ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာသည့်အပေါ် နာမည်ကျော်များ အထိတ်တလန့် မှတ်ချက်ချ

November 10, 2016

ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာသည့်အပေါ် နာမည်ကျော်များ အထိတ်တလန့် မှတ်ချက်ချ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားပြီဆိုတဲ့ အံအားသင့်စရာသတင်း ထွက်လာပြီးနောက် ကလင်တန် ထောက်ခံသူ နာမည်ကြီးအဆိုတော် လေဒီဂါဂါရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာကို မြင်တွေ့ရမှာပါ။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲအပြီး ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့် အနိုင်ရ သမ္မတဖြစ်သွားတဲ့အပေါ် နာမည်ကျော်တွေရဲ့ အထိတ်တလန့်ဖြစ်မှု စိတ်ပျက်စရာ မှတ်ချက်တွေကို မေရာနဲ့ သည်ဆန်းသတင်းတွေက နိုဝင်ဘာ ၉ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။ ထရမ့် အနိုင်ရတယ်လို့ ကြေညာပြီးတဲ့နောက် နယူးယောက်ရှိ ထရမ့်ရဲ့ အထပ်မြင့် အဆောက်အဦရှေ့မှာ ဆန္ဒပြခဲ့တဲ့ လေဒီဂါဂါရဲ့ စိတ်ပျက်ဖွယ်မျက်နှာကို သတင်းဓာတ်ပုံမှာ မြင်တွေ့ရပြီး အဆိုတော် မက်ဒေါနားကလည်း “ငါတို့ ဘယ်တော့မှ လက်မလျှော့ဘူး” လို့ ပြောလိုက်ပါတယ်။ သရုပ်ဆောင်တဦးဖြစ်တဲ့ ဘရန်နန်တေလာက “ရိုးရိုးသားသားပြောရရင် ဒါကို စဉ်းစားရတာ ကြောက်စရာပဲ။ ထရမ့် သမ္မတဖြစ်လာမှာက အားလုံးအတွက် ကြောက်စရာ” လို့ ဆိုလိုက်သလို တချို့ကလည်း “ထရမ့်ဦးဆောင်ရင် ကမ္ဘာကြီးလည်း လမ်းဆုံးပြီ” လို့ အင်တာနက် လူမှုကွန်ရက် တွစ်တာမှာ ရေးကြပါတယ်။ ယူကျုစတားတယောက်ဖြစ်တဲ့ ကမ်ဒန်စကော့က “ထရမ့်ရဲ့အောင်မြင်မှုက တိုးတက်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်ဆွဲသွားပြီ။ ဒါက ကြောက်စရာပဲ” လို့ မှတ်ချက်ပေးပါတယ်။ ထရမ့်နိုင်ဖို့ နီးကပ်နေတဲ့ အချိန်တုန်းကလည်း နာမည်ကျော်တွေ ဒေါသထွက်ပြီး ထိတ်လန့်တဲ့မှတ်ချက်တွေ တွစ်တာမှာ ရေးကြပါသေးတယ်။ ရွေးကောက်ပွဲ မဲဆွဲစဉ်ကာလတွေမှာ ထရမ့်ရဲ့ အမျိုးသမီးတွေအပေါ် အမုန်းထားတဲ့ မှတ်ချက်တွေ၊ မူဆလင်တွေအပေါ် သဘောထားနဲ့ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတခု ဆောက်ချင်တယ် ဆိုတာတွေကို ပြောဆို မဲဆွယ်ခဲ့တာပါ။ သူ့ကို မဲမထည့်သူတွေက သူတို့ရဲ့ နောင်လာမယ့် သမ္မတဟာ ဒီလူဆိုတဲ့ အမှန်တရားကို တွေ့လိုက်ရပြီး “ကြောက်စရာကြီး” ဆိုတဲ့ စကားလုံးကို အကြီးအကျယ် သုံးနှုန်းပြောဆိုနေကြတာပါ။
6 years Ago
Up