ဒေါ်နယ်ထရမ့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုအမိန့်ကို ဟာဝိုင်အီပြည်နယ် တရားသူကြီးတဦး ဆိုင်းငံ့

March 16, 2017

ဒေါ်နယ်ထရမ့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုအမိန့်ကို ဟာဝိုင်အီပြည်နယ် တရားသူကြီးတဦး ဆိုင်းငံ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အသစ်ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ ပြည်ဝင်ခွင့်ပိတ်ပင်မိန့် စတင်အသက်ဝင်ဖို့ နာရီပိုင်းအလိုမှာပဲ ဟာဝိုင်အီပြည်နယ်မှ တရားသူကြီးတဦးက မတ်လ ၁၅ ရက်နေ့မှာ ယာယီဆိုင်းငံ့လိုက်ပါတယ်။ ခရိုင်တရားသူကြီး ဒါးရိခ် ဝတ်ဆန် (Derrick Watson) က "အစိုးရကပြောနေတဲ့ အမျိုးသားလုံခြုံရေးအတွက် ဒီအမိန့်ကို ထုတ်ပြန်တယ်ဆိုတာ သံသယဖြစ်စရာရှိတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ တခြားအခွင့်အရေးတွေကို ပိတ်ပင်လို့ အခြေခံဥပဒေချိုးဖောက်မှု မြောက်နိုင်တယ်" လို့ ပြောဆိုတာပါ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမအမိန့်တုန်းကတော့ မွတ်စလင်အများစုနိုင်ငံ ၇ နိုင်ငံက လာရောက်သူတွေကို ပိတ်ပင်ခဲ့ပေမယ့် အမိန့်သစ်မှာတော့ အီရတ်နိုင်ငံကို ပြန်ပယ်ဖျက်ပေးခဲ့ပါတယ်။ သမ္မတရဲ့ ပိတ်ပင်မိန့်အရ ဒီနိုင်ငံတွေက လာရောက်သူတွေဟာ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ရတဲ့တိုင် ရက်ပေါင်း ၉၀ ဆိုင်းငံ့ခံရမှာဖြစ်ပြီး ဒုက္ခသည်တွေကိုတော့ ရက်ပေါင်း ၁၂၀ ဝင်ခွင့်မပြုသေးဘဲ ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ ဒီအမိန့်ဟာ အမေရိကန်ပြည်ထောင်စုထဲ အကြမ်းဖက်တွေ မဝင်ရောက်နိုင်အောင် ဟန့်တားတာလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပေမယ့် ဆန့်ကျင်ကန့်ကွက်သူတွေကတော့ ဒါဟာ မွတ်စလင်တွေကို ပိတ်ပင်မှု၊ ခွဲခြားဆက်ဆံမှုလို့ ဝေဖန်ကြတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်း ပထမပြဋ္ဌာန်းခဲ့တုန်းကလည်း ဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ဆီယက်တဲလ်မြို့မှ တရားသူကြီးက သမ္မတအမိန့်ကို ဆိုင်းငံ့ခဲ့ပါသေးတယ်။ အခု ဟာဝိုင်အီပြည်နယ်တရားသူကြီးရဲ့ ဆိုင်းငံ့မှုဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို လျော့ရဲစေတယ်။ သူ့ဘက်ကလည်း အတတ်နိုင်ဆုံး ဆက်ပြီး ပိတ်ပင်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
5 years Ago
Up