ဒေးဗစ်ဘက်ခမ်းသားငယ်၏ တေးသီချင်းအယ်လ်ဘမ် ထွက်ရှိ

December 8, 2016

ဒေးဗစ်ဘက်ခမ်းသားငယ်၏ တေးသီချင်းအယ်လ်ဘမ် ထွက်ရှိ (ရုပ်သံ)

အသက် ၁၁ နှစ်အရွယ်သာရှိသေးတဲ့ ကလေးတယောက်အတွက် ပေါ့ပ်ဂီတကမ္ဘာထဲကို ၀င်ရောက်ဖို့ စောကောင်းစောနိုင်ပေမယ့် ခရုဇ်ဘက်ခမ်းကတော့ ဒါကို ငြင်းဆန်လိုက်ပါပြီ။ “If Every Day Was Christmas” လို့ အမည်ရတဲ့ သူ့ရဲ့ ပထမဆုံး စင်ဂယ်လ်သီချင်းတပုဒ်ကို ဒီကနေ့မှာ စတင်ဖြန့်ချိလိုက်တာဖြစ်တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ ခရုဇ်ဟာ နာမည်ကျော် ဘောလုံးသမားဟောင်းတဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ဖက်ရှင်ဒီဇိုင်နာတဖြစ်လည်း ပေါ့ပ်အဆိုကျော်တဦးဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ အငယ်ဆုံးသားတဦး ဖြစ်ပါတယ်။ အသက် ၁၁ နှစ်အရွယ်မှာ ခုလို ထုတ်လွှင့်လိုက်တာဟာ မိခင်ဖြစ်သူရဲ့ ကျော်ကြားမှုစံချိန်ကို ချိုးပြလိုက်သလိုပါပဲ။ သူ့အသက် ၃ နှစ်သားအရွယ် လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ မယ်ဒီဆန်စကွဲဥယျာဉ်မှာ စပိုက်စ်ဂဲလ် အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ ဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့တာပါ။ ခုချိန်မှာတော့ ခရုဇ်ဟာ အောင်မြင်ထွန်းတောက်လာတော့မယ့် ဂီတကြယ်တပွင့် ဖြစ်လာတော့မှာပါ။ သူ့ရဲ့ အစ်ကိုကြီးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဘရွတ်ခ်ကလင်းကတော့ ဓာတ်ပုံဆရာတယောက် ဖြစ်ချင်ခဲ့ပြီး အစ်ကိုလတ် ရိုမီယိုကတော့ လွန်ခဲ့တဲ့ ၄ နှစ်၊ သူ့အသက် ၁၀ နှစ်အရွယ်မှာကတည်းက နာမည်ကျော်အမှတ်တံဆိပ်တခုဖြစ်တဲ့ Burberry ရဲ့ မော်ဒယ်တဦး ဖြစ်နေခဲ့ပါပြီ။ တချို့ကတော့ ခုလို သီချင်းထုတ်လွှင့်ခဲ့မှုအပေါ် ဝေဖန်မှုတွေ ရှိနေခဲ့တာဖြစ်ပြီး အသက် ၁၁ နှစ်အရွယ်ဟာ ကျောင်းစာသင်ခန်းထဲမှာ ရှိနေရမယ့်အရွယ်ဖြစ်တယ်လို့ ပြောနေကြတာပါ။ မိခင်ဖြစ်သူ ဗစ်တိုးရီးယားကတော့ ခရုဇ်ရဲ့ သီချင်းဆိုနိုင်တဲ့ ပါရမီကို လွန်ခဲ့တဲ့လအနည်းငယ်က သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ “သူဟာ အမြဲတမ်းပဲ ဘောလုံးကစားနိုင်တယ်။ တရက်တော့ ကားနောက်မှာပါလာရင်း သီချင်းဆိုတာကို ကျမ ကြားလိုက်ရတယ်။ အိုး… တကယ်ကောင်းတယ်။ သား သီချင်းတကယ်ဆိုနိုင်တာပဲလို့ ပြောလိုက်တော့ သူပြေးဆင်းသွားခဲ့တယ်” လို့ ပြောပါတယ်။
5 years Ago
Up