ဒေါ်နယ်ထရမ့်ကိုသတ်မည်ဟု ခြိမ်းခြောက်သည့် အိုင်အက်စ်တိုက်ခိုက်ရေးသမားရုပ်သံ ထွက်ပေါ်

August 3, 2017

ဒေါ်နယ်ထရမ့်ကိုသတ်မည်ဟု ခြိမ်းခြောက်သည့် အိုင်အက်စ်တိုက်ခိုက်ရေးသမားရုပ်သံ ထွက်ပေါ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သူ့ရဲ့နေအိမ်မှာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက်သမားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ အိုင်အက်စ်အကြမ်းဖက်သမားရဲ့ လေယူလေသိမ်းဟာ အင်္ဂလိပ်လူမျိုးတဦးအတိုင်း ဖြစ်နေခဲ့တယ်လို့ မေရာသတင်းမှာ သြဂုတ် ၁ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ ထရမ့်ကို အသက်အန္တရာယ်ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကာ အရှေ့အလယ်ပိုင်းဒေသမှာ တပ်စွဲထားတဲ့ အမေရိကန် ကျောထောက်နောက်ခံ တပ်တွေကိုလည်း တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ ပြောလိုက်တာပါ။ အိုင်အက်စ် အကြမ်းဖက်သမားလူငယ်ဟာ ဓားတလက်ကို ဝှေ့ယမ်းပြီး အတိအကျမသိတဲ့ နေရာတခုရဲ့ ပြတင်းပေါက်တခုကနေ အပြင်ကို ချိန်ရွယ်ထားတဲ့ စက်သေနတ်တလက်အနီးမှာ ရှိနေခဲ့တာပါ။ ထိတ်လန့်ဖွယ် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ ကင်မရာဘက်ကို တည့်တည့်ကြည့်ပြီး လက်တဘက်က ဓားကို ဆုပ်ကိုင်ထားကာ လက်ညှိုးထိုး ဒေါသတကြီး ပြောဆိုနေခဲ့တာကို တွေ့ရပါတယ်။ “ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို ပေးချင်တဲ့ မက်ဆေ့ခ်ျပဲ။ ခင်ဗျားက ရာကွာနဲ့ မိုဆူးလ်ကို အာရုံစိုက်ထားတယ်။ ကျနော်တို့ကလည်း အစ္စတန်ဘူလ်နဲ့ ရောမကို ပစ်မှတ်ထားသွားမှာပဲ။ ခင်ဗျားကို ခင်ဗျားရဲ့အိမ်မှာ ကျနော်တို့ သုတ်သင်သွားမယ်။” ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက အိုင်အက်စ် အကြမ်းဖက်သမားတွေက တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ ရာကွာမြို့မှာ မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။
4 years Ago
Up