ဒေါ့မွန်နောက်ခံလူ ပါပက်စ်သိုပူးလော့စ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ သူ့ရဲ့ဖခင်က အတည်ပြုလိုက်ပါတယ်။
ဂရိလက်ရွေးစင် ပါပက်စ်သိုပူးလော့စ်ကို အာဆင်နယ်နဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ အပြိုင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့လိုတာ ဖြစ်တယ်လို့ ဂရိရေဒီယိုတခုနဲ့ အင်တာဗျူးမှာ သူ့ရဲ့ဖခင်ဖြစ်သူက ပြောကြားခဲ့တာပါ။
လက်ရှိအချိန်မှာ ပါပက်စ်သိုပူးလော့စ်ဟာ လန်ဒန်မှာရောက်ရှိနေပြီး မကြာမီ ရက်ပိုင်းအတွင်း အပြောင်းအလဲတခု ပြုလုပ်တော့မှာဖြစ်တယ်လို့ သူ့ရဲ့ဖခင်က ဆက်ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပါပက်စ်သိုပူးလော့စ်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ချိတ်ဆက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အသက် ၂၉ နှစ်ရှိ ဗဟိုနောက်ခံလူ ပါပက်စ်သိုပူးလော့စ်ဟာ ဂျီနိုအာ၊ အေစီမီလန်၊ ဝါဒါဘရီမင် အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်က ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့လာတာပါ။
အသင်းနဲ့အတူ စုစုပေါင်း ၅ ရာသီအတွင်း ပွဲပေါင်း ၂၀၀ နီးပါး ကစားခဲ့ပြီး ၁၀ ဂိုး သွင်းယူခဲ့ပါတယ်။
5 years Ago