ဒေါ်နယ်ထရမ့်က သားမက်ဖြစ်သူကို အိမ်ဖြူတော် အကြီးတန်းအကြံပေးရာထူးအတွက် အဆိုပြု

January 10, 2017

ဒေါ်နယ်ထရမ့်က သားမက်ဖြစ်သူကို အိမ်ဖြူတော် အကြီးတန်းအကြံပေးရာထူးအတွက် အဆိုပြု

အမေရိကန်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ဟာ သားမက်ဖြစ်တဲ့ ဂျာရက်ဒ် ကွတ်ရှ်နာကို အိမ်ဖြူတော် အကြီးတန်း အကြံပေးရာထူး ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ကွတ်ရှ်နာဟာ ထရမ့်ရဲ့ သမီးတဦးဖြစ်တဲ့ အိုင်ဗန်ကာထရမ့်နဲ့ လက်ထပ်ခဲ့ပြီး သမ္မတရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူလို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိကာလဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ ဆွေမျိုးတစု ဒါမှမဟုတ် လူတစုတည်းကပဲ ချုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် မျှတစွာ ရှုမြင်နိုင်စေဖို့ ချမှတ်ထားတဲ့ Nepotism Law အရ ပြန်လည်သုံးသပ်ကြဖို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ ထရမ့်ဟာ အစောပိုင်းကာလတုန်းကလည်း သူ့ရဲ့သားမက်ဖြစ်သူဟာ အင်အားကြီးတဲ့ ရပိုင်ခွင့်တခုလို့ ကြွေးကြော်ပြောဆိုထားခဲ့ကာ စီမံခန့်ခွဲရေးဆိုင်ရာ ခေါင်းဆောင်ပိုင်းရာထူး ပေးအပ်ထားခဲ့ရလို့ ဂုဏ်ယူတယ်လို့ ပြောခဲ့ဖူးပါတယ်။ နယူးယောက်စီးပွားရေးသမားတဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် တာဝန်ယူရတော့မှာပါ။ ကွတ်ရှ်နာရဲ့ ရှေ့နေကတော့ တကယ်လို့များ သူဟာ အိမ်ဖြူတော်ရာထူးကို ယူမယ်ဆိုရင် မိသားစုအိမ်ခြံမြေလုပ်ငန်းစုကနေ နုတ်ထွက်ရလိမ့်မယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ကွတ်ရှ်နာကို ထရမ့်ရဲ့ တွေ့ဆုံပွဲတွေမှာ တပူးတွဲတွဲ တွေ့နေရတာပါ။ ကျင့်ဝတ်ဆိုင်ရာ ဥပဒေတွေက ဘယ်လိုပဲ ကန့်သတ်ထိန်းချုပ်ထားပါစေ၊ ထရမ့်ရဲ့ အစိုးရအဖွဲ့အနေနဲ့ကတော့ ကွတ်ရှ်နာကို အိမ်ဖြူတော် အကြံပေးအရာရှိအဖြစ် မခန့်အပ်ဘူးဆိုရင်တောင် အစိုးရအေဂျင်စီတခုအနေနဲ့ လစာမယူဘဲ အိမ်ဖြူတော်မှာ အလုပ်လုပ်ကောင်းလုပ်နိုင်တယ်လို့ သတင်းတချို့မှာ ရေးသားဖော်ပြကြပါတယ်။
5 years Ago
Up