ဒေါ်စန္ဒာမင်း

November 21, 2018

ရန်ကုန်ရှိ စက်မှုဇုန်ဟောင်းများ အဆင့်မြှင့်တင်ရန် သမ္မတညွှန်ကြား

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုန်အဟောင်းတွေကို အဆင့်မြှင့်တင်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီကနေ မှော်ဘီမြို့နယ်မှာရှိတဲ့ မြောင်းတကာစက်မှုဇုန် ကော်မတီတွေ၊ စက်ရုံလုပ်ငန်းရှင်တွေနဲ့ နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး ဒေါ်စန္ဒာမင်းက အခုလို ပြောဆိုခဲ့တာပါ။ "ကွင်းဆင်းရတဲ့ အကြောင်းအရင်းကတော့ ကျမတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို သမ္မတကြီး ဦးဝင်းမြင့် လာတဲ့အခါမှာ သမ္မတကြီးရဲ့ လမ်းညွှန်ချက်တွေ ရှိပါတယ်။ စက်မှုဇုန် အဟောင်းတွေကိုလည်း အဆင့်မြှင့်တင်ပေးရမယ်လို့ ကျမတို့ကို လမ်းညွှန်တာရှိပါတယ်" လို့ မြောင်းတကာစက်မှုဇုန်က တာဝန်ရှိသူတွေကို ဒေါ်စန္ဒာမင်းက ပြောပါတယ်။ စက်မှုဇုန်အသစ်တွေကို ရန်ကုန်တိုင်းအစိုးရက တည်ဆောက်ဖို့ လုပ်နေတဲ့အပေါ် အဟောင်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့ ဒေါ်စန္ဒာမင်းက ထောက်ပြထားပြီး စက်မှုဇုန်တွေကို လက်ရှိမှာ ရန်ကုန်တိုင်းဝန်ကြီးတွေက တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပေမယ့် ၂ နှစ်ကျော်အတွင်း ကွင်းဆင်းစစ်ဆေးမှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သီလဝါစက်မှုဇုန် အပါအဝင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီကနေ စက်မှုဇုန်ပေါင်း ၁၆ ဇုန်ကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ စက်မှုဇုန်တွေကို စစ်ဆေးတဲ့အခါ စက်မှုဇုန်အဂါင်္ရပ်နဲ့ မညီညွတ်တာ၊ အမှိုက်စွန့်ပစ်မှုနဲ့ လမ်းခင်းထားတာတွေ မရှိတာ၊ ကျူးကျော်ပြဿနာတွေအပြင် ဇုန်ကြေးကောက်ခံရရှိတဲ့အပေါ် စက်မှုဇုန် ဖွံ့ဖြိုးရေး ဆောင်ရွက်နေတာတွေ တွေ့ရှိခဲ့တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
3 years Ago

June 22, 2018

မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်၍ မြေသိမ်းယူမှု ဥပဒေနှင့် ညီ မညီ မေးခွန်းထုတ်

ရန်ကုန်တိုင်းအစိုးရအနေနဲ့ စီမံကိန်းတွေ ပြုလုပ်ဖို့ မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်ပြီး တောင်သူတွေဆီက မြေသိမ်းယူတာဟာ ဥပဒေနဲ့ ညီမညီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ မေးခွန်းထုတ်လိုက်ပါတယ်။ ဇွန် ၂၁ ရက် ရန်ကုန်တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဆိပ်ကြီးခနောင်တိုမြို့နယ် အမတ် ဒေါ်စန္ဒာမင်းက “စီမံကိန်းပြုလုပ်ဖို့အတွက် မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်ပြီး တောင်သူတွေဆီက တိုင်းအစိုးရက မြေသိမ်းယူခြင်းမျိုးကို လွှတ်တော်က လက်မခံကြောင်းနဲ့ မြေသိမ်းယူခြင်းကို မိမိပိုင်မြေ စွန့်လွှတ်လှူဒါန်းပါကြောင်း လက်မှတ်ရေးထိုးခိုင်းတာဟာ ဥပဒေနဲ့ ညီ မညီ သိရှိလိုတယ်” လို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကတော့ စီမံကိန်းအတွက် မြေတွေကို မူလပိုင်ရှင် တောင်သူတွေက သူတို့သဘောဆန္ဒအရ ဝန်ခံကတိပြု လက်မှတ်တွေ ရေးထိုးခဲ့ကြတာလို့ လွှတ်တော်မှာ ဖြေကြားသွားပါတယ်။ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၀၀/ခ)၊ ကုန်းရွာကွင်းရှိ လယ်မြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧကကို ဒေသခံတွေ အကျိုးရှိစေမယ့် စီမံကိန်းအဖြစ် Dry Port စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်စီစဉ် ဆောင်ရွက်နေတာပါ။ အဆိုပါ Dry Port စီမံကိန်း ဆောင်ရွက်မယ့် ဧရိယာအတွင်း ဥယျာဉ်မြေအဖြစ် ပုံစံ (၇) လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ရရှိပြီးသူ တောင်သူ (၅) ဦးရဲ့ မြေဧရိယာ (၂၀၁ ဒသမ ၀၀) ဧကနဲ့ ပုံစံ (၇) မရရှိသေးတဲ့ တောင်သူ (၆) ဦးရဲ့ လယ်မြေဧရိယာ (၄၂ ဒသမ ၆၂) ဧက၊ စုစုပေါင်း တောင်သူ (၁၁) ဦး၊ မြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧက ပါဝင်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။ “Dry Port စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် အဆိုပါမြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧကအတွင်း ပါဝင်တဲ့ တောင်သူ (၁၁) ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တောင်သူတွေအနေဖြင့် ၎င်းတို့ပိုင်ဆိုင်ထားတဲ့ မြေတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ရာမှာ မြို့ပြအဖြစ် ရရှိမည်ဖြစ်လို့ ၎င်းတို့အတွက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း သဘောပေါက်နားလည်ပြီး မြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧကမှာ လယ်မြေအား အခြားနည်းအသုံးပြုခွင့်ရရှိဖို့ ဆောင်ရွက်ပေးပြီး စီမံကိန်းမြေအဖြစ် အသုံးပြုဖို့ (၈၀ ရာခိုင်နှုန်း) ကိုလည်းကောင်း၊ လက်ရှိပိုင်ဆိုင်သူတွေက လယ်မြေအား အခြားနည်းအသုံးပြုခွင့်ရပြီး မြို့မြေအဖြစ် ၂၀ ရာခိုင်နှုန်း ပြန်လည်ရယူဖို့ သဘောတူညီမှု ရရှိခဲ့လို့ မူလပိုင်ရှင် တောင်သူတွေက ၎င်းတို့ရဲ့ သဘောဆန္ဒနဲ့ ဝန်ခံကတိပြု လက်မှတ်တွေ ရေးထိုးခဲ့ကြခြင်းဖြစ်တယ်” လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။ မြန်မာပြည်တွင်း ကုန်းတွင်းဆိပ်ကမ်း (Dry Port) စီမံကိန်းကို ၂၀၁၂ ခုနှစ်အတွင်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာ ကုန်သွယ်မှု အဓိကကျတဲ့ နေရာ ၈ နေရာကို ရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။ Dry Port စီမံကိန်း တည်ဆောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးမှာ အုပ်စု A အဖြစ် Resources Group Logistics ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်ပြီး အုပ်စု B အနေနဲ့ Kerry Logistics ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး ကုမ္ပဏီနှစ်ခုပေါင်း  အမေရိကန်ဒေါ်လာ ၈၁ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။
4 years Ago
Up