ဒေါ်နယ်ထရမ့် ပညာရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့သူကို လွှတ်တော်တွင် အချေအတင်ဆွေးနွေးပြီး အတည်ပြု

February 8, 2017

ဒေါ်နယ်ထရမ့် ပညာရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့သူကို လွှတ်တော်တွင် အချေအတင်ဆွေးနွေးပြီး အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပညာရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့တဲ့ ဘီလီယံနာသူဋ္ဌေးကတော် ဘတ်စီ ဒီဗားစ် (Betsy DeVos) ကို လွှတ်တော်မှာ အချေအတင်ဆွေးနွေးပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီ အမတ်တွေက အကြိတ်အနယ် ကန့်ကွက်ခဲ့ကြလို့ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား မဲ ၅၀-၅၀ ဖြစ်နေတဲ့အတွက် ဒုတိယသမ္မတ မိုက်ခ်ပန့်စ် (Mike Pence) ရဲ့ တမဲတည်းနဲ့ ကပ်ပြီး ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဝန်ကြီးတဦးကို ခန့်အပ်ဖို့ လွှတ်တော်မှာ မဲမပြတ်တဲ့အတွက် ဒု-သမ္မတရဲ့မဲနဲ့ အဆုံးအဖြတ်ဖြစ်ခဲ့တာ အမေရိကန်နိုင်ငံရေးမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီဗားစ်ကတော့ သူ အခုလို အမေရိကန်ပညာရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရတာ ဝမ်းသာဂုဏ်ယူပြီး သူ့ကို ရွေးချယ်အတည်ပြုရေး လွှတ်တော်ရဲ့ ကြိုးစားအားထုတ်မှုအတွက်လည်း ကျေးဇူးတင်ရှိတယ်လို့ သူအရွေးခံရအပြီး သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အမေရိကန်ကျောင်းသားထုအားလုံးရဲ့ အခွင့်အလမ်းနဲ့ ရလဒ်ကောင်းတွေ လမ်းပွင့်ရေး ကြိုးစားသွားမယ်လို့လည်း ဒီဗားစ်က ပြောဆိုပါတယ်။ သူ့ကို ပညာရေးဝန်ကြီးအဖြစ် အတည်ပြုနိုင်ရေး လွှတ်တော်မှာ ၂၄ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှာမှ အတည်ပြုနိုင်ခဲ့တာပါ။ ဒီဗားစ်တို့မိသားစုဟာ အမေရိကန် ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်တဲ့ Amway ကုမ္ပဏီကို ပိုင်ဆိုင်ကြပြီး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်လောက်ရှိမယ်လို့ သတင်းတွေမှာ ရေးသားကြပါတယ်။
4 years Ago
Up