ဒေါ်ခင်နှင်းယု

February 11, 2019

“မွှေး”ရနံ့သင်းထုံဆဲပါ ဒေါ်ခင်နှင်းယုရေ (သုတကဖေး)

“ပညာဟာ အာဏာတန်ခိုးကို ဘယ်တော့မှ ဦးမညွှတ်ဘူး” တဲ့။ ဒါ မွှေးဝတ္ထုထဲမှာပါတဲ့  ဇာတ်လိုက် မွှေးက သူ့လင်တော်မောင် ဗိုလ်မှူးကိုကိုနိုင်ကို ပြောတဲ့စကားပါ။ တကယ်တော့ “မွှေး” ဟာ အချစ်ဝတ္ထုတပုဒ်ပါ။ မကျည်းတန်လို့ခေါ်တဲ့ “မွှေး” နဲ့ အတွတ်၊ ဖရက်ဒီ၊ မောင်မောင်နိုင်တို့ရဲ့ အချစ်အကြောင်းတွေကို ဖွဲ့နွဲ့ထားတာ။ ဝတ္ထုထုတ်ဝေချိန်က ၁၉၅၉ ခုနှစ် စစ်တပ်က အိမ်စောင့်အစိုးရဆိုပြီး နိုင်ငံတော်အာဏာ ယူထားချိန်ပါ။ အဲ့ဒီမှာ မွှေးက သူဖတ်ထားတဲ့ “အေဂျင်ရှန်ကော” ဝတ္ထုထဲက ပညာရှိဇာတ်ကောင် ဆီနူးက အီဂျစ်ဧကရာဇ်ဘုရင်ကို ပြန်ပြောတဲ့စကားကို ဗိုလ်မှူးကိုကိုနိုင်ကို ပြန်လည်ဖောက်သည်ချ ပြောပြတဲ့စကားပါ။ ဆရာမကြီး ဒေါ်ခင်နှင်းယုဟာ နိုင်ငံအတွက် လိုအပ်ရင် လိုအပ်သလို ဝတ္ထုထဲကနေ ဖော်ထုတ်ရေးဖွဲ့လေ့ရှိတာကြောင့် အချိန်ကာလနဲ့ ဆက်စပ်ပြောမှ ပြည့်စုံမယ်ထင်ပါတယ်။ ဒီအကြောင်းတွေ မပြောမီ ပထမဆုံး ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ ဘဝတစိတ်တပိုင်း ကြည့်ရအောင်။ နာမည်ရင်းက မခင်စုတဲ့။ သူ့ကို အစိုးရကျောင်းဆရာ ဦးဘနဲ့ ဒေါ်သိန်းတင်တို့က ၁၉၂၅ ခုနှစ် ဝါးခယ်မမှာ မွေးခဲ့တာ။ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ညီမဝမ်းကွဲပေါ့။ ကျောင်းသူဘဝတည်းက နိုင်ငံရေးနဲ့ ဆက်စပ်ခဲ့သူ။ ၁၉၃၈ ခု ပညာသင်နှစ်မှာ ဝါးခယ်မကျောင်းသားသမဂ္ဂ အမှုဆောင် (ကျောင်းသားရေးရာ)။ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်အဖြစ် စတင်လှုပ်ရှားခဲ့သူပါ။ ဂျပန်ခေတ်ရောက်တော့လည်း အာရှလူငယ်အစည်းအရုံး (အမျိုးသမီးရေးရာ၊ အတွင်းရေးမှူး) လုပ်ခဲ့တယ်။ ၁၉၄၃ ခုနှစ်ပေါ့။ ဂျပန်ခေတ်ကုန်လို့ ဖဆပလ တရားဝင် မြေပေါ်ရောက်လာတဲ့နောက် ၁၉၄၆ ထဲမှာ ဖဆပလရဲ့ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် ၁၉၄၇ ခုနှစ်ထဲ ဖဆပလသတင်းစဉ် ထုတ်ဝေတော့လည်း သတင်းစဉ်တာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့တယ်။ ၁၉၄၆ ထဲမှာပဲ ဖဆပလသတင်းစဉ်မှာ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးကို စတင်ရေးခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက် ဦးနု ဝန်ကြီးချုပ်ကာလ ၁၉၄၈ ကစပြီး ဦးနုရဲ့ အတွင်းရေးအတွင်းဝန်အဖြစ် လုပ်ဆောင်ခဲ့ရပြန်ပါတယ်။ ဒါတွေက ဒေါ်ခင်နှင်းယုရဲ့ နိုင်ငံတော်အရေး လက်တွေ့ပါဝင်လုပ်ဆောင်ခဲ့မှုတွေပါ။ ဒါပေမယ့် သူဟာ သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ ဘယ်တုန်းကမှ မခံယူခဲ့ပါဘူး။ စာရေးဆရာအဖြစ်ပဲ ခံယူလိုဟန် ရှိပါတယ်။ သူပြောပြတာက… “နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ မစုကို အထင်မလွဲစေချင်ဘူး။ မစု နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ တခုတော့ရှိတယ်။ မစုမှာ နိုင်ငံရေးရာဇဝင်တော့ ရှိခဲ့ပါတယ်။ ဒါကလည်း ဟိုအချိန်တုန်းက အမျိုးသားလွတ်လပ်ရေးက အရေးကြီးလို့ ၁၉၄၆ မှာ ဖဆပလဌာနချုပ် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး လုပ်ခဲ့တယ်” လို့ ပြောပြခဲ့ဖူးတယ်။ လွတ်လပ်ရေးရပြီးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့တာပါ။ ဒါတောင် တက္ကသိုလ်ကို ဆက်မတက်နိုင်သေးဘဲ ဝန်ကြီးချုပ်ရဲ့ အတွင်းရေး အတွင်းဝန်အဖြစ် အဲဒီနှစ်မှာ စတင်လုပ်ဆောင်ခဲ့ရပြန်ပါတယ်။ ၁၉၄၈ ခုနှစ် သြဂုတ်လထဲမှာ စတင်လုပ်ဆောင်ခဲ့ရတာ။ ၁၉၅၈ ဦးနု ဝန်ကြီးချုပ်အဖြစ်ကနေ အနားယူချိန်ရောက်မှ အတွင်းရေး အတွင်းဝန်ကနေ အနားယူပြီး ရန်ကုန်တက္ကသိုလ်ကို တက်ခဲ့ရတာ။ သူဘယ်လောက်ပဲ နိုင်ငံရေးကို မရေးဘူးဆိုပေမယ့် ရှောင်လွှဲလို့ ရခဲ့ဟန်မတူပါဘူး။ ဒါကြောင့်လည်း ဖဆပလ ဝါဒဖြန့်ချိရေးကို မရေးတော့ပေမယ့် ပြုပြင်ပြောင်းလဲရေးကိုတော့ ရေးသားနေဆဲပါ။ အဲ့ဒီအချိန်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဦးနုက ချေနှစ်ချေ (သင်ပုန်းချေရေးနဲ့ လက်စားချေရေး) မူကို အထောက်အကူဖြစ်စေမယ့် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့ပါသေးတယ်။ သူ့ရဲ့ “ပန်းများကိုပွင့်စေသူ” ဝတ္ထုဟာ လက်စားချေတာ၊ ရန်ငြိုးထားတာဟာ မှန်ကန်ခြင်းမဟုတ်ကြောင်းကို အခြေပြု ရေးခဲ့တာပါ။ ဒီလိုပဲ ၁၉၆၀ ရွေးကောက်ပွဲပြီးတော့ ဦးနု အနိုင်ရခဲ့တယ်။ အဲ့ဒီအချိန်မှာလည်း ဦးနု အကူအညီတောင်းတာနဲ့ “အောင်မြင်သူ” ဝတ္ထုကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ဦးနုက “ကိုကိုကြီးအနေနဲ့ ကိုကိုကြီးရဲ့ နိုင်ငံရေးအလုပ်တွေမှာ မိစုကလောင်ရဲ့ အကူအညီကို ဘယ်တုန်းကမှ မယူခဲ့ပါဘူး။ အခုတခါမှာတော့ ကိုကိုကြီးကို မိစု ကူညီစေချင်တယ်။ အခု တိုင်းပြည်အခြေအနေဟာ လက်ရှိအတိုင်းသွားနေရင် တယောက်နဲ့တယောက် လက်စားချေနေကြတာနဲ့ သွေးချောင်းစီးတော့မယ်။ ဒီအဖြစ်မျိုး တိုင်းပြည်ကို မရောက်စေချင်ဘူး။ ဒီတော့ တယောက်နဲ့တယောက် လက်စားမချေဘဲ၊ ခွင့်လွှတ်နိုင်အောင် ဝတ္ထုတပုဒ် ရေးစေချင်တယ်။ ဒီဝတ္ထုဟာ ကိုကိုကြီးအတွက် မဟုတ်ပါဘူး။ တိုင်းပြည်အတွက်ပါ။” လို့ ပြောတာနဲ့ အောင်မြင်သူဝတ္ထုကို ရေးဖြစ်ကြောင်း ပြောပြခဲ့ဖူးတယ်။ ဒါ့အပြင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဦးနုတို့ ထိုင်းနယ်စပ်မှာ ပြည်ချစ်ပါတီ (ပီဒီပီ) ထောင်ပြီး တော်လှန်ခြားနားဖို့ လုပ်ဆောင်စဉ်ကလည်း သူ စာတွေရေးပြီး ပံ့ပိုးခဲ့တာတွေ ရှိတယ်။ ဦးနုတို့ရဲ့ ပီဒီပီရှိရာဆီကို သမိုင်းတလျှောက်လုံး ဗိုလ်နေဝင်းရဲ့ လက်မရွံ့ဂိုဏ်းသား နာမည်ကြီး စာရေးဆရာတယောက် ရောက်ရှိသွားချိန်မှာ သတင်းစာကနေ “ကိုကိုရေ သောနုတ္ထိုရ် လာပြီ။သတိထား။” ဆိုပြီး စာတွေရေးလို့ သတိပေးခဲ့သေးတယ်။ ၁၉၇၂ မှာတော့ ကျမရဲ့ချစ်သူ ဝတ္ထုကို ရေးသားထုတ်ဝေခဲ့ပေမယ့် မဆလအစိုးရရဲ့ စာပေစိစစ်ရေးကင်ပေတိုင်ရဲ့ ပိတ်ပင်တားဆီးခြင်းကို ခံခဲ့ရတယ်။ ဆရာမကြီးဟာ အမျိုးသားစာပေဆုကိုလည်း ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ အခြား ရွှေတံဆိပ်ဆု၊ ရှုမဝဆုတွေလည်း ရခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် “မွှေး” ပြောခဲ့သလို ပညာဟာ အာဏာတန်ခိုးကို ဘယ်တော့မှ ဦးမညွှတ်ဘူးဆိုတဲ့ အတိုင်းပဲ မြန်မာနိုင်ငံက ပညာရှင်အများစုဟာ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာပရိသတ်ကြားမှာတော့ ဆရာမကြီး ပြောတဲ့အတိုင်း ဖြစ်လာတာပဲလို့ ပြောခဲ့ကြသေးတယ်။ နိုင်ငံရေးသမားအဖြစ် မခံယူလိုပေမယ့် နိုင်ငံရေးရာဇဝင်ကြီးခဲ့တဲ့ ဆရာမကြီး ဒေါ်ခင်နှင်းယုဟာ ၂၀၀၃ နှစ်ထဲမှာတော့ သူ့စာဖတ်ပရိသတ်ကို အပြီးပိုင် နှုတ်ဆက်လို့ သွားခဲ့ပါပြီ။ ဆရာမကြီးရဲ့ မြန်မာနိုင်ငံရေးနဲ့ လူမှုရေးဘဝကို ထင်ဟပ်တဲ့ ဝတ္ထုတွေကတော့ ဒီနေ့အထိ မက်မက်စက်စက် ဖက်တွယ်ဖတ်ရှုနေကြဆဲပါ။ စာဖတ်ပရိသတ်ကတော့ သူ့ဇာတ်ကောင် “မွှေး” ဆိုတာ ခင်နှင်းယုကိုယ်တိုင် ဖြစ်တယ်လို့ ထင်မြင်နေကြဆဲပါ။ ဘာပဲဖြစ်ဖြစ်….. “မိုးဖြိုင်ဖြိုင်ရွာသွန်းလာခဲ့တဲ့ အခုလိုရာသီ ရောက်တာနဲ့ “အတွတ်” နဲ့ “မွှေး” တို့ အတူတကွ မွေးဖွားလာခဲ့တဲ့ ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်ထဲက စပါးစေ့လေးတွေလည်း အိပ်ပျော်ရာက နိုးထလာကြပေတော့မယ်” မွှေးရေ။ ကျနော်တို့ရင်ထဲမှာတော့ မွှေးရဲ့ သင်းရနံ့တွေနဲ့ မွှန်းထုံနေဆဲပါ။ မတတ်သာလို့ ခွဲခွာနေကြရတဲ့ အတွတ်နဲ့ မွှေးတို့လည်း သံသရာစက်ဝန်းရဲ့ ဆုံမှတ်ကို ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်မိပါရဲ့။ ဆရာမကြီး ကောင်းရာဘဝ ရောက်ရှိပါစေသော်ဝ်….။
2 years Ago
Up