ဒေါ်နယ်ထရမ့်အတွက်

December 10, 2016

ဒေါ်နယ်ထရမ့်အတွက် လေယာဉ်တစီးတည်ဆောက်ပေးရန် ယူကရိန်းကုမ္ပဏီကမ်းလှမ်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်တည်ဆောက်တဲ့ ယူကရိန်း အစိုးရပိုင် အန်တိုနော့ဗ် လုပ်ငန်း ကြီးက အမေရိကန် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်နယ်ထရမ့်အတွက် လေယာဉ်တစီး တည်ဆောက်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ထရမ့်က သူစီးဖို့ အဲဖို့စ်ဝမ်း လေယာဉ်အသစ်အတွက် ဘိုးရင်း ကုမ္ပဏီရဲ့ အမှာစာကို ဖျက်သင့်တယ်လို့ ပြောအပြီး ခုလိုကမ်းလှမ်းလိုက်တာပါ။ အန်တိုနော့ဗ်ကို စဉ်းစားတာ ပိုကောင်းနိုင်တယ်လို့ အန်တိုနော့ဗ်က ထရမ့်ဆီ တိုက်ရိုက် ရည်ညွှန်းပြီး တွစ်တာ လူမှုကွန်ရက်ပေါ်ကတဆင့် ဒီဇင်ဘာ ၇ ရက်နေ့က ကမ်းလှမ်းလိုက်တာ ဖြစ်ပေမယ့် ဒေါ်နယ်ထရမ့်ဆီက တုံ့ပြန်မှုတော့ မရှိသေးပါဘူး။ ဘိုးရင်း ကုမ္ပဏီက ဆောက်မယ့် အဲဖို့စ်ဝမ်း လေယာဉ်အတွက် ကုန်ကျစရိတ်က တိုးလာတယ်လို့ စွပ်စွဲပြီး ထရမ့်က ဝေဖန်ချက်ကို တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့တာပါ။ “ကုန်ကျစရိတ်က ဒေါ်လာ ၄ ဘီလီယံ ကျော်နေတယ်၊ အမှာစာကို ဖျက်သိမ်းလိုက်” လို့ ဒေါ်နယ်ထရမ့်က ရေးခဲ့ပါတယ်။ အန်တိုနော့ဗ်ရဲ့ ကမ်းလှမ်းချက်က ဟာသ ပြက်လုံး ဖြစ်ပုံရပေမယ့် တကယ်လို့ အမေရိကန်က ဖြစ်စေ၊ တခြားနေရာက ဖြစ်စေ အမှာစာသစ်တွေ ရခဲ့ရင် ဒါဟာ သူ့အတွက် အခွင့်အလမ်းကောင်း တိုးစေမှာပါ။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ထိပ်တန်း လေယာဉ် ထုတ်လုပ်ငန်းဟာ ယူကရိန်း လွတ်လပ်ရေး ရအပြီး ၁၉၉၁ ကနေ ခုထိ လေယာဉ် အစီး ၂၀ သာ ထုတ်လုပ်ခဲ့ပါသေးတယ်။ အန်တိုနော့ဗ်ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်တွေ ထုတ်ရာမှာ နာမည်ကျော်ပြီး သူ့လေယာဉ်ဟာ ကီလိုမီတာ ၄ သောင်း အကွာကို တန်ချိန် ၂၅၀ တင်ဆောင် ပျံသန်းနိုင်ပါတယ်။ အခုတော့ အန်တိုနော့ဗ်ဟာ တရုတ်လေကြောင်း အာကာသ လုပ်ငန်း ကော်ပိုရေးရှင်း (AICC) ထဲမှာ ရင်းနှီးမြှုပ်နှံသူ နေရာကို ရထားပါတယ်။
5 years Ago
Up