ဒေါ်နယ်ထရမ့်၏ စည်းရုံးလှုံ့ဆော်ရေး မန်နေဂျာဟောင်းကို လိင်စော်ကားမှုဖြင့် တရားစွဲ

December 28, 2017

ဒေါ်နယ်ထရမ့်၏ စည်းရုံးလှုံ့ဆော်ရေး မန်နေဂျာဟောင်းကို လိင်စော်ကားမှုဖြင့် တရားစွဲ

အမေရိကန်အဆိုတော် ဂျွိုင်းဗစ်လာက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းရုံးလှုံ့ဆော်ရေး မန်နေဂျာဟောင်း ကိုရီလီဝန်ဒေါင်စကီကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ပွဲအတွင်း သူမရဲ့ခန္ဓာကိုယ် အနောက်ပိုင်းကို လီဝန်ဒေါင်စကီက ၂ ကြိမ် ကိုင်တွယ်ခဲ့တာလို့ ဂျွိုင်းဗစ်လာက ပြောပါတယ်။ သူမ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်နဲ့ ခရစ္စမတ်ပွဲတော်နေ့မှာ တရားဝင်အမှုဖွင့်ဖို့ ရဲတွေကို အကြောင်းကြားခဲ့တာလို့ အမေရိကန် သတင်းဌာနတွေကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းဌာနတွေရဲ့ မေးမြန်းချက်ကိုတော့ လီဝန်ဒေါင်စကီက အကြောင်းမပြန်ခဲ့ပါဘူး။ အခုစွပ်စွဲမှုက ပြီးခဲ့တဲ့နှစ်အတွင်း ကုမ္ပဏီတွေ၊ နိုင်ငံရေးသမားတွေ၊ နာမည်ကျော်တွေနဲ့ ဆက်စပ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲမှုတွေထဲမှာ နောက်ဆုံးစွပ်စွဲမှုပါ။ ဂျွိုင်းဗစ်လာက “ဒီကိစ္စကို ရှေ့ဆက်လုပ်ဖို့ ကျမ အစပိုင်းမှာ ကြောက်နေခဲ့တယ်” လို့ အေပီသတင်းဌာနကို ပြောခဲ့ပြီး လီဝန်ဒေါင်စကီ မိသားစုကိုလည်း အရှက်မရစေချင်ဘူးလို့ ပြောပါတယ်။ လီဝန်ဒေါင်စကီက သူမရဲ့တင်ပါးကို လာကိုင်ချိန် သူမက ဒီလိုမလုပ်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ သတင်းထဲထည့်မယ်လို့ ပြောခဲ့ကြောင်း၊ ဒါပေမယ့် သူက ဒီလိုစော်ကားမှုကို ထပ်လုပ်ခဲ့ကြောင်း ဗစ်လာက ပြောပါတယ်။ ဒီလို လာထိကိုင်တာဟာ ထိတ်လန့်ကြောင့်ရွံ့စရာကောင်းပြီး ကိုယ့်ကိုယ်ကိုယ် သိက္ခာကျတယ်လို့ ခံစားရကြောင်းလည်း သူမက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းတုန်းကလည်း ထရမ့်ရဲ့ စည်းရုံးလှုံ့ဆော်တဲ့ ခရီးစဉ်တခုမှာ အမျိုးသမီးသတင်းထောက်တဦးကို ဆွဲထုတ်ခဲ့လို့ တရားစွဲခံခဲ့ရပေမယ့် နောက်ပိုင်းမှာ တရားစွဲမှုကို ရုပ်သိမ်းလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up