ဒေါ်စုစုနွေး

December 7, 2015

ဒေါ်စုစုနွေးကို လွန်ခဲ့တဲ့တနှစ်ကျော်က ဆန္ဒပြမှုဖြင့် ပြင်ဦးလွင်ရဲစခန်းက ဖမ်းဆီးတရားစွဲဆို

လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က ဆန္ဒပြမှုနဲ့ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးကို ပြင်ဦးလွင်ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။ ပြင်ဦးလွင်ရှိ ဧဒင်ခန်းမမှာ မနေ့ကပြုလုပ်တဲ့ တောင်သူလယ်သမားအရေး ဆွေးနွေးပွဲအပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေါ်စုစုနွေးရဲ့ခင်ပွန်း ဦးမာကီးက ပြောပါတယ်။ “လွန်ခဲ့တဲ့ တနှစ်ခွဲကျော်က လယ်ယာမြေ သိမ်းခံရတဲ့ တောင်သူလယ်သမားတွေရယ်၊ ကုမ္ပဏီတွေဘက်ကနေပြီးတော့ မတရားသိမ်းတယ်။ မူလလယ်ပိုင်ရှင်တွေကိုလည်း ကြိုးနဲ့တုတ် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေနဲ့အတူ မစုစုနွေးက ဦးဆောင်ပြီး ဆန္ဒပြခဲ့တယ်။ အဲဒီ ဆန္ဒပြခဲ့တဲ့ဥစ္စာကို ပြင်ဦးလွင်ကို ရောက်တုန်းက ဖမ်းဆီးရေးယူတာပေါ့။” တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးကို ပြင်ဦးလွင်ရဲစခန်းက ခွင့်ပြု ချက်မရှိဘဲ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးလိုက်ပြီး ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။ လွန်ခဲ့တဲ့တနှစ်ကျော်က ဆန္ဒပြမှုမှာ ပြင်ဦးလွင်ကို အခေါက်ခေါက် သွားရောက်ခဲ့ပေမယ့် အခု အစိုးရအပြောင်းအလဲရှိမယ့် အချိန်ကျမှ ဖမ်းဆီးတဲ့ပေါ် သံသယဖြစ်မိတယ်လို့လည်း ဦးမာကီးက ပြောပါတယ်။ “တနှစ်ကျော်အတွင်းမှာ မစုစုနွေးက ပြင်ဦးလွင်ကို အခေါက်ခေါက်အခါခါ လာခဲ့တာရှိတယ်။ ဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူး။ အစိုးရလည်း အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတဲ့ အချိန်ကျမှ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ ဥစ္စာကို ဒါ မရိုးသားဘူးလို့ ထင်တယ်။ ဒီအမှုတွေကို နောက်တက်လာမယ့် အစိုးရသစ်လက်ထဲကို အပါမခံဘဲနဲ့ ဒီအစိုးရလက်ထဲမှာပဲ ဒါကျိန်းသေတယ်။ တရားဥပဒေစိုးမိုးမှုမဲ့ခြင်း၊ တရားရုံးတွေမှာ ဘာမှ မျှတမှုမရှိဘဲ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အပြီးပြတ် အတင်းတွန်းပြီး လုပ်နေတဲ့ပုံစံရှိတယ်။ ဆန္ဒပြတဲ့လူတွေကို ဖမ်းတယ်။ ဘာကြောင့် ဆန္ဒပြတယ်ဆိုတဲ့အပေါ်မှာ စုံစမ်းမေးမြန်းခြင်းလည်း မရှိဘူး။ အရေးယူဆောက်ရွက်ခြင်းလည်း မရှိဘူး။ ဆိုတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုမဲ့ခြင်းဟာ တော်တော် အဆုံးစွန်ရောက်တဲ့အထိ ကျဆုံးနေတယ်လို့ ပြောလို့ရတယ်။” ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာလည်း လယ်သမားနဲ့ တပ်အကြား ပဋိပက္ခဖြစ်မယ့် အခြေအနေကို ဒေါ်စုစုနွေးက ကြားဝင်ဖြေရှင်းရာက အစပြုပြီး ဗိုလ်ကြီးဟိန်းဇော်က ပိုင်နက်ကျူးလွန်တယ်ဆိုကာ တရားစွဲဆိုခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ညောင်လေးပင်မြို့ကနေအပြန် ဒေါ်စုစုနွေးကို ခရီးသည်တင်ကားပေါ်ကနေ ခေါ်ဆောင်ဖမ်းဆီးပြီး ပဲခူးထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။ သြဂုတ် ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့ပြီး သူ့ချုပ်ရက်တွေ ထုတ်နုတ်ခံစားစေဆိုတဲ့အတွက် ပြန်လွတ်လာခဲ့ပါတယ်။
6 years Ago

August 17, 2015

ဒေါ်စုစုနွေးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက်ချမှတ်၊ ချုပ်ရက်ဖြင့် ပြန်လွတ်

ပဲခူးတိုင်း အင်းတကော်ရှိ တပ်မတော် ဗိုလ်ကြီးတဦးက လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်စုစုနွေးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့အမှု ပဲခူးမြို့နယ်တရားရုံးမှာ ဒီကနေ့ အပြီးသတ် အမိန့်ချမှတ် လိုက်ပါတယ်။ ဒေါ်စုစုနွေးကို ဒီကနေ့ ပဲခူးမြို့နယ်တရားရုံးမှာပဲ အလုပ်နဲ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်တာဖြစ်ပြီး သူ့ချုပ်ရက်တွေ ထုတ်နုတ်ခံစားစေတဲ့အတွက် ပြန်လွှတ်ပေး လိုက်တယ်လို့ ဒေါ်စုစုနွေးရဲ့ရှေ့နေ ဦးကျော်စွာထွန်းက ပြောပါတယ်။ “အမိန့်က ဘယ်လိုချလဲဆိုတော့ ထောင်ဒဏ်ချလိုက်တယ်။ ၁၅ ရက်။ ၁၅ ရက်ချမှတ်တဲ့အထဲမှာ သူက ချုပ်ရက်က ၂၁ ရက်ရှိတယ်။ ဆိုတော့ သူက ချုပ်ရက်ကို ထုတ်နုတ်ခံစားစေဆိုပြီးတော့ အဲမှာ ချုပ်ရက်နဲ့တင် ပြတ်သွားတယ်ခင်ဗျာ။ အခုပဲ လွတ်လာပါတယ်။” ဒေါ်စုစုနွေးဟာ စတင်ဖမ်းဆီးခံကတည်းက အာမခံမယူတဲ့အတွက် ချုပ်ရက်တွေကို ထုတ်နုတ်ခံ စားခွင့်ပေးတာလို့ လည်း ဦးကျော်စွာထွန်းက ပြောပါတယ်။ ပဲခူးတိုင်း၊ အမှတ် (၁) ခဲယမ်းမီးကျောက်တပ်မှ ဗိုလ်ကြီးဟိန်းဇော်က တရားလိုပြုပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးအပေါ် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့ အမှုကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီကနေ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။ ဒီလို အမိန့်ချမှတ်တဲ့ပေါ်ဒေါ်စုစုနွေးက “ကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဆည်းခံ လယ်သမားတွေဘက်ကနေပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေနဲ့အညီ တွေ့ဆုံဆွေးနွေးရေးအဆင့်ကနေ အောင်မြင်ဖို့ ကျမတို့က ကြိုးစားဆောင်ရွက်တာ။ ဒါကို စစ်တပ်ဖက်ကနေပြီးတော့ ကျမတို့တွေ့ဆုံဆွေးနွေးမှုကို လက်မခံ ဘဲနဲ့ ကျမကို ၄၄၇ နဲ့ ရာဇ၀တ်မှုမြောက်အောင်ပေါ့နော်။ ကျမကို ရဲတွေဘက်ကနေပြီးတော့ သမ္မန်စာထုတ်မပေးဘဲနဲ့ အမှုဆင်ဖမ်းပြီးတော့ တရားရုံးမှာ ရင်ဆိုင်ရတယ်။ တလနီးပါးမှာ ကျမကို အလုပ်နဲ့ထောင်ဒဏ် ၁၅ ရက်ချတယ်ဆိုတာ ဒါကျမတို့ဖက်က လက်ခံနိုင်စရာ အကြောင်းလဲမရှိဘူး။ ကျေနပ်စရာအကြောင်းလည်းမရှိဘူးပေါ့။ အမှန်တရားအတွက်ကို တရားဥပဒေ စိုးမိုးမှုအောက်နေပြီး ဆောင်ရွက်လိုက်တာ မဟုတ်ဘူးလို့ ကျမ ပြောချင်ပါတယ်။”လို့ ပြန်လွတ် လာပြီးနောက် ဒီဗွီဘီကိုပြောပါတယ်။ အင်းတကော်မြို့နယ်၊ (အရင်) ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်၊ (အခု) အမှတ် (၁) လက်နက်ခဲယမ်းမီးကျောက်တပ်က သာယာကုန်းကျေးရွာအုပ်စုဝင်ရွာတွေက လယ်ယာခြံ မြေနဲ့ ဧက ၅၈၀၀ ကျော်ကို ၁၉၉၃ ခုနှစ်မှာ တပ်ပိုင်အဖြစ်သိမ်းပြီး မူလပိုင်ရှင်တွေကို တဧက ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချခဲ့ပါတယ်။ လယ်သမားတွေက သူတို့လယ်မြေသူတို့ ပြန်ရလိုတဲ့ ကြိုးစားမှုမှာ မနှစ်နှစ်လယ်ပိုင်း မှာ လယ်သမားနဲ့ တပ်အကြား ပဋိပက္ခ ဖြစ်မယ့် အခြေအနေကို ဒေါ်စုစုနွေးက ကြားဝင်ဖြေရှင်းရာက အစပြုပြီး ဗိုလ်ကြီးဟိန်းဇော်က ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ညောင်လေးပင်မြို့ကနေအပြန် ဒေါ်စုစုနွေးကို ခရီးသည်တင်ကားပေါ်ကနေ ခေါ်ဆောင်ဖမ်းဆီးတရားစွဲဆိုပြီး ပဲခူးထောင်မှာ ချုပ်နှောင်ထားခဲ့ပြီး အမှုရင်ဆိုင်ရတာ ဖြစ်ပါတယ်။
6 years Ago
Up