အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်သမားတွေဟာ “ညစ်ညမ်းတဲ့ကြွက်သူခိုး” တွေဖြစ်တယ်လို့ သမ္မတသစ် ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြို့တော် ဝါရှင်တန်ဒီစီရှိ ဖောက်စ်သတင်းဌာနနဲ့ပြုလုပ်တဲ့ မေးမြန်းခန်းတခုမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“လမ်းဆုံလမ်းထောင့်တိုင်းမှာ ကျနော်တို့အတွက် ယူနီဖောင်းမဝတ်ထားတဲ့ မကောင်းဆိုးဝါးတွေ ရှိနေပါတယ်။ သူတို့က ယူနီဖောင်းမဝတ်ထားတဲ့အတွက် ကျနော်တို့ ရှင်းလင်းရတာ အတော်ခက်ပါတယ်။ သူတို့ဟာ ခိုးကြောင်ခိုးဝှက်လုပ်လေ့ရှိတဲ့ ညစ်ပတ်တဲ့ ကြွက်စုတ်တွေဖြစ်ပါတယ်။ သူတို့ဟာ ဈေးဝယ်စင်တာတွေမှာ၊ ဘုရားကျောင်းတွေမှာ လူတွေကို ဗုံးခွဲသတ်ဖြတ်တယ်။ သူတို့ဟာ လူဆိုးတွေပါ။ တကယ်လို့ ခင်ဗျား ဂျာမနီနဲ့တိုက်မယ်၊ ဂျပန်နဲ့တိုက်မယ်ဆိုရင် သူတို့မှာ ယူနီဖောင်းရှိတယ်၊ သူတို့ရဲ့လေယာဉ်တွေမှာ တရားဝင်အလံတွေရှိတယ်။ အခုချိန်မှာတော့ ကျနော်တို့ဟာ ခိုးကြောင်ခိုးဝှက်နိုင်တဲ့ စိတ်ပျက်စရာကောင်းတဲ့ ကြွက်စုတ်တွေကို တိုက်နေရတယ်။ ဒါပေမယ့် ကျနော်တို့နိုင်မှာပါ” လို့ သမ္မတ ထရမ့်က ပြောကြားသွားပါတယ်။
ဒီနောက် ဆက်ပြီး ဗဟိုတရားရုံးချုပ် အကြီးအကဲရာထူးအတွက် လူရွေးပြီးပြီလားဆိုတဲ့ အမေးကိုလည်း သူရွေးချယ်ပြီးပြီဖြစ်ကြောင်း၊ နောက်ဆုံးမိနစ်အထိ အပြောင်းအလဲတွေ ဖြစ်နိုင်ပေမယ့် မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်လာမယ့်အကြောင်း သမ္မတသစ် ထရမ့်က ဖောက်စ် သတင်းဌာနကို ပြောကြားသွားပါတယ်။
4 years Ago