ပါ အမေရိကန်တွေကို အလုပ်ခန့်ပါ” ဆိုတာတွေ အပါအဝင် တွီတာပေါ်မှာ သူရဲ့သဘောထားတွေကို ရေးသားထားပါတယ်။
6 years Ago